15/08/2026
Visa & Work permit သက်တမ်း (11/12/2026) သက်တမ်းကုန်မဲ့ အဖွဲ့တွေအတွက်
Video လေးတင်ပေးမယ် ပြီရင် ကိုက ဘယ်ချိန် ဘာ
လုပ်မရလဲဆိုတာ သေခြာလေးစဉ်းစားပါ
ထိုင်းရောက် မြန်မာလုပ်သားတွေ အလုပ်လုပ်ခွင့် ၂၀၂၇ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်အထိ သက်တမ်းတိုးပေးမယ်
၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၁၁ ရက် မတိုင်မီ လက်ရှိ အလုပ်လုပ်ခွင့် ဘတ် သက်တမ်းကုန်မယ့် အလုပ်သမားတွေ သက်တမ်းတိုး လျှောက်နိုင်အောင် အလုပ်ရှင်တွေအနေနဲ့ အချိန်မီ ဆောင်ရွက်ပေးဖို့ အလုပ်အကိုင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Somchai Morakotsriwan က တိုက်တွန်းထားပါတယ်။ စာရွက်စာတမ်းတွေကို ကြိုတင်ပြင်ဆင်ထားပြီး သတ်မှတ်ရက်အတွင်း အပြီးဆောင်ရွက်ကြဖို့လည်း အလုပ်ရှင်၊ စီးပွားရေးလုပ်ငန်းရှင်နဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်အကိုင်ဦးစီးဌာနက တိုက်တွန်းထားတာပါ။
ဒီသက်တမ်းတိုး အစီအစဉ်ကို ထိုင်းအစိုးရအဖွဲ့က ဇူလိုင် ၁၄ ရက်မှာ အတည်ပြုခဲ့တာဖြစ်ပြီး ၂၀၂၅ နိုဝင်ဘာ ၁၁ ရက် မူဝါဒအရ ၂၀၂၆ ဒီဇင်ဘာ ၁၁ ရက်မတိုင်ခင် အလုပ်လုပ်ခွင့် ကုန်ဆုံးမယ့် အလုပ်သမားတွေ အကျုံးဝင်မှာပါ။ လက်ရှိ အလုပ်လုပ်ခွင့်နဲ့ ဗီဇာ ၂၀၂၆ ဒီဇင်ဘာ ၁၁ ရက်အထိ သက်တမ်းရှိသူတွေအပြင်၊ အလုပ်လုပ်ခွင့် ရထားပေမဲ့ ၂၀၂၆ ဇူလိုင် ၃၁ ရက်အထိ နိုင်ငံကူးလက်မှတ် (သို့) အစားထိုး စာရွက်စာတမ်း မရသေးသူတွေလည်း အကျုံးဝင်ပါတယ်။ ဒါ့အပြင် နိုင်ငံကူးလက်မှတ် သက်တမ်းကုန်သွားလို့ ထိုင်းမှာ ဆက်နေခွင့် ပျက်ပြယ်သွားသူတွေလည်း သတ်မှတ်ချက်နဲ့ ကိုက်ညီရင် ပါဝင်နိုင်မှာပါ။
သက်တမ်းတိုးဖို့အတွက် အလုပ်သမား၊ အလုပ်ရှင် ဒါမှမဟုတ် တရားဝင် ခွင့်ပြုထားတဲ့ အလုပ်သမားရှာဖွေရေး ကုမ္ပဏီတွေက လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ အွန်လိုင်းကနေ လျှောက်ထားပြီး သတ်မှတ်ထားတဲ့ အခကြေးငွေတွေ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ သက်တမ်းတိုးဖို့ ပထမအဆင့်အနေနဲ့ အလုပ်သမားတွေဟာ ထိုင်းအစိုးရဆေးရုံ (သို့) စနစ်နဲ့ ချိတ်ဆက်ထားတဲ့ လိုင်စင်ရ ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းတွေမှာ သတ်မှတ်ထားတဲ့ ကူးစက်ရောဂါတွေ စစ်ဆေးရပါမယ်။ လူမှုဖူလုံရေး အဖွဲ့ဝင် မဟုတ်သူတွေနဲ့ အခွင့်အရေး စတင်အသက်ဝင်ဖို့ စောင့်ဆိုင်းနေသူတွေဟာလည်း ထိုင်းပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန (သို့) ခွင့်ပြုထားတဲ့ အာမခံကုမ္ပဏီတွေဆညကနေ သတ်မှတ်ကာလအတွက် ကျန်းမာရေးအာမခံ ဝယ်ထားရပါမယ်။ ဒုတိယအဆင့်ကတော့ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ အွန်လိုင်းလျှောက်လွှာကို ၂၀၂၆ ဒီဇင်ဘာ ၁၁ ရက် နောက်ဆုံးထားပြီး တင်ရမှာပါ။ အွန်လိုင်းလျှောက်လွှာစနစ် စတင်ဖွင့်မယ့်ရက်ကိုတော့ အလုပ်အကိုင်ဦးစီးဌာနက ထပ်မံကြေညာပေးမှာပါ။
လျှောက်လွှာကြေးက တစ်ဦးကို ဘတ် ၁၀၀ ဖြစ်ပြီး အလုပ်လုပ်ခွင့်ကြေးက ဘတ် ၉၀၀ ပါ။ ဒီဇင်ဘာ ၁၁ ရက် နောက်ဆုံးနေ့ လျှောက်လွှာတွေကို ညနေ ၄ နာရီခွဲအထိ တင်နိုင်ပြီး အခကြေးငွေတွေကို ည ၈ နာရီအထိ ပေးဆောင်နိုင်ပါတယ်။ ဒါပေမဲ့ မြန်မာလုပ်သားတွေဆီက ကြားခံ ပွဲစားတွေ ဝန်ဆောင်ခ ပိုမိုကောက်ခံနေတာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာတော့ ထည့်သွင်းပြောသွားတာ မရှိပါဘူး။
လျှောက်လွှာတင်ပြီး အခကြေးငွေ ပေးချေထားတဲ့ အထောက်အထားကို အလုပ်လုပ်ခွင့်ရှိကြောင်း ယာယီသက်သေအဖြစ် သုံးနိုင်မှာဖြစ်သလို ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေလည်း သင်္ဘောသား မှတ်ပုံတင်စာရွက် ရယူရာမှာ သုံးနိုင်မှာပါ။ လျှောက်လွှာ အတည်ပြုပြီးရင်တော့ ထိုင်းမှာ နောက်ထပ် ၁ နှစ် (၂၀၂၇ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်အထိ) တရားဝင် အလုပ်လုပ်ခွင့် ရရှိမှာဖြစ်ပါတယ်။ တရားဝင်အလုပ်လုပ်ခွင့်ကတ် မထွက်ခင် စောင့်နေစဉ်မှာလည်း ယာယီအလုပ်လုပ်ခွင့်စာရွက်ကို အထောက်အထားအဖြစ် သုံးနိုင်ပါတယ်။
ဒါပေမဲ့ အလုပ်လုပ်ခွင့် သက်တမ်းတိုးပြီးရင် နိုင်ငံကူးလက်မှတ် (သို့) အစားထိုးစာရွက်စာတမ်း ရယူပြီး ဗီဇာလုပ်ငန်းစဉ်ကို ၂၀၂၇ ခုနှစ် ဇွန် ၃၀ ရက် နောက်ဆုံးထားပြီး အပြီးဆောင်ရွက်ရပါမယ်။ ၂၀၂၆ ဩဂုတ် ၁ ရက်နောက်ပိုင်းမှ နိုင်ငံကူးလက်မှတ် ရရှိသူတွေကတော့ စာအုပ်ထုတ်ပေးတဲ့နေ့ကစလို့ ရက် ၉၀ အတွင်း ဗီဇာလုပ်ငန်းစဉ် ပြီးစီးအောင် လုပ်ရမှာဖြစ်ပြီး ဘယ်လိုပဲဖြစ်ဖြစ် ၂၀၂၇ ဇွန် ၃၀ ထက် နောက်မကျရဘူးလို့ သတ်မှတ်ထားပါတယ်။
အသေးစိတ်ကိုတော့ ဘန်ကောက်က Employment Office Area 1 ကနေ 10 အထိ၊ ထိုင်းနိုင်ငံတစ်ဝန်းက ပြည်နယ်အလုပ်အကိုင်ရုံးတွေ ဒါမှမဟုတ် အလုပ်အကိုင်ဦးစီးဌာနရဲ့ ဖုန်းနံပါတ် 1506 (လိုင်းခွဲ 2) ကနေတစ်ဆင့် မေးမြန်းနိုင်ကြောင်း အလုပ်သမားကြေညာထားပါတယ်။