12/11/2025
ဟဝ်သေနော ပအိုဝ်းမဥ်းပါဖျင်နမ်းနော်
"ကျားဖြန့် လုပ်ရတာ မရှက်ကြတော့တဲ့ လူငယ်တွေ"
"ဒါက မင်းတို့ မရနိုင်တဲ့ ဘဝတွေ" လို့ ခေါင်းစဉ်တပ်ပြီး ဒေါ်လာနဲ့ ထိုင်းဘက် ငွေသားတချို့ကို ကြွားလုံး ထုတ်နေတဲ့ TikTok ပေါ်က ဗီဒီယိုတစ်ပုဒ်ကို မြင်တွေ့ခဲ့ရဖူးပါတယ်။
တင်တဲ့သူက ကရင်ပြည်နယ် မြဝတီနေရာတခုမှာ ကျားဖြန့်လုပ်နေတဲ့ သူတစ်ဦးပါ။
"ဝန်ထမ်းဘဝဆိုရင် တလ (၃)သိန်းလောက်ပဲ ရမယ်။ အခုတော့ ဒီမှာ ငွေရှာရင်း မိဘကိုလည်း ထောက်ပံနိုင်သလို ရွာမှာ အိမ်နဲ့ ခြံနဲ့ ဝယ်နိုင်နေကြပြီ" လို့ ဆော်ဩကြွားလုံးထုတ်သူကလည်း ကျားဖြန့်လုပ်ဖို့ အလုပ်ခေါ်နေတဲ့ HR လို့ ခေါ်တဲ့ အမျိုးသမီးတစ်ဦးရဲ့ စကားပါ။
အလုပ်တွေ ကြိုးစားရှာဖွေနေတယ် ဆိုတဲ့ မြန်မာဝတ်စုံ ဝတ်ပြီ ကထိန်ခင်းနေတဲ့ အမျိုးသမီးရဲ့ အလုပ်ဟာ ကျားဖြန့်လုပ်ငန်း ဖြစ်နေတာလည်း တွေ့ရပြန်တယ်။
နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ KK Park ကနေ ထွက်ပြေးလာရတာကို ဒုက္ခ ဘယ်လိုရောက်ရကြောင်း အားပါးတရ မျှဝေနေသူက ကမ္ဘာတဝှမ်းလိမ်လည်နေတဲ့ အမျိုးသမီးငယ်တစ်ဦးပါ။
သူ့ ဒုက္ခကို ပြောပြနေပေမယ့် သူတို့ကြောင့် ငွေကြေးများစွာ ဆုံးရှုံး၊ ဒုက္ခရောက်နေသူတွေကိုတော့ ဥပက္ခာ ပြုထားဟန် တူပါတယ်။
ဒီမြင်ကွင်းတွေဟာ Social ပေါ်မှာ မမြင်တွေ့ချင်အဆုံး မြင်နေရတဲ့ မြင်ကွင်းပါ။
နောက်ဆုံးပေါ် ဖုန်းအသစ်တွေကိုင်၊ ဇိမ်ခံကားတွေပေါ် လိုက်ပါနေတဲ့ မော်ဒယ် ခေါ် ကျားဖြန့်ခေါ်သူတွေ အများစုဟာလည်း တရုတ်သူဌေးတွေရဲ့ အဖော်အရံ အဖြစ် ဂုဏ်ယူနေကြပါတယ်။
ရှမ်းမြောက်ဒေသမှာတော့ သူဌေးနောက်လိုက် ဆိုပြီး လက်နက်ကိုင် ပြည်သူစစ်တွေ ရှိခဲ့သေးပေမယ့် ကရင်ပြည်နယ်၊ မြဝတီမှာတော့ BGF တွေကပဲ လုပ်ဆောင်နေပုံ ရပါတယ်။
ဘာကြောင့်ဆို ကရင်ပြည်နယ်ရောက် ကျားဖြန့် သူဌေးတွေဟာ အဆောင်အယောင်တွေနဲ့ မိန်းခလေးငယ်တွေသာ ဘေးမှာ ခြံရံပြီး နေကြလေ့ ရှိပါတယ်။
နောက်ဆုံး စကားပုံတောင် ထွက်လာပါတယ်။
"ကရင်စီးတဲ့ ဆိုင်ကယ်၊ တရုတ်သုံးတဲ့ မိန်းမ ယူကို မယူနဲ့ "ဆိုတဲ့ စာချိုးဟာ လွယ်လွယ် ပြန့်လာတာတော့ မဟုက်ပါ။
ငွေရှာမယ် ဆိုတဲ့ အယူအဆဟာ ကျားဖြန့်လို ကဏ္ဍထဲ ဝင်ရောက်သွားတဲ့အခါ လိမ်လည်တယ်ဆိုတာ ပုံမှန် ဖြစ်လာနေတာပါ။
ကရင်ပြည်နယ်ထဲ ကျားဖြန့်လုပ်ဖို့ သွားကြတဲ့ သူအများစုဟာ လူငယ် လူရွယ်တွေ ဖြစ်နေတာက စိုးရိမ်စရာ အကောင်းဆုံးပါ။
တိုင်းပြည်ထဲ လိမ်လည်လှည့်ဖျားတာဟာ ပုံမှန် အလုပ်လို့ ယူဆလာကြရင် ဒီတိုင်းပြည် ပျက်ယွင်းလာတာပါပဲ။
အခုချိန်ထိလည်း ကျားဖြန့် လို့ ခေါ်တဲ့ လိမ်လည်တဲ့ လုပ်ငန်းတွေကို ပြင်းပြင်းထန်ထန် ဖြိုခွင်းတာ မရှိသေးပါဘူး။
KK Park ကို ဖျက်စီးပြနေတာက တကယ်တော့ အသိုက်တခုကို ဟန်ပြဖြို့ချပြရုံ သပ်သပ်ပါ။
လူသားအရင်းအမြစ် ရှိနေသေးသရွှေ့ ဒီကျားဖြန့်လုပ်ငန်းတွေဟာ ဘယ်နေရာ ရောက်ရောက် လုပ်လို့ ရနေပါတယ်။
KK Park ဖြစ်စဉ် ပြီးတဲ့နောက် ကျားဖြန့်တွေဟာ ရုံးကနားနဲ့ မဟုက်တော့ပဲ Work for Home တောင် လုပ်နေကြပြီ လို့ ဆိုတာမို့ ကျားဖြန့်လုပ်ငန်းတွေဟာ ညင်းပန်းနှိတ်စက်ပြီး ကျွန်လို စေခိုင်းခံရတဲ့ နေရာမဟုက်တော့ပဲ အလိုတူ အလိုပါ လုပ်နေကြတာ ဖြစ်လာပါပြီ။
ရှမ်းမြောက်မှာ ကျားဖြန့်တွေ ခေတ်ထစဉ်က မြန်မာတွေ အငြင်းပန်းခံရကြောင်း သတင်းထွက်လာပြီးတဲ့နောက်မှာ မြန်မာဆိုရင် နှိပ်စတ်တာ မလုပ်တော့ဘူး လို့ သိလာရတယ်။
အထူးသဖြင့် ကရင်ပြည်နယ် နေရာတခုမှာ BGF ဝတ်စုံ ဝတ်ထားတဲ့ သူ နှစ်ဦးလောက်က ကျင်စက်တို့ပြီး နှိတ်စက်တဲ့ ဗီဒီယို ထွက်လာပြီး နောက်ပိုင်း ကျားဖြန်တွေဟာ အမြင်ပြောင်းလာပါတယ်။
လူတွေကို မနှိတ်စက်တော့ပဲ အခကြေးငွေ တိုးမြင့်ပေးလိုက်တာပါ။
ပြီးခဲ့တဲ့ သုံးလေးလအတွင်း လေ့လာမိသမျ ကျားဖြန့်လုပ်ငန်းတွေမှာ လုပ်ရင် အနည်းဆုံး ဘက်(၂)သောင်းကနေ (၁)သိန်းအထိ ဝင်ငွေ ရရှိနိုင်ပါတယ်။
ဒါက မြန်မာငွေ ကျပ်(၂၅)သိန်းဝန်းကျင်ကနေ သိန်း(၁၂၀)အထိ ရနိုင်ပါတယ်။
တချို့ ကျားဖြန့်ဆိုဒ်တွေက မြန်မာလို တိုက်ရိုက်ခေါ်ပြီး ကျပ်သိန်း(၄၀)လို့ ပြောဆိုထားကြပါတယ်။
ရန်ကုန်လို ပြည်တွင်းမှာ ဘွဲ့ရ အရောင်းစာရေး ဝန်ထမ်းတစ်ဦးရဲ့လစာဟာ ကျပ်(၃)သိန်းကနေ (၅)သိန်းအထိ အများဆုံးပါ။
ဆူပါဗိုက်ဆာ အဆင့်ဆို ကျပ်(၅)သိန်းကနေ (၇)သိန်းဝန်းကျင်ပါ။
မန်နေဂျာ အဆင့်တောင် ကျပ်(၁၀)သိန်း ဝန်းကျင်ပဲ ရတာပါ။ ဆိုတော့ ဒီအချက်တွေ ကြည့်ရင် ကရင်ပြည်နယ် မြဝတီဂွင်ထဲက ကျားဖြန့်တွေရဲ့ လစာဟာ (၄)ဆကနေ (၁၅)ဆအထိ ပိုများနေပါတယ်။
ပြီးတော့ သူတို့ရဲ့ အဓိက လိုအပ်ချက်က Typing skill နဲ့ အွန်လိုင်းပေါ်ကနေ စကားပြောဆိုတက်ဖို့ပါ။ စကားပြောဆိုတက်ဖို့ တရုတ်စာနဲ့ အင်္ဂလိပ်စာက အဓိက ဖြစ်ပြီး တရုတ်စာ ရရင် ပိုပြီး ဝင်ငွေ ကောင်းပါတယ်။
အခုနောက်ပိုင်း ကျားဖြန့်သူဌေးတွေဟာ ရှမ်းမြောက်တုန်းကလို ကိုယ်ပိုင် တပ်တွေ မရှိကြတော့ ငြင်းပန်းနှိတ်စတ်တာ သိပ်မလုပ်နိုင်ကြတော့ဘူး။
ကရင်ပြည်နယ်တကြော့မှာ လက်နက်ကိုင်တွေ များစွာရှိပြီး ရှမ်းမြောက်လို ကိုယ်ပိုင် လက်နက်ကိုင်အဖွဲ့ ဖွဲ့လို့ မရပါဘူး။
ဒီတော့ ကျားဖြန့်ဝန်ထမ်းတွေကို ဆုပေးဒါဏ်ပေးစနစ် သုံးသလို ဝင်ငွေခွဲပေးတာမျိုး လုပ်ပါတယ်။ အထူးသဖြင့် မြန်မာလူငယ်တွေကို မတ်လုံးပေးရာမှာ ဒီနည်းလမ်း သုံးပါတယ်။
ဆိုတော့ အပေါ်ဆုံးမှာ ရေးခဲ့တဲ့ အတိုင်း မင်းတို့ မရနိုင်တဲ့ ဘဝ တွေဆိုပြီး ဂုဏ်ယူလာနေကြတာပါ။
KK Park ကနေ ထွက်ပြေးကြတဲ့ ကျားဖြန့်လုပ်နေတဲ့ လူငယ်များစွာရဲ့ Social media တွေကို ဝင်လေ့လာတဲ့အခါ နောင်တမရကြသလို နေရာအသစ်ကို ထပ်ရွှေ့နေကြတာပဲ ရှိကြပါတယ်။
အများစုဟာ သမာအာဇီဝ လုပ်ရင် မဖြစ်စလောက် ငွေကြေးသာ ရနိုင်ပြီး ကျားဖြန့်လုပ်နိုင်ရင် ငွေကြေးစုဆောင်းနိုင်မယ် လို့ ယုံကြည်နေကြတာပါ။
တကယ်လည်း ကျားဖြန့်လုပ်တဲ့ လူငယ်အများစုဟာ ဇိမ်နဲ့ နေထိုင် ကြွားဝါနိုင်သလို ငွေလည်း စိတ်တိုင်းကျ သုံးနိုင်ပါတယ်။
အချို့ဆို မိမိတို့ မြို့ရွာတွေမှာ အိုးအိမ်၊ ကား၊ဆိုင်ကယ် အထိတောင် ဝယ်နိုင် စုဆောင်းနိုင်နေကြပါပြီ။
နယ်ဖက်သာမက ရန်ကုန်လို မြို့ပေါ်မှာပါ ကျားဖြန့်လုပ်နေသူတွေ ပြန်ရောက်ရင် သူဌေးလို သုံးနိုင်မှုက အားကျစရာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်တွေ အနာဂါတ်ပျောက်ပြီး ဝင်ငွေနှိမ့်ကျလာခြင်းကလည်း ကျားဖြန့်တွေထဲ ဝင်တိုးဖို့ ဖိအားဖြစ်လာစေခဲ့တာပါ။
နောက် သုံးလေးနှစ်ဆိုရင် ကျားဖြန့်ကနေ လူတွေကို ဘယ်လို လိမ်လည်နိုင်ကြောင်းကိုတောင် လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်တွေမှာ မြိန်ရည် ရှက်ရည် ပြောဆိုကြတော့မယ့် သဘောပါ။
ပြောရရင် မြန်မာလူငယ်တွေရဲ့ စိတ်ထဲမှာ ကျားဖြန့်ဆိုတာ မကောင်းတဲ့ အလုပ်၊ လိမ်လည်တဲ့ အလုပ်ဆိုတာထက် အားသူ ခံ၊ လည်သူ စားစတမ်း ဆိုပြီး ငွေရှာကောင်းတဲ့ အလုပ်အဖြစ် တဖြေးဖြေး လက်ခံနေကြတာပါ။
ဒါက တကယ့်ကို ကြောက်စရာကောင်းပြီး မြန်မာ့လူပါတ်ဝန်းကျင်ကို ချိန်းခြောက်လာနေတဲ့ စိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှု ဖြစ်လာတယ်။
အာဏာသိမ်းခြင်းရဲ့ ဆိုးကျိုးတွေထဲက တခု ဖြစ်လာတဲ့ ကျားဖြန့်တွေ ပေါပေါသီသီ များလာခြင်းနဲ့ လူငယ်တွေ ဆင်းရဲသွားခြင်းက ပိုဆိုးဝါးလာစေပါတယ်။
လက်ရှိ ကရင်ပြည်နယ်၊ မြဝတီတကြောမှာ လုပ်နေတဲ့ ကျားဖြန့်တွေမှာ လူငယ် ယောင်္ကျားလေးကော၊ မိန်းခလေးတွေကော ရှိပါတယ်။အထူးသဖြင့် မိန်းခလေးတွေဟာ Social ပေါ် တက်တက်ကြွားကြသလို လူခေါ်ဖို့ လုပ်ပြကြရတာလည်း ပါပါတယ်။
အမြဲ ဘားထိုင်မယ်။ နောက်ဆုံးပေါ် ဖုန်းတွေ ကိုင်ပြမယ်။ ဇိမ်ခံ ပစ္စည်းတွေ သုံးပြမယ်။ သူဌေးလို နေရတဲ့ အိမ်တွေကို ကြွားဝါမယ်။
ဒါတွေဟာ ကျားဖြန့်လုပ်ရာကနေ ရလာတာ လို့ မတ်လုံးပေးပြီး လိမ်လည်မှုဆိုတာ ပျောက်ကွယ်စေပါတယ်။
အဆိုးဆုံးက တရုတ်သူဌေးတွေရဲ့ အပျော်မယား ဖြစ်လာကြတာ ရှိသလို ငွေနောက် လိုက်ကြရင် ပြည့်တန်ဆာ ဖြစ်မှန်းမသိ ဖြစ်လာကြတာပါ။
တရုတ်ကျားဖြန့်လုပ်ငန်းရှင်တွေဟာ လိင်ပိုင်းဆိုင်ရာအတွက် ငွေကြေးအလွန်အကျွံ သုံးတက်ကြသလို ရမ္မတ်စိတ်ဖြေရာမှာလည်း ငွေသုံးပြီး အလွန်အကြူးတွေ လုပ်တက်ကြပါတယ်။ဒါကြောင့်လည်း "တရုတ်သုံးတဲ့ မိန်းမ" ဆိုပြီး စကားပုံ ပေါ်ထွက်နေတာပါ။
ကျားဖြန့်လုပ်ငန်းတွေဟာ လိမ်လည်မှု လုပ်ငန်း အဖြစ်သာ မဟုက်ပဲ မြန်မာလူမှုအသိုက်အဝန်းကို ဆုတ်ယုက်ပျက်စီးနေစေပါတယ်။
လူငယ်တွေ လမ်းမှားရောက်နိုင်တဲ့ အလွယ်ဆုံး နည်းလမ်းဖြစ်နေသလို အကျင့်ဖြစ်လာရင် ပြည်တွင်းမှာပါ လိမ်လည်မှု ကျူးလွန်လာကြတာပါ။
သိရှိရသလောက် ပြည်တွင်းကို ဦးတည်လိမ်လည်နေတဲ့ ကျားဖြန့်အလုပ်တွေဟာ မြန်မာလူငယ်တွေကပဲ ဦးဆောင်ပြီး လိမ်လည်နေကြတာ ဖြစ်ပါတယ်။ တရုတ်ကျားဖြန့်သူဌေးတွေဟာ တရုတ်၊ အမေရိကန် နဲ့ ဥရောပတို့ကို အဓိက လိမ်ကြတာပါ။
ဒီလို လုပ်ငန်းတွေမှာ နှစ်များစွာ လုပ်ကိုင် အတွေ့အကြုံ ရှိလာကြတော့ တချို့ မြန်မာတွေဟာ ပြည်တွင်းကို လိမ်ဖို့ ဖန်တီးတည်ဆောက်လာနေကြတာပါ။
ကျားဖြန့်ဆိုတာ ငွေကြေးအလွယ်တကူ ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် သုံးတဲ့ စက်ပစ္စည်း တန်ဖိုးကြီးမားနေပါစေ ဝယ်ယူအသုံးပြုနေကြတာပါ။
ပြောရရင် လက်ရှိ KK Park ကို အကုန်ဖျက်စီးသည့်တိုင် ကျားဖြန်လုပ်ငန်းတွေဟာ ပျက်ယွင်းမသွားပါဘူး။ ဒီအဆောက်အဦးတွေဟာ ကျားဖြန့်ကနေ ရတဲ့ ငွေနဲ့ တည်ဆောက်ကြတာ ဖြစ်လို့ နောက်ထပ် နောက်ထပ် KK Park လို နေရာ များစွာ ဖန်တီးနိုင်ကြပါတယ်။
ဘာကြောင့်လည်းဆိုရင် လူသားအရင်းအမြစ်တွေ ရှိနေသေးသရွှေ့၊ လုံခြုံတဲ့ နေရာတခုမှာ ဆက်လုပ်နိုင်သရွေ့ ကျားဖြန့်တွေ ပြန်တည်ဆောက်လို့ ရပါတယ်။
ပြီးတောါ လိမ်လည်လို့ ရတဲ့ ငွေကြေးအများစုကို Crypto လို ငွေကြေးတွေအဖြစ် သိမ်းထားတက်ကြသလို ပြောင်းလဲရ လွယ်တဲ့ နေရာတွေ၊ ပစ္စည်းတွေအဖြစ် ဖန်တီးထားကြပါတယ်။
ကရင်ပြည်နယ်က ကျားဖြန့်တွေဟာ ထိုင်းငွေကြေးနဲ့ ဘဏ်အကောင့်တွေကို သုံးကြပုံလည်း ရတာကြောင့် ထိုင်းအစိုးရက ဘဏ်စနစ်တွေကို အသေအချာစောင့်ကြည့်နေသလို ကျားဖြန့်တွေဆိုရင် ပိတ်ပစ်တာတွေ လုပ်နေတာပါ။
ပြောရရင် ကျားဖြန့်လုပ်ငန်းတွေနဲ့ ပါက်သက်ပြီး Social media တွေမှာ ပျော်ပျော်ကြီး ဝင်လုပ် ကြွားနေကြသူတွေ အများကြီး ရှိနေတာ အံဩစရာပါ။
အများစုဟာ KK Park ကနေ ထွက်ပြေးတဲ့ အချိန်ကြမှ ကျားဖြန့်လုပ်နေသူတွေဆိုတာ သိရသလို သူတို့ တင်ခဲ့တဲ့ ဗီဒီယိုတွေ အများစုမှာ ငွေကြေးတွေ သုံး၊ အကောင်းစားဖုန်းတွေ၊ ကားတွေ ဆိုင်ကယ်တွေ ကိုင်ပြနေကြတာပါ။
ကျားဖြန့်လုပ်နေတဲ့သူတွေ ကထိန်းခင်းတဲ့ ပုံရိပ်တွေ မြင်ရတာလည်း တကယ်ကို ထိတ်လန့်စရာကောင်းနေပါတယ်။
နောက်ပြီး KK Park လို ဝန်းထဲမှာ ဘုန်းကြီးကျောင်းတွေ တည်ဆောက်ထားတဲ့ ပုံရိပ်တချို့လည်း ရှိနေပါတယ်။
ပြောရရင် မြန်မာ့လူနေမှု အကျင့်နဲ့ ပါတ်ဝန်းကျင် ဓလေ့ကိုက ခိုးတာ၊ လိမ်လည်တာ မကြိုက်ကြတဲ့ သဘာဝ ရှိပါတယ်။
သို့သော် ကျားဖြန့်လို လိမ်လည်တဲ့ လုပ်ငန်းတွေဟာ စိမ့်ဝင်လာတာကတော့ တကယ့်ကို ဝမ်းနည်းစရာပါ။
ဒါကလည်း နိုင်ငံကို ဦးဆောင်သူတွေကိုယ်တိုင် မကောင်းတာ ကျုးလွန်၊ ကိုယ်ကျိုးစီးပွားအတွက် လိမ်ကြ၊ ခိုးကြတာ ရှိနေတာမို့ လူငယ်တွေကလည်း ငါတို့ ဒီလို လိမ်တာ ရှက်စရာ မဟုက် လို့ မြင်လာကြတဲ့ ပုံပါပဲ။
လိမ်လည်တာဟာ ရှက်စရာ မဟုက်ဘူး၊ အလုပ် တခု လို့ ယူဆလာကြနေတဲ့ အသိုင်းအဝိုင်း ဖြစ်လာအောင် ကျားဖြန့်က ဖန်တီးနေပါတယ်။ ဒါကို အခုချိန်ကတည်းက ကာကွယ် တားဆီးကြဖို့ လိုပါတယ်။
ဘာသာရေးအသိုင်းအဝိုင်းတွေမှာလည်း ကျားဖြန့်ဆိုတဲ့ အလိမ်လုပ်ငန်းတွေကို ထိထိမိမိ ဟန့်တားဖို့ နှိုးဆော်ကြဖို့လည်း လိုပါတယ်။
သို့မဟုက်ရင် နှစ်အနည်းငယ်အတွင်း "လိမ်လည်တာ၊ လူလိမ်တွေဟာ အပြစ်မရှိဘူး" လို့ ယူဆသွားကြပါလိမ့်မယ်။