14/11/2025
အာဏာသိမ်း စစ်တပ်က KK Park ကို အယောင်ပြ ဖြိုခွင်းပြနေပေမဲ့လည်း အမေရိကန်ရဲ့ ထုတ်ပြန်ချက်ထဲမှာ နှိမ်နင်းမဲ့အထဲ KK Park ကိုပါ ထည့်ထားတာ တွေ့တယ်။ ခု ထိုင်းကို FBI တွေ စေလွှတ်မယ်လို့ တရားဝင် ထုတ်ပြောလာတယ်။ စေလွှတ်မယ်လို့ ပြောပေမဲ့ ရောက်တောင် ရောက်နေလောက်ပါပြီ။
ကိုယ့်ရပ်ကိုယ့်ရွာ မိုင် ၃၀ ပတ်ချာလည် အကျယ်အဝန်းထဲမှာ ဘုရားတည် ကျောင်းဆောက် အလှူကြီးပေးနေပေမဲ့ နိုင်ငံတကာသတင်းတွေမှာ ‘ဗိုလ်မှူးကြီး စောချစ်သူ’ ဆိုတဲ့နာမည်၊ BGF ဆိုတဲ့နာမည်၊ ခုဆိုရင် DKBA ဆိုတဲ့နာမည်က မမြင်ချင်မှ အဆုံး နာမည်ဆိုးနဲ့ ကျော်ကြားနေပြီ။
BGF, DKBA ထဲ က မိသားစုဝင်တွေ၊ သူတို့ဘေးက လက်ထောက်တွေ၊ ဓာတ်ပုံရိုက်ပေးသူတွေ၊ သူတို့ရဲ့ အခမ်းအနားပွဲစီစဉ်သူတွေ၊ MC တွေကို မနှစ် ၂၀၂၄ နှစ်လယ်လောက်ကတည်းက တောက်လျှောက်စောင့်ကြည့်ခဲ့တယ်။ သူတို့တောက်လျှောက်ပြောလာတဲ့ လေသံက တခွန်းတည်းပါ။ "ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဒေသ ကောင်းစားဖို့ပဲ အရေးကြီးတယ်" ဆိုတာပါပဲ။
ဒီလေသံ၊ ဒီအမြင်က အာဏာသိမ်း စစ်တပ်ကို 'မျက်စိမှိတ်' ထောက်ခံကြသူတွေနဲ့ တလေသံတည်းပါ။ လက်အုပ်ကလေးချီပြီး ထီးတော်တင်၊ ရေစက်ချ၊ ဖွင့်ပွဲတွေလုပ်နေတဲ့ အဘတွေက ကိုယ့်အိမ်၊ ကိုယ့်ရပ်ကွက်အတွက် မီးမှန်အောင် လုပ်ပေးနေရင် ရပြီလို့ တွေးကြတဲ့ပုံစံပါပဲ။ ကိုယ့် တကိုယ်စာကောင်းစားရေး၊ ကိုယ့်အဝန်းအဝိုင်းလေး ငြိမ်းချမ်းနေရင် ရပြီ ဘာမှ မလိုဘူးလို့ တွေးကြတာ။
တကယ်က ဒီလူတွေလုပ်လို့ မြန်မာဆိုတဲ့ နာမည်ဟာ ကမ္ဘာမှာ ရစရာမရှိတော့ဘူး။ မြန်မာနိုင်ငံသားလို့ ပြောလိုက်တာနဲ့ နှိမ့်ချခံရတာ ရစရာမရှိတော့ဘူး။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဆိုတဲ့စကားလုံးနဲ့ မြန်မာစစ်တပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆိုတဲ့ နာမည်က နိုင်ငံတကာ မျက်နှာစာမှာ စုတ်ပြတ်သတ်နေပြီ။
ဒါပေမဲ့ ကိုယ့်အဝန်းအဝိုင်းလေးထဲ ကျေနပ်ပြီး ကိုယ့်မျက်တောင်တဆုံးပဲ မြင်ကြတော့တာ။
(ဓာတ်ပုံ - နွားများဖြတ်သန်းသွားလာသည့် လမ်းဟု အဓိပ္ပါယ်ရသည့် ဆိုင်းဘုတ်တခု)