A Poly Student from Myanmar

A Poly Student from Myanmar :3

FYIIII
30/03/2024

FYIIII

Singapore မှာ ကျောင်းတက်မယ်ဆိုရင် တစ်လအသုံးစရိတ် ဘယ်လောက်ကုန်မလဲ? 💵

တစ်လအသုံးစရိတ် (Living expenses) ကို ပြောရမယ်ဆိုရင်တော့ အခြေခံလိုအပ်ချက်တွေအတွက် ကုန်ကျငွေဖြစ်တဲ့ နေထိုင်မှုစရိတ်နဲ့ စားသောက်စရိတ်တွေအပြင် နေ့စဥ်ဘဝမှာ ကုန်ကျနိုင်တဲ့ transportation fees၊ internet feesနဲ့ အခြားလိုအပ်တဲ့နေရာမှာ အသုံးပြုရတဲ့ စရိတ်တွေ စုစုပေါင်းပြီး တွက်ရမှာဖြစ်ပါတယ်။

(၁) Singaporeမှာ အိမ်ခန်းငှါးရင် ဘယ်လောက် ကုန်ကျမလဲ?🏘

Singapore မှာ အခန်းငှါးမယ်ဆိုရင်တော့ ကိုယ်နေမယ့် နေရာပေါ်မူတည်ပြီး စျေး အနည်းအများ ကွာခြားနိုင်ပါတယ်။ အကြမ်းအားဖြင့်တော့ MRT အနီလိုင်းနားက အခန်းတွေက အစိမ်းလိုင်းနားက အခန်းတွေထက် အနည်းငယ် သက်သာတတ်တာ တွေ့ရပါတယ်။ ဒါပေမယ့် ကိုယ်နေမယ့် တိုက်အမျိုးအစား (condo or HDB flat)၊ အခန်း type (common room or master-bed room) စတာတွေ ပေါ်မှာလည်း မူတည်ပါတယ်။

ပျမ်းမျှအားဖြင့် တစ်ခန်းမှာ နှစ်ယောက်နေမယ်ဆိုရင်တော့ တစ်ယောက်ကို $600-650 လောက်ကနေ $750-800 လောက်အထိ ရှိတတ်ပါတယ်။ တစ်ခန်းတည်းမှာ ကိုယ်တစ်ယောက်တည်း နေမယ်ဆိုရင်တော့ အခန်းဖော်နဲ့ share လုပ်ပြီး နေတာထက် အခန်းခပိုများပါတယ်။

Singapore က အိမ်ခန်းတွေ အကြောင်းကိုတော့ Post သီးသန့် ထပ်တင်ပေးပါ့မယ်ဗျ🔔။

(၂) Singapore မှာ စားသောက်စရိတ် ဘယ်လောက် ကုန်ကျနိုင်မလဲ? 🍱

စားသောက်စရိတ်ကို တွက်မယ်ဆိုရင်တော့ ချက်စားတာနဲ့ ဝယ်စားတာဆိုပြီး နှစ်မျိုးခွဲကာ တွက်ချက်နိုင်ပါတယ်။ အိမ်မှာ ကိုယ်တိုင်ချက်စားတာက အပြင်ဆိုင်တွေမှာ ဝယ်စားတာထက်စာရင်တော့ ငွေကြေးအကုန်အကျ အများကြီးပို သက်သာပါတယ်။

🥡🥢 အပြင်ဆိုင်ကနေ ဝယ်စားမယ်ဆိုရင်တော့ စားတဲ့အစားအစာနဲ့ ဆိုင်အမျိုးအစား အပေါ်မူတည်ပြီး စျေးအမျိုးမျိုး ရှိပါတယ်။ အကြမ်းဖျဥ်းအနေနဲ့ ထမင်းတစ်နပ်ကို $4-5လောက် ကုန်ကျမယ်ဆိုရင် (တစ်နေ့) သုံးနပ်စာအတွက် $10-15 လောက် ရှိနိုင်ပါတယ်။ သုံးနပ်စာ $15 နဲ့ကို အဆင်ပြေပါတယ်။

တစ်လ (ရက် 30 စာ) အတွက် ဆိုရင်တော့ $300 - 450 ဝန်းကျင်လောက် ကုန်ကျပါမယ်။ တစ်ခါတလေ သူငယ်ချင်းတွေနဲ့ မုန့်သွားစားတာ၊ ဒါမှမဟုတ် snack တွေ ဝယ်စားမယ်ဆိုရင် ပျမ်းမျှ $300-480 လောက် ကျနိုင်ပါတယ်။

🧑🏻‍🍳🍴 ကိုယ်တိုင် အိမ်မှာချက်စားမယ် ဆိုရင်တော့ တစ်ရက် ဆန်တစ်ဘူးနှုန်းနဲ့ စားမယ်ဆိုရင် 5 kg (၂ ပြည်ခွဲခန့်) ဆန်တစ်အိတ်ကို ရက်နှစ်ဆယ်စာ ခံပါတယ်။ ထို ၂ ပြည်ခွဲ ဆန်တစ်အိတ်က $8 ကနေ $18 range အထိ ရှိပါတယ်။ ဆီဆိုရင်လည်း 2 L ဘူးကို $5 ကနေ $13 လောက် အထိ ရှိပါတယ်။ 2 L တစ်ဘူးဆိုရင် တစ်လ ခံပါတယ်။

အသားငါးတွေ 🥩ဆိုရင်လည်း ကြက်သား 1kg > $7၊ ဝက်သား 200 g > $5-10၊ အမဲသား 500g > $12- 20 လောက် ရှိပါတယ်။ ကြက်သား 1kg ဆိုရင် တစ်ယောက်တည်း နှစ်ရက်၊သုံးရက်လောက် စားလို့ရပါတယ်။ ဟင်းသီး ဟင်းရွက်၊ အသားငါးတွေလည်း ကိုယ့်ဟာကို ဝယ်ချက်ပြီး ကြော်စားမယ်ဆိုရင် တစ်လကို $200 နဲ့ $300 ကြားပဲ ကုန်ကျမှာ ဖြစ်ပါတယ်။

တကယ်လို့ ဒီ့ထက် ပိုသက်သာချင်တယ်ဆိုရင်တော့ မြန်မာနိုင်ငံကနေ အခြောက်အခြမ်းတွေ ထည့်လာပြီး စားလို့လည်း ရပါတယ်။ အဲ့တာဆိုရင်တော့ $200 လောက်နဲ့ တစ်လလောက်ပါတယ်။

(၃) အထွေအထွေ အသုံးစရိတ်ကရော ဘယ်လောက် ကုန်လဲ? 💵

1. Phone Bill (or) Internet Bill

ဒီမှာ ကျွန်တော်သိတဲ့ ဖုန်း sim card တွေက ပိုက်ဆံ မထည့်တာ သုံးလလောက် ကြာသွားရင် ကတ်ပိတ်သွားတာမျိုး ရှိတတ်ပါတယ်။ အဲ့တာကြောင့် အကယ်၍ ကိုယ်က ကျောင်းရော အိမ်မှာပါ Wifi ရပေမယ့်လည်း phone sim card မပိတ်သွားအောင် အနည်းဆုံးတော့ တစ်လကို 10$ လောက် ဖြည့်ပေးရပါတယ်။

ကိုယ်နေတဲ့ အိမ်မှာ Wifi မရှိဘူးဆိုရင်တော့ internet package ဝယ်သုံးရပါမယ်။ ကျွန်တော်ကတော့ Heya ဆိုတဲ့ sim card ကို သုံးပါတယ်။ သူက 100GB (One month package) ကိုမှ $10 ပဲပေးရတာပါ။ အကယ်၍ ကိုယ်က game မဆော့ဘူး၊ ရုပ်ရှင်တွေ မကြည့်ဘူးဆိုရင်တော့ 1 လ 100 GB က လောက်ပါတယ်။ ဒါမှမဟုတ် ကိုယ်က သုံးတာများမယ်ဆိုရင် 2 လကို 100 GB 3 ခါလောက် ဝယ်ဖြည့်ရပါတယ်။

2. Transportation Fees 🚃

ဒီမှာက public transportation တွေ အနေနဲ့ MRT ရထား နဲ့ Bus တွေ ရှိပါတယ်။ Fees ကိုတော့ အကွာအဝေးအပေါ် မူတည်တွက်ချက်ပါတယ်။ ပုံမှန် fees ဆိုရင်တော့ MRT Station ထဲ ဝင်လိုက်ပြီဆိုတာနဲ့ $0.99 ဖြတ်ပါတယ်။ ဒါပေမယ့် ကိုယ့်က poly ကျောင်းသား ဖြစ်သွားပြီဆိုရင်တော့ Student Concession Card လျှောက်လို့ရပါတယ်။

Student Concession Card ဘယ်လိုလျောက်ရလဲဆိုတဲ့အကြောင်းကိုလည်း Post သီးသန့် ထပ်တင်ပေးပါ့မယ်ဗျ🔔။

Student Concession Card နဲ့ ဆိုရင်တော့ $0.99 မပေးရတော့ဘဲ $0.48 ပဲ ပေးရပါတော့တယ်။ Bus ဆိုရင်လည်း အတူတူ ထိုနည်း၄င်းပါပဲ။ ဒါ့အပြင် ကိုယ်သွားမဲ့နေရာကို ရောက်ဖို့ MRTအပြင် bus ပါ တစ်ဆင့်ထပ်စီး ရတယ်ဆိုရင် MRT ဖိုး နဲ့ Bus ဖိုး သက်သက်စီ ပေးစရာမလိုဘဲ နှစ်ခုပေါင်း distance ကို တွက်ပြီးပဲ ဖြတ်ပါတယ်။

ကိုယ်က အပြင်သွားတာ များတဲ့သူဆိုရင်တော့ Train pass နဲ့ Bus pass ဆိုပြီး ဝယ်ထားလို့ ရပါတယ်။ Train pass က $26.5 ရှိပြီး ဒါကို ဝယ်ထားရင် train ကို တစ်လလုံး ကြိုက်သလောက်စီးပြီး လုံးဝထပ်ပေးစရာ မလိုတော့ပါဘူး။ Bus pass လည်း အတူတူပါပဲ။ Train and Bus pass ဆိုရင်တော့ $50 ပေးရပြီး အဲ့တာဝယ်ထားရင် Train ရော Bus ရော တစ်လလုံး ကြိုက်သလောက် စီးလို့ရပါတယ်။

ကျွန်တော်ကတော့ MRT စီးတာ များတဲ့သူမလို့ Train pass ဝယ်ထားပြီး bus စီးရင်တော့ Bus ဖိုး အတွက် ပိုက်ဆံထပ်ပေးပြီး စီးရပါတယ်။ တစ်လကိုတော့ ပျမ်းမျှ $30-35 လောက် ကုန်ပါတယ်။ အပြင် သိပ်မသွားဖြစ်တဲ့လူဆိုရင်တော့ $20 လောက်ပဲ ကုန်ပါတယ်။

အခြား အထွေထွေ ကုန်ကျစရိတ်တွေကတော့ ကိုယ်သုံးမယ်ဆိုရင် သုံးသလောက်ကုန်တာမလို့ အသေးစိတ် ရေးမပြတော့ပါဘူး။

အကုန်ပေါင်းကြည့်မယ်ဆိုရင် --
အိမ်လခ ပျမ်းမျှ $700
စားစရိတ် ပျမ်းမျှ $350
Transportation + internet ပျမ်းမျှ $50

Total ဆိုရင်တော့ တစ်လကို $1100 လောက်ကုန်ပါတယ်။

ဒါကတော့ အခြေခံ လိုအပ်ချက်တွေ အတွက် ပျမ်းမျှ ကုန်ကျစရိတ်ပါ။ ဒါပေမယ့် အလုပ်ထဲမှာ ထမင်းကျွေးတာတွေ၊ အိမ်လခ အနည်းအများပေါ် မူတည်တာတွေလည်း ရှိတာမလို့ လိုတိုးပိုလျှော့တော့ ရှိနိုင်ပါတယ်။

(၄) Part time ကနေဘယ်လောက် ပြန်ကာမိနိုင်သလဲ ?

ကျွန်တော် အရင်ပိုစ့်မှာတော့ part time job တွေ အကြောင်းကို ရှင်းပြထားပါတယ်။ အသေးစိတ်သိချင်ရင်တော့ ဒီ linkထဲကနေ သွားဖတ်ကြည့်လို့ ရပါတယ်ဗျ။

https://www.facebook.com/share/p/JAZHf9PsnXRqm7wB/?mibextid=WC7FNe

တစ်လ အသုံးစရိတ်ကို ကာမိဖို့ဆိုရင် တစ်ပတ်ကို $300 လောက် ရှာနိုင်ရင် ရပါတယ်။ တစ်ပတ်မှာ Saturday နဲ့ Sunday ကို Full shift လုပ်မယ်ဆိုရင် ပျမ်းမျှ $200 ဝန်းကျင်လောက်ရပြီး ကျန်တဲ့ $100 ကိုတော့ Weekdays တွေမှာ ရှာလို့ရပါတယ်။

Term break တွေမှာ ဆိုရင်တော့ ကျောင်းပိတ်ထားတဲ့အတွက် အချိန်ရရင် ရသလောက် အလုပ်လုပ်ပြီး ပိုက်ဆံစုနိုင်တာမလို့ အပိုငွေရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ကအလုပ်လုပ်နိုင်မယ် ဆိုရင်တော့ နေစရိတ်စားစရိတ်ကို ကာမိနိုင်ပြီး term break တွေမှာပါ လုပ်နိုင်ရင် ကျောင်းစရိတ် တစ်ဝက်လောက်ကိုပါ ရှာနိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ Singapore က Living Expenses အကြောင်း နဲ့ Part-time Job တွေကနေ ငွေ ကာမိ၊ မကာမိကို သိသွားလောက်ပြီလို့ ထင်ပါတယ်။

နောက်လည်း စိတ်ဝင်စားစရာ post များကို ဆက်လက် ဖော်ပြပေးသွားမှာမလို့ Like and follow လုပ်ပြီး စောင့်မျှော်ဖတ်ရှုပေးကြပါဦး။ 🔔

FYI !!!
27/03/2024

FYI !!!

(၁) Singapore က နေထိုင်စားသောက် စရိတ်တွေ ကာမိအောင် ဘယ်လိုလုပ်လို့ ရနိုင်မလဲ?

Singapore မှာ ကျောင်းတက်နေတာက အိမ်ကမိဘအတွက်လည်း ဝန်ထုပ်ဝန်ပိုးအနေနဲ့ မဖြစ်စေချင်ဘူး၊ ကိုယ်,ကိုယ်တိုင်လည်း အပိုဝင်ငွေလေးရပြီး လိုတာလေးတွေ ဝယ်သုံးချင်တယ် ဆိုရင်တော့ Part-time job 🚛တွေက စောင့်ကြိုလျက်ရှိပါတယ်။

သတိထားရမဲ့ အချက်အနေနဲ့ကတော့ Private Institution တစ်ခုခုမှာ တက်ရောက်နေတဲ့ ကျောင်းသားတွေဆိုရင်တော့ part-time job တွေကို တရားဝင်လုပ်ကိုင်ခွင့် မရှိပါဘူး✖️။ ဒါပေမယ့် Polytechnic တွေကတော့ Singapore အစိုးရလက်အောက်က Government Institutions တွေ ဖြစ်တဲ့အတွက် Polytechnic ကျောင်းသားတွေကတော့ part-time job တွေကို တရားဝင် လုပ်ကိုင်နိုင်ပါတယ်✔️။

Singapore ရဲ့ Ministry of Manpower က ထုတ်ပြန်ထားချက်မှာတော့ Student Pass နဲ့ လာတဲ့ International Students တွေဟာ ကျောင်းတက်နေစဉ်အတွင်းမှာ တစ်ပတ်ကို 16 hours ထက် ပိုလုပ်ခွင့် မပြုဘဲ၊ term break ကျောင်းပိတ်ရက်တွေမှာတော့ အလုပ်ချိန် အကန့်အသတ်မရှိ လုပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ကျောင်းဖွင့်ချိန် မှာ တစ်ပတ် 16 hours ထက်ပိုလုပ်လို့ ထိထိရောက်ရောက် အရေးယူတာမျိုးတော့ မတွေ့ရသေးဘူးဗျ။

ဒီလိုဆိုတိုင်းလည်း အလုပ်ကို ဦးစားပေး လုပ်နေမှာကိုတော့ အားမပေးဘူးဗျ🙅🏻‍♂️။ အလုပ်ကိုပဲ ဖိလုပ်မိရင် ပင်ပန်းလာပြီးတော့ ကျောင်းစာဘက်မှာ အာရုံစိုက်မှု အားနည်းသွားတာ၊ စာလုပ်ချိန် နည်းသွားတာတွေ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်လာမယ်ဆိုရင် ကိုယ်မျှော်မှန်းထားတဲ့ GPA မရတာတွေ၊ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ကို တက်ခွင့်မရတာတွေ ဖြစ်လာနိုင်တဲ့အတွက် ပညာသင်ကြားရေးနဲ့ လေ့လာရေးပိုင်းကို အရေးကြီးဆုံးအနေနဲ့ ပထမ ဦးစားပေးပြီးမှ part-time အလုပ်ကို လုပ်သင့်ပါတယ်။

(၂) Singapore မှာ ဘယ်လို Part-time job အမျိုးအစားတွေ ရှိလဲ?

Singapore မှာ part-time လုပ်ကိုင်မယ်ဆိုရင်တော့ Commitment Part-timer နဲ့ Non-Commitment Part-timer ဆိုပြီး နှစ်မျိုးခွဲနိုင်ပါတယ်။

1. Commitment Part-timer 🧑🏻‍💼

ဒီထဲမှာ ဘယ်လို အလုပ်အကိုင်တွေ ပါဝင်လဲဆိုရင်တော့ F&B Company တစ်ခုခုမှာဝင်ပြီး အလုပ်လုပ်တဲ့ လူတွေ၊ Restaurant တစ်ခုခုမှာ ဝင်လုပ်တဲ့ လူတွေ၊ coffee ဆိုင်၊ Sushi ဆိုင်၊ Fast Food Chain စတာတွေမှာ Part-timer ဆိုတဲ့ status နဲ့ company အောက်မှာ တိုက်ရိုက်အလုပ် လုပ်တဲ့လူတွေ ပါဝင်ပါတယ်။

သူတို့ကတော့ system တစ်ခုနဲ့ လုပ်တာဖြစ်တဲ့အတွက် ကိုယ်က နောက်တစ်ပတ် အလုပ်လုပ်ချင်တယ်ဆိုရင် ဒီတစ်ပတ်ကတည်းက ဆိုင်မန်နေဂျာကို “နောက်တစ်ပတ် ဘယ်အချိန် အားမှာမလို့ ဘယ်အချိန်လာမှာ” ဆိုတာမျိုးကို ကြိုပြောထား ရပါမယ်။ ဒါဆိုရင် သူတို့က ကိုယ်လာရမယ့် အချိန်တွေကို ပြန်ပြောပေးပါတယ်။ ✔️ပြီးရင်တော့ ကိုယ်က သူတို့ပေးထားတဲ့ အချိန်တွေမှာ ရောက်အောင် သွားပေးရပါတယ်✔️။

ဆိုင်တွေက အမျိုးမျိုးရှိပေမယ့် အများစုက family type ပုံစံနဲ့ သွားပါတယ်။ family type ဆိုတဲ့အတိုင်း ဆိုင်ဖွင့်ချိန်မှာ ဆိုင်ကူခင်းပေးရတာ၊ ဆိုင်သိမ်းချိန်မှာ တံမြက်စည်းလှည်း ကြမ်းတိုက်ရတာ၊ အမှိုက်ကန်မှာ အမှိုက်သွားပစ်ပေးရတာတွေ၊ လူကျချိန်မှာ ပန်းကန်ကူဆေး ပေးရတာ စတာတွေအပြင် ပုံမှန်လုပ်ရတဲ့ order ကောက်ရတာ၊ food and beverage serve ရတာတွေလည်း လုပ်ရပါတယ်။ တချို့ဆိုင်တွေကတော့ food and drink serve လုပ်တာ၊ ပန်းကန်တွေ သိမ်းပေးရတာလောက်ပဲ လုပ်ရပါတယ်။

💵Pay Rate တွေကတော့ 10-12 $ per hour လောက်ရှိတတ်ပြီး Saturday, Sunday နဲ့ Public Holiday တွေမှာ ပိုရတတ်ပါတယ်။

ကောင်းတဲ့အချက်ကတော့ ပုံသေအလုပ်ရှိပြီး slot မရတာမျိုး၊ အလုပ်ချိန်မရတာမျိုးတွေ မရှိသလောက်နည်းပါတယ်။ မကောင်းတဲ့ အချက်ကတော့ အခြားအလုပ်တွေနဲ့ ယှဉ်ရင် pay rate နည်းတာပဲ ဖြစ်ပါတယ်။

2. Non-commitment Part-timers 🧑🏻‍💼

ဒီထဲမှာ ဘယ်လိုအလုပ်တွေ ပါဝင်လဲဆိုရင်တော့ Company တစ်ခုရဲ့ လက်အောက်ကနေ တိုက်ရိုက်မဟုတ်ဘဲ အလုပ်ရှာပေးတဲ့ Agent တွေ လက်အောက်က တစ်ဆင့်ခံ လုပ်ရတာမျိုး ဖြစ်ပါတယ်။ အလုပ်လျှောက်ရာမှာ Hotel တွေက ခန့်ထားတဲ့ Agent တွေဆီမှာ လျှောက်လို့ရတဲ့ အပြင်၊ YY circle ဆိုတဲ့ Application မှ တစ်ဆင့်လည်း လျှောက်လို့ရပါတယ်။

အလုပ်ကတော့ hotel တွေမှာ မင်္ဂလာပွဲ၊ Company Staff Party၊ Graduation Ceremony အစရှိသဖြင့် event တွေမှာ Banquet Server or Buffet Server အနေနဲ့ သွားလုပ်ရတဲ့ အလုပ်တွေ ရှိတဲ့အပြင်၊ YY circle application ထဲမှာ ဆိုရင်လည်း လုပ်လို့ရတဲ့ အလုပ်မျိုးစုံရှိပါတယ်။

ဒီအလုပ်တွေကတော့ သူတို့ဘက်က လိုအပ်တဲ့အချိန်တွေကို ချပေးထားပြီး ကိုယ်က ကိုယ်အားတဲ့ အချိန်ကိုယူပြီး သွားရပါတယ်။ ကိုယ်မအားတဲ့ နေ့တွေဆိုရင်လည်း slot မယူဘဲ နေရုံပါပဲ။ Commitment ရှိစရာ မလိုပါဘူး ✓။

ဒါပေမယ့် အခုနောက်ပိုင်းမှာ စင်္ကာပူနိုင်ငံကို ဝင်ရောက်လာတဲ့ international student တွေ များပြားလာတဲ့အတွက် အလုပ်ချိန်ကို ယူတဲ့အခါမှာ သူ့ထက်ငါ အပြိုင်အဆိုင် slot ကိုလုယူရတာတွေ ရှိလာပါတယ်။ အဲ့တာကြောင့် ကိုယ်က အလုပ်ခေါ်တဲ့ message တွေကို အမြဲ check နေပြီး responsive ဖြစ်ဖို့တော့ လိုပါတယ်‼️။

💵Pay rate အနေနဲ့ကတော့ 12-15$ per hour လောက် ရှိတတ်ပါတယ်။

ကောင်းတဲ့အချက် အနေနဲ့ကတော့ pay rate ပိုများတာ၊ ကိုယ်အားတဲ့ အချိန်မှ သွားလို့ရတာ ဖြစ်တဲ့အတွက် Flexible ပိုဖြစ်တာတွေပဲ ဖြစ်ပါတယ်။ မကောင်းတဲ့ အချက်ကတော့ ပုံသေအလုပ်မရှိဘဲ Hotel တွေမှာ event ရှိမှာသာ သွားလုပ်လို့ရတာပဲ ဖြစ်ပါတယ်။

Commitment နဲ့ non-commitment နှစ်မျိုးလုံးမှာ အလုပ်အများစုကတော့ အလုပ်ချိန် တစ်ရက်ကို 5 or 6 hours ထက်ကျော်ရင် break time ပေးပြီး အဲ့နားချိန်မှာ နေ့လည်စာ သို့မဟုတ် ညစာ အလကား ကျွေးတတ်ပါတယ်။

(၃) Unusual Job🧑🏻‍💼

နောက်ဆုံးတစ်ခုအနေနဲ့ မျှဝေပေးချင် တာကတော့ ကျွန်တော်ကိုယ်တိုင်လည်း လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ အကယ်၍ကိုယ်က ပညာရေးဘက်မှာ ထူးချွန်တာမျိုး၊ ဘာသာရပ် တစ်ခုခုမှာ ထူးချွန်တာမျိုးတွေ ရှိတယ်ဆိုရင်တော့ ဒီမှာလက်ရှိတက်နေတဲ့ Primary or Secondary Student တွေကို စာပြန်သင်ပေးရတာမျိုးတွေ လုပ်လို့ရတဲ့အပြင်၊ မြန်မာဘက်ကနေ International School တွေနဲ့ ချိတ်ဆက်ပြီး Singapore မှာ အစိုးရကျောင်းလာတက်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားကျောင်းသူတွေကို Guide ပြန်သင်ပေးလို့လည်း ရပါတယ်။ အကယ်၍ ကိုယ်က သင်နိုင်မယ်ဆိုရင်တော့ IGCSE တို့ GCE ‘O’ level တို့အထိပါ guide သင်ကြားလို့ ရနိုင်ပါတယ်။ စာသင်မယ့်သူကိုတော့ ကိုယ်နဲ့ သိတဲ့သူတွေနဲ့ ချိတ်ဆက် ရှာဖွေရမှာပဲ ဖြစ်ပါတယ်။

💵Pay rate ကတော့ 20-40$ per hour လောက် အထိ ရတတ်ပါတယ်။

ကောင်းတဲ့အချက်ကတော့ အပေါ်က ဖော်ပြထားတဲ့ အလုပ်တွေလောက် သိပ်မပင်ပန်းတာရယ်၊ ဝင်ငွေပိုရတာရယ်ပဲ ဖြစ်ပါတယ်။ မကောင်းတဲ့ အချက်ကတော့ စာသင်မယ့် ကျောင်းသားရှာဖွေရတဲ့ နေရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲပဲ ဖြစ်ပါတယ်။

စာသင်မယ်ဆိုရင်တော့ အရင်ဆုံးအနေနဲ့ ကိုယ်က ဒီနိုင်ငံရဲ့ သင်ကြားပုံတွေ curriculum တွေကို ကြိုတင် လေ့လာထားသင့်ပါတယ်။ စာသင်ကြားရာမှာလည်း တစ်ဖက် ကျောင်းသားပေါ်မူတည်ပြီး မြန်မာလို သင်ကြားရတာလည်း ရှိတတ်သလို English to English သင်ကြားရတာမျိုးလည်း ရှိပါတယ်။ ဒါ့အပြင် တစ်ဖက် ကျောင်းသားရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး Exam focus လုပ်ပေးရတာမျိုးလည်း ရှိတတ်ပါတယ်။

ဒါတွေကတော့ ကျွန်တော်ကိုယ်တိုင်လုပ်ကိုင်ဖူးတဲ့ အလုပ်တွေကို သိသလောက် sharing ပြန်လုပ်ပေးတာပဲ ဖြစ်ပါတယ်။ ကိုယ်က အလုပ်မရွေးဘဲ ရရာအလုပ် လုပ်နိုင်တဲ့လူ ဆိုရင်တော့ အလုပ်ရဖို့ လွယ်ကူပါတယ်။ ဒီလောက်ဆိုရင်တော့ Singapore က Part-time Job တွေအကြောင်း အနည်းနဲ့အများ သိလောက်ပြီလို့ ထင်ပါတယ်။

နောက် post တွေမှာလည်း ဗဟုသုတ ရစရာတွေကို ဆက်လက်ဖော်ပြ ပေးသွားဦးမှာမလို့ Like and follow လုပ်ပြီး စောင့်မျှော်ဖတ်ရှုပေးကြပါဦး🔔 ။

FYI !!!
25/03/2024

FYI !!!

Singapore မှာ Poly တက်ရင် ဘယ်လောက်ကုန်ကျမလဲ?

ဒီမေးခွန်းကတော့ ဒီမှာကျောင်း လာတက်ချင်ပြီး ငွေရေးကြေးရေးအရလည်း ချိန်ကိုက်ချင်တဲ့ ကျောင်းသားနှင့်မိဘများ အမေးများတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ Singaporeမှာ Poly တက်တာဟာ ငွေကုန်ကြေးကျ အနည်းငယ်များပါတယ်။ ဒါပေမဲ့ သက်သာအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေလည်း ရှိပါသေးတယ်။

Singapore က Poly ကျောင်းတွေရဲ့ တစ်နှစ် ကျောင်းလခက ဘယ်လောက်ရှိလဲ? 💰

ကိုယ်က Singapore နိုင်ငံသားလည်း မဟုတ်ဘူး၊ Permanent Residence (PR) လည်း မဟုတ်ဘူး၊ International Student တစ်ယောက် ဖြစ်တယ်ဆိုရင်တော့ ကျောင်းလခက တစ်နှစ်ကို Singapore Dollar 24000 ခန့် ရှိပါတယ်။ 1sgd ကို 2700စျေးနဲ့ တွက်မယ်ဆိုရင် တစ်နှစ်စာကို မြန်မာငွေ ကျပ် ၆၄၈ သိန်းဝန်းကျင်ခန့် ရှိပါတယ် ဒါပေမယ့် များလိုက်တာဆိုပြီး လန့်မသွားပါနဲ့ဦး။ သက်သာမယ့် နည်းလမ်းတွေကို ကျွန်တော် ပြောပြပေးသွားမှာဖြစ်လို့ ဆက်ဖတ်ရှုပေးပါအုန်း။

(1) Tuition Grant Scheme (TG)

Tuition Grant (TG) ဆိုတာ ဘာလဲဆိုရင်တော့ Singapore အစိုးရက သူ့နိုင်ငံထဲကို နိုင်ငံခြားသား ကျောင်းသားတွေ ပညာတွေသင်ပြီး အလကား ထွက်သွားမှာ စိုးရိမ်တဲ့အတွက် နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိမဲ့ win-win situation ကို ဖန်တီးပေးထားခြင်းပဲ ဖြစ်ပါတယ်။

အကျယ်တဝံ့ ရှင်းပြရရင်တော့ Singapore အစိုးရက နိုင်ငံခြားသား ကျောင်းသားတွေအတွက် ကျောင်းလခ (SGD 24000) ရဲ့ တစ်ဝက်စာကို လျှော့ပေးမှာဖြစ်ပြီး ကျောင်းသားတွေ ဘက်ကတော့ Singaporeနိုင်ငံမှာ 3 နှစ်အလုပ် ပြန်လုပ်ပေးရမှာ ဖြစ်ပါတယ်။ သုံးနှစ်လုပ်ပေးရမယ်ဆိုလို့ အလကားလုပ်ပေးရမှာ မဟုတ်ပါဘူး။ ပုံမှန်လစာနဲ့ပဲ လုပ်ပေးရမှာပါ။

ဒါကြောင့် ကိုယ့်ဘက်က နစ်နာစရာတော့ မရှိပါဘူး။ အကယ်၍ ကိုယ်က ကျောင်းပြီးလို့ Singapore နိုင်ငံမှာ မနေဖြစ်ဘဲ တခြားနိုင်ငံ တစ်နိုင်ငံကို ရောက်သွားတယ်ဆိုရင်တောင်မှ အဲ့နိုင်ငံမှာရှိတဲ့ Singapore အစိုးရပိုင် Company တစ်ခုမှာ အလုပ်လုပ်ပေးမယ် ဆိုရင်လည်း သူတို့ဘက်က လက်ခံပါတယ်။

ဒီလိုမျိုး နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ Tuition Grant Scheme ကို လျှောက်ချင်တယ်ဆိုရင်တော့ ကိုယ့်ကို လက်မှတ်ထိုးပေးမယ့် လူနှစ်ယောက် (2 Sureties) ရှိဖို့ လိုပါတယ်။ အဲ့လူနှစ်ယောက်က မိသားစုဝင် (မိဘ) ဖြစ်လို့လည်း ရပါတယ်။

📌သူတို့ရဲ့ သတ်မှတ်ချက်တွေကတော့

1. ဖြစ်နိုင်ရင် ထိုလူနှစ်ယောက်ဟာ မိသားစုဝင်ထဲကဆို ပိုကောင်းပါတယ်။

2. မည့်သည့်နိုင်ငံသားမဆို လက်မှတ်ထိုးပေးနိုင်ပြီး အသက်ကန့်သတ်ချက်အနေနဲ့ 21 ကနေ 65 ကြား (above 21 and below 65) ရှိရပါမယ်။

3. လက်မှတ်ထိုးပေးမယ့် လူနှစ်ယောက်ဟာ Tuition Grant (or) Scholarships ရထားတဲ့သူ မဖြစ်ရပါဘူး။

✔️ ဒီအချက်သုံးချက်နဲ့ ပြည့်စုံတယ်ဆိုရင်တော့ Tuition Grant Agreement ကို လက်မှတ်ထိုးပေးနိုင်ပါပြီ✔️။

သတိထားရမယ့် အချက်ကတော့ Poly ကျောင်းမပြီးခင် ကျောင်းထွက်သွားတာပဲ ဖြစ်ဖြစ် 3-year bond ကို ဖျက်လိုက်တာပဲဖြစ်ဖြစ် လုပ်မယ်ဆိုရင် သူတို့စိုက်ပေးထားတဲ့ ငွေ amount အတိုင်း ပြန်ပေးရမှာ ဖြစ်တဲ့အပြင် 10 % compound interest ကိုပါ ထပ်တိုးပေးရမှာ ဖြစ်ပါတယ်‼️။ ကောင်းကျိုး အနေနဲ့တော့ ကျောင်းလခ တစ်ဝက်စာ သက်သာပြီး တစ်နှစ်စာ ကျောင်းလခ SGD 12000 ခန့်၊ မြန်မာငွေကျပ် 324 သိန်းခန့်ပဲ ပေးရတော့မှာ ဖြစ်ပါတယ်✔️။

(2) DBS Tuition Fee Loan (TFL)

တစ်နှစ် SGD 12000 နဲ့ကျောင်းပြီးတဲ့အထိ 3နှစ်ဆိုလျှင် မြန်မာငွေကျပ် သိန်း ၁၀၀၀ နီးပါး ရှိတဲ့အတွက် များနေသေးတယ်ဆိုရင် နောက်ထပ် သက်သာမယ့် နည်းလမ်းတစ်ခုလည်း ရှိပါသေးတယ်။ အဲ့တာကတော့ DBS Tuition Fee Loan ပဲ ဖြစ်ပါတယ်။

TFL ဟာဆိုရင် Singapore နိုင်ငံရဲ့ DBS bank နဲ့ Polytechnic တွေ ချိတ်ဆက်ပြီးတော့ ကျောင်းလခအတွက် ချေးငွေထုတ်ပေးတာ ဖြစ်ပါတယ်။ ချေးငွေဆိုတဲ့ အတိုင်းပဲ ကျောင်းတက်နေစဉ် အတွင်း ထုတ်ချေးပေးတာဖြစ်ပြီး ကျောင်းပြီးသွားပါက ပြန်ဆပ်ပေးရမှာ ဖြစ်ပါတယ်။ သူတို့ပြောထားချက်အရ maximum amount အနေဖြင့် ကျောင်းလခ၏ 75% ကို ထုတ်ချေးပေးတယ် ဆိုပေမဲ့ ကျွန်တော်တို့ကိုတော့ 66.67% ပဲ ထုတ်ချေးပေးပါတယ်။

TG ယူပြီး ကျန်တဲ့ ကျောင်းလခ (SGD12000) ရဲ့ 66.67% ဖြစ်တဲ့ SGD 8000 ခန့်ကို ထုတ်ချေးပေးတဲ့အတွက် ကျွန်တော်တို့က တစ်နှစ်ကိုမှ SGD 4000 ခန့်သာ ပေးရတော့မှာ ဖြစ်ပါတယ်။ ထို SGD 4000 ကိုလည်း တစ်ခါတည်း ပေးစရာမလိုဘဲ Semester တစ်ဖြတ်ကို SGD 2000 နဲ့ တစ်နှစ်ကို နှစ်ကြိမ်ခွဲပေးရမှာ ဖြစ်ပါတယ်။

Tuition Fee loan လျှောက်ဖို့အတွက် ဘာတွေလိုအပ်လဲဆိုရင် ငွေချေးတာဖြစ်တဲ့အတွက် ကိုယ့်ကို ထောက်ခံပေးမယ့် Guarantor တစ်ယောက်လိုပါတယ်။ Sg ကို ကျောင်းလာတက်တဲ့ ကျောင်းသား အများစု ကြုံတွေ့ရတဲ့ ပြဿနာကတော့ ထို Guarantor ရှာရတဲ့ ပြဿနာပါပဲ။

📌ဘာဖြစ်လို့လဲ ဆိုရင် guarantor လုပ်မယ့်သူဟာ

1. Singapore Citizen or PR ပဲဖြစ်ရပါမယ်။
ကျန်တဲ့သူက guarantor လုပ်ပေးလို့မရပါဘူး‼️။

2. အသက် 21 ကနေ 60 အတွင်းဖြစ်ရပါမယ်။

အကယ်၍ ကိုယ့်ကို ထောက်ခံပေးမယ့် Singapore Citizen or PR ကို ရှာလို့ မရဘူးဆိုရင်တော့ Tuition Fee loan ကို ရနိုင်မှာ မဟုတ်ပါဘူး✖️။

(3) Loanကို ဘယ်လိုတွက်ချက်ပြီး ဘယ်နှစ်နှစ်ကြာအောင် ပြန်ဆပ်ရမလဲ?

ချေးငွေဖြစ်တဲ့ အတွက် ကျောင်းပြီးသွားလို့ Graduated ဖြစ်သွားတဲ့ အချိန်ကစပြီးတော့ သူ့ဘဏ်ရဲ့ သတ်မှတ်ထားတဲ့ interest rate နဲ့ interest စယူပါတယ်။ ကျောင်းတက်နေတဲ့ ၃ နှစ်စာကိုတော့ interest free နဲ့ ချေးပေးပါတယ်။ ကိုယ်က ပြန်ဆပ်ချင်တယ်ဆိုရင်တော့ တစ်ခါတည်း ငွေအကုန် ပြန်ဆပ်လို့ရသလို installment နဲ့ လည်း ပြန်ဆပ်လို့ရပါတယ်။

Installment နဲ့ ပြန်ဆပ်မယ်ဆိုရင်တော့ အနည်းဆုံးအနေနဲ့ တစ်လကို $100 နှုန်းနဲ့ repayment period maximum 10 နှစ် ကြာအထိ အချိန်ယူပြီး ပြန်ဆပ်နိုင်ပါတယ်။ TG ရော TFL ပါ ယူပြီးပြီဆိုရင်တော့ တစ်နှစ်ကို ကျောင်းလခ SGD 4000 ခန့်သာ ပေးသွင်းရမှာဖြစ်ပြီး Semester တစ်ဖြတ်ကို SGD 2000 ခန့်၊ မြန်မာငွေကျပ် 54 သိန်းခန့်ပဲ ပေးရတော့မှာ ဖြစ်ပါတယ်။

✔️ဒါ့ကြောင့် ဖြစ်နိုင်မယ် ဆိုရင်တော့ TG ရော TFL ကိုပါ ယူဖို့ အကြံပေးချင်ပါတယ်✔️။

အခုလောက်ဆိုရင်တော့ Singapore က Poly တွေမှာ ကျောင်းတက်ရင် ဘယ်လောက်ကုန်ကျမလဲဆိုတာကို အကြမ်းဖျင်း သိလောက်ပြီလို့ ထင်ပါတယ်။

နောက် post တွေမှာလည်း ဗဟုသုတ ရစရာတွေကို sharing လုပ်ပေးသွားမှာ ဖြစ်လို့ page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ 🔔

Support !
24/03/2024

Support !

အခုဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် မြန်မာ နိုင်ငံမှာလည်း ဆက် မနေချင်တော့ဘူး၊ ကျောင်းလည်း ဆက် မတက်ချင်တော့ဘူးဆိုတဲ့ သူတွေ၊ အခြားနိုင်ငံ တစ်နိုင်ငံကို ထွက်ပြီး ပညာသင်ချင်ပေမယ့် ဘယ်လောက်ကုန်ကျပြီး ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာ မသိတဲ့ သူတွေအတွက် အရှေ့တောင် အာရှမှာ ကြည့်ရင် ပညာရေးအဆင့်အတန်း နိမ့်တဲ့ အထဲမှာ မပါတဲ့ အပြင်၊ ငွေကုန်ကြေးကျ သိပ်မများတဲ့ Singapore က polytechnic တွေနဲ့ ပတ်သက်ပြီး ဘယ်အချိန် တွေမှာ ကျောင်း လျှောက်လို့ရမလဲ၊ ကျောင်းလျှောက်ဖို့ ဘာတွေ လိုအပ်သလဲ၊ ဘယ်လိုကျောင်းလျှောက်ရမလဲ၊ ပညာသင်ကြားရေးစနစ်က ဘယ်လိုရှိလဲ စတာတွေကို knowledge sharing လေး လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး အနေနဲ့ Singapore နိုင်ငံက polytechnic တွေ အကြောင်း အကျဉ်းချုပ်လေး ပြောပြပေးချင်ပါတယ်။ Singapore နိုင်ငံမှာ Poly ကျောင်းပေါင်း 5 ကျောင်း ရှိပြီး တစ်ကျောင်းစီကလည်း သူနဲ့ သက်ဆိုင်တဲ့ နယ်ပယ်တွေမှာ နာမည်ကြီးကြပါတယ်။

(1) Singapore Polytechnic (SP)

Singapore poly ကတော့ Singapore နိုင်ငံရဲ့ ပထမဆုံး polytechnic ဖြစ်ပြီး Engineering major တွေနဲ့ နာမည်ကြီးပါတယ်။ ဒါ့အပြင် SP ဟာ polytechnic တွေ အားလုံးထဲမှာ popular အဖြစ်ဆုံးဖြစ်ပါတယ်။

Singapore Polytechnic: https://www.sp.edu.sg

(2) Nanyang Polytechnic (NYP)

NYP ကတော့ digital Media နယ်ပယ်မှာ နာမည်ကြီးပြီး နဲ့ အထူးသဖြင့် full scholarship ရတဲ့ Nursing Programme တွေက မြန်မာတွေ ကြားမှာ ရေပန်းစားပါတယ်။

Nanyang Polytechnic: https://www.nyp.edu.sg

(3) Ngee Ann Polytechnic (NP)

NP ကတော့ business programme နဲ့ entrepreneurship တွေမှာ နာမည်ကြီးပါတယ်။

Ngee Ann Polytechnic: https://www.np.edu.sg

(4) Temasek Polytechnic (TP)

TP ကတော့ design ပိုင်းမှာ နာမည်ကြီး ပြီးတော့ singapore နိုင်ငံရဲ့ Changi Airpot နားမှာ ရှိတဲ့ တစ်ခုတည်းသော poly ဖြစ်ပါတယ်။

Temasek Polytechnic: https://www.tp.edu.sg

(5) Republic Polytechnic (RP)

RP ကတော့ Polytechnic အကုန်လုံးထဲမှာ နောက်ဆုံးမှ ဆောက်လုပ်ထားတဲ့ ကျောင်း ဖြစ်ပြီးတော့ Singapore နိုင်ငံမှာ problem-based learning နဲ့သင်တဲ့ တစ်ခု တည်းသော ကျောင်းလည်းဖြစ်ပါတယ်။

Republic Polytechnic: https://www.rp.edu.sg

နောက် တစ်ချက် အနေနဲ့ကတော့ ကျောင်းတွေကို ဝင်ခွင့်ဘယ်လိုရအောင် လုပ်ရမလဲဆိုတာလေး ပြောပြပေးပါမယ်။

ကျောင်းဝင်ခွင့်လျှောက်ရာမှာ ဆယ်တန်းအောင်လက်မှတ်နဲ့ လျှောက်လို့ရတဲ့ အပြင် IGCSE (or) GCE O level လက်မှတ်တွေနဲ့လည်း လျှောက်လို့ရပါတယ်။

ဆယ်တန်း အောင်လက်မှတ်နဲ့ လျှောက်မယ်ဆိုရင်တော့ English နဲ့ Maths ရမှတ်အနည်းဆုံး 70
Relevant Subject ရမှတ် အနည်းဆုံး 70 နဲ့ 2 other subjects ရမှတ် အနည်းဆုံး 70 ရှိမှ လျှောက်လို့ရမှာ ဖြစ်ပြီး English ရမှတ် 70 ထက် နည်းတဲ့ သူတွေကတော့ IELTS ကို application period မတိုင်ခင် ဖြေထားရမှာ ဖြစ်ပါတယ်။ Application period ကတော့ October နဲ့ November လတွေမှာ စခေါ်ပါတယ်။ လိုအပ်တဲ့ document တွေ တင်ပြီးရင်တော့ December လလောက်မှာ entrance exam ဖြေခွင့်ရသူတွေက ဖြေရမှာ ဖြစ်ပြီး ဖြေခွင့် မရရင်တော့ နောက်တစ်နှစ် ပြန် try ရမှာ ဖြစ်ပါတယ်။

IGCSE (or) GCE O level နဲ့ လာတဲ့သူတွေကတော့ သက်ဆိုင်ရာ major အလိုက် သတ်မှတ်ထားတဲ့ requirement တွေ ပြည့်မှီရင် လျှောက်လို့ရမှာ ဖြစ်ပြီး Entrance Exam လည်းဖြေစရာမလိုပါဘူး။ Application period ကတော့ January လလောက်မှာ ခေါ်တတ်ပါတယ်။

(Application period တွေသည် တစ်နှစ်နဲ့ တစ်နှစ် မတူနိုင်သဖြင့် သက်ဆိုင်ရာ ကျောင်း official website တွေမှာ သွားရောက် စစ်ဆေးကြည့်ရှုဖို့ လိုအပ်ပါတယ်။)

ကျောင်းလျှောက်ရာမှာတော့ online ကနေပဲ တစ်ဆင့် လျှောက်ရမှာ ဖြစ်ပြီး ကျောင်းအသီးသီးရဲ့ ဖော်ပြထားတဲ့ step-by-step guideline တွေကနေ တစ်ဆင့် လျှောက်မယ်ဆိုရင်တော့ အခက်အခဲ တစ်စုံတရာ ရှိမှာ မဟုတ်ပါဘူး။ အရာအားလုံး အဆင်ပြေ ချောမွေ့တယ်ဆိုရင်တော့ result တွေကို March လ လောက်မှာထုတ်ပေးပြီး April second week လောက်ရောက်ရင်တော့ Singapore ရဲ့ polytechnic တစ်ခုခုမှာ ကျောင်းတက်နေရပါပြီ။

နောက်ဆုံး တစ်ချက်အနေနဲ့ ကျောင်းတွေက ဘယ်လိုသင်ကြားရေးစနစ်ရှိလဲဆိုတာပြောပြပေးသွားမှာ ဖြစ်ပါတယ်။

(ကျွန်တော်တို့က လက်ရှိ Singapore poly မှာ တက်ရောက်နေတာ ဖြစ်တဲ့ အတွက် SP ရဲ့ သင်ကြားရေး ပုံစံကိုပဲ ပြောပြပေးသွားပါမယ်။)

SP မှာ Brightspace ဆိုတဲ့ Learning Management System တစ်ခု ရှိပြီး လိုအပ်သမျှ Course Materials တွေ၊ Videos တွေ၊ Explanation တွေ အကုန်လုံးကို အတန်း တစ်တန်းချင်းစီအလိုက် တစ်နေရာတည်းမှာ စုစည်းပြီး တင်ပေးထားပါတယ်။

အတန်းချိန် မတိုင်ခင် အပတ်ရဲ့ Saturday နဲ့ Sunday မှာ ကျောင်းသားတွေက class video တွေကို self-learning လုပ်ရပါတယ်။ အတန်း ထဲ ရောက်ရင်တော့ ဆရာတွေက concepts တွေကို အကျဉ်းချုပ် ပြန်ရှင်းပြပြီး Exercise တွေလုပ်ခိုင်းတဲ့ ပုံစံမျိုး သွားပါတယ်။ အဲ့တာကြောင့် တချို့ ဘာသာရပ်တွေမှာ အတန်းချိန် မတိုင်ခင် စာကြိုမကြည့်လာခဲ့ရင် အခက်တွေ့ရနိုင်ပါတယ်။

Polytechnic ကျောင်းတွေရဲ့ အိပ်မက်ဆိုး အဖြစ် ကျော်ကြားတဲ့ Common-Core Curriculum (CC modules) 10 ခုကိုလည်း သင်ကြားရမှာ ဖြစ်ပြီး အများစုကတော့ Group Project တွေ၊Presentation တွေဖြစ်ပါတယ်။ Group နဲ့ လုပ်ရတာ ဖြစ်တဲ့အတွက် အခက်အခဲ အနည်းငယ် ရှိနိုင်တဲ့အပြင် CC module တွေကနေ ရရှိတဲ့ Grade တွေကိုလည်း GPA တွက်ချက်ရာမှာ ထည့်သွင်း တွက်ချက်တဲ့ အတွက် GPA ကောင်းချင်တဲ့ သူတွေ အတွက်တော့ Challenging ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ Singapore နိုင်ငံရဲ့ Polytechnic ပညာရေး အကြောင်းကို အနည်းငယ် တီးမိခေါက်မိ ရှိပြီလို့ ထင်ပါတယ်။

နောက်တစ်ခေါက် post မှာတော့ Singapore မှာ ကျောင်းလာတက်ရင် အသားတင် ဘယ်လောက်ကုန်ကျမယ်၊ အိမ်က ဘယ်လောက်ထောက်ပံ့ရမယ်၊ ကိုယ်က ပျမ်းမျှ ဘယ်လောက် ရှာနိုင်မယ် ဆိုတာလေးတွေကို Sharing လုပ်ပေးသွားပါမယ်။



Red❤️
03/01/2024

Red❤️

^^^
03/01/2024

^^^

Green
27/12/2023

Green

Singapore Botanic Garden
26/12/2023

Singapore Botanic Garden

Radom images
24/12/2023

Radom images

Christmas night on Orchard road
24/12/2023

Christmas night on Orchard road

Address

Singapore

Website

Alerts

Be the first to know and let us send you an email when A Poly Student from Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share