27/11/2025
တစ်ညလုံး ဖုန်းအားသွင်းပြီး အိပ်တတ်ရင် ဒါကိုဖတ်ပါ
KBZPayTech for Everyone2025-11-27 21:30:00
ပြီးခဲ့တဲ့ညက ဖုန်းအားပြည့်အောင်ဆိုပြီး ဖုန်းကို ညလုံးပေါက်အားသွင်းပြီး အိပ်ခဲ့တဲ့လူတွေ ဘယ်နှယောက်ရှိကြပါသလဲ?
မနက်နိုးတဲ့အခါ ရုံးသွား၊ ကျောင်းသွားခါနီး ဖုန်းကို အားအပြည့်နဲ့ Ready ဖြစ်နေအောင် ညဘက်အိပ်တဲ့အခါ အားအပြည့်သွင်းတတ်တဲ့လူတွေ အများကြီးရှိကြပါတယ်။ အဲဒီလို အားသွင်းတဲ့အလေ့အထက ဖုန်းအသုံးပြုသူတွေအတွက် စိတ်ချရရဲ့လားဆိုတာ ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး။
ညလုံးပေါက် ဖုန်းအားသွင်းပြီး အိပ်တဲ့အခါ တစ်ညလုံး ပလပ်တပ်ထားပြီး ပစ်ထားတတ်ကြပါတယ်။ သတိထားရမှာတစ်ခုက ဘယ်လောက်ပဲ နောက်ဆုံးပေါ်ဖုန်းဖြစ်ဖြစ်၊ ဖုန်းတွေအားလုံးရဲ့ ဘက်ထရီဟာ Lithium-ion Batteries တွေကို သုံးထားတာဖြစ်ပါတယ်။ အဲဒီဘက်ထရီတွေဟာ ဖုန်းအား ၁၀၀ ပြည့်တာနဲ့ အားဝင်တာကို ဖြတ်ချထားပေးပါတယ်။ ဒါဆိုရင် အန္တရာယ်လုံးဝမရှိတာများလားဆိုတော့လည်း ထင်တာထက်တော့ နည်းနည်းပိုရှုပ်ပါတယ်။
ဖုန်းအားပြည့်တာနဲ့ အားအဝင်ကို ဖြတ်ချထားတယ်ဆိုပေမဲ့ ဘက်ထရီတွေမှာလည်း ခံစားချက်ရှိပါတယ်။ Lithium-ion Batteries တွေကို ဖုန်းအား ၂၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ သွင်းတာက အကောင်းဆုံးပါ။ လူတစ်ယောက် အိပ်စက်အနားယူဖို့ လိုအပ်တဲ့အချိန်ထက် အကြာကြီးပိုပြီး အိပ်မိတဲ့အခါ သွေးလေးတာ၊ နေမကောင်းတာတွေ ဖြစ်တတ်သလိုပါပဲ။ ဖုန်းအား ၁၀၀ အပြည့်ဝင်ပြီးသားကို တစ်ညလုံး ဆက်သွင်းထားတာ များလာတဲ့အခါ ဖုန်းဘက်ထရီရဲ့သက်တမ်းကို လျော့ကျစေပါတယ်။
ဖုန်းအသုံးပြုသူတွေရဲ့ ဒီအကျင့်လေးကို ဖုန်းထုတ်လုပ်သူတွေကလည်း ကောင်းကောင်းသိကြပါတယ်။ ဒါကြောင့်လည်း နောက်ပိုင်းထွက်တဲ့ ဖုန်းတွေမှာ ဖုန်းအားကြာကြာသွင်းထားရင်တောင် ဘက်ထရီထိခိုက်တာ သက်သာစေမယ့် Optimized Battery Charging လိုမျိုး Features တွေကို ထည့်ပေးလာတာဖြစ်ပါတယ်။ ဖုန်းဘက်ထရီထိခိုက်တာကို သက်သာလာစေတယ်ဆိုပေမဲ့လည်း မီးအားအတက်အကျ၊ လျှပ်စစ်ဝါယာရှော့၊ အားသွင်းထားရင်း တိုက်မိလို့ ဖုန်းပြုတ်ကျတာ စတဲ့ မတော်တဆဖြစ်နိုင်တဲ့ အန္တရာယ်တွေကိုတော့ ဖုန်းကုမ္ပဏီတွေလည်း အာမခံမပေးနိုင်ပါဘူး။ ဒါကြောင့် ဖုန်းကို ညလုံးပေါက်အားသွင်းထားမယ်ဆိုရင်တော့ ဒီအချက်တွေကိုပါ ထည့်ပြီးစဉ်းစားဖို့လိုပါတယ်။
Should You Charge Your Phone Overnight? Common Battery Myths Debunked | PCMag
Photo/ How-to-Geek
ဒါကြောင့် ညလုံးပေါက် ဖုန်းအားသွင်းမယ်ဆိုရင် အရည်အသွေးကောင်းပြီး စိတ်ချရတဲ့ Chargers တွေကိုပါ သုံးပါ။ ဖုန်းကို Overheat ဖြစ်စေနိုင်တဲ့ အိပ်ရာပေါ်၊ ဆိုဖာပေါ်လို နေရာမျိုးတွေထက် မျက်နှာပြင် မာပြီး ညီညာတဲ့နေရာမျိုးတွေပေါ်မှာ တင်ထားပြီးမှ အားသွင်းပါ။ ဖုန်းအားသွင်းနေတဲ့အချိန် Overheat မဖြစ်အောင်လို့ အားသွင်းတဲ့အခါ ဖုန်းကာဗာကို ချွတ်ထားပါ။ ဘက်ထရီသက်တမ်းကို ရှည်ကြာစေဖို့ ဖုန်းမှာပါပြီးသား Battery Features တွေကို ဖွင့်ထားပါ။
နည်းပညာတွေ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ဖုန်းအားမြန်မြန်ဝင်ဖို့ Fast Charging လုပ်ဆောင်ချက်တွေ ရှိလာတဲ့အတွက် ညလုံးပေါက် ဖုန်းအားသွင်းတာက မလိုအပ်တော့ပါဘူး။ မနက်စောစော သွားစရာရှိတာ၊ အရေးတကြီး အပြင်ထွက်တဲ့အခါ ဖုန်းအားကုန်နေမှာစိုးလို့ ကြိုသွင်းထားတာတို့ကလွဲရင် ဖုန်းအားကို ညလုံးပေါက် သွင်းတတ်တဲ့ အလေ့အကျင့်ကို လျှော့ချလိုက်ဖို့ တိုက်တွန်းလိုက်ပါရစေ။
အခုစာဖတ်နေတဲ့သူရော ဖုန်းကို ညလုံးပေါက်အားသွင်းပြီး အိပ်တတ်လား၊ ဖုန်းဘက်ထရီကို ဘယ်လိုဂရုစိုက်ဖြစ်လဲဆိုတာ Comment မှာ ရေးသွားပေးခဲ့ပါဦး
゚viralシfypシ゚viralシalシ #မှတ်သားဖွယ်စကားများ