16/05/2024
ကြုံရ ဆုံရ ကမ်းရိုးတန်းသားဘဝ
=========================
ကျွန်တော်က ရန်ကုန်မှာမွေးပေမယ့် ကျွန်တော့်အဖေက အစိုးရဝန်ထမ်းမို့ တနင်္သာရီတိုင်းမြိတ်ခရိုင်ထဲမှာ ရှိတဲ့ “ကျွန်းစု” ဆိုတဲ့ ကျွန်းမြို့လေးမှာပဲ ကလေးဘဝကိုဖြတ်သန်းခဲ့ရပါတယ်။
အဲ့လိုဖြတ်သန်းခဲ့ရတာကပဲ ကျွန်တော့်ဘဝမှာ မမေ့နိုင်စရာ အမှတ်တရ အဖြစ်အပျက်တွေကိုကြုံတွေ့ရဖို့ဖြစ်လာတာပါပဲ။
ကျွန်တော်တို့ဘက်မှာက မနက်စောစောနဲ့ ညနေဘက် ရေကျချိန်တွေမှာ ပင်လယ်ထဲကိုစီးဝင်တဲ့ ချောင်းရိုးလေးတွေမှာ ခိုကျန်နေခဲ့တဲ့ ငါး၊ပုစွန်၊ ကဏန်းစတာတွေကို ဟင်းစားအတွက် လိုက်ဖမ်းလေ့ရှိပါတယ်။
ရေက တိမ်တဲ့နေရာဆို ခြေမျက်စိ၊ နည်းနည်းနက်တဲ့နေရာဆို ဒူးခေါင်းလောက်ထိပဲရှိတတ်လို့ ခြင်လုံဇကာအပျော့လေးတွေနဲ့ လုပ်ထားတဲ့ အများအခေါ် “ယက်သဲ့” လို့ခေါ်တဲ့ သုံးမြောင့်ပုံစံဇကာလေးနဲ့လိုက်ထိုးပြီးဖမ်းကြတာပါ။
အဲလိုဖမ်းကြတဲ့အခါ ချောင်းရိုးအတိုင်း ဇကာနဲ့ထိုးပြီး ပင်လယ်ချောင်းဝအစပ်အထိကို တောက်လျှောက်သွားပြီးဖမ်းကြပါတယ်။
ချောင်းရိုးထဲစဆင်းလိုက်ပြီဆိုတာနဲ့ ဖြုတ်တွေဝိုင်းကိုက်တော့တာပါပဲ။ ဖြုတ်ဆိုတာမျိုးက ကိုက်ခံရရင် ခြင်ထက်ပိုယားပေမယ့် ခြင်ထက်အများကြီးသေးလွန်းတော့အာရုံစိုက်ကြည့်မှသာတွေ့ရတတ်တဲ့အကောင်မျိုးပါ။
မမြင်ဖူးတဲ့သူတွေမြင်သာအောင်ပြောရရင် ဖြုတ်ကောင်ရဲ့အရွယ်အစားက ဘောပင်နဲ့ထောက်ပြီးအစက်ချထားသလောက်ပဲရှိတာပါ။ ကိုက်တိုင်းလည်းရိုက်နေလို့မရတော့ ကျွန်တော်တို့ ကလေးတွေကတော့ မျက်လုံးနေရာကလွဲလို့ တကိုယ်လုံးကို ရွှံ့တွေသုတ်ထားတဲ့နည်းနဲ့ပဲဖြေရှင်းကြပါတယ်။ လူကြီးတွေကတော့ ဆားငန်ရေနဲ့ပက်လိုက် ကုတ်လိုက်ပါပဲ။
(ဒါတောင် တေချင်းဇိုးလေးတွေကတော့ ရတဲ့နေရာကိုက်ချင်သေးတာ)
တခါတလေ ရွှံ့ထဲနင်းလိုက်ရင် ခြေဖဝါးအောက်ထဲကနေ ရွှတ်ကနဲ ရွှတ်ကနဲ တိုးထွက်သွားတတ်တဲ့ ရေမြွေတွေကိုလည်း မကြာခဏကြုံရတတ်သလို။
ရေထဲမှာဖြတ်ပြေးသွားတဲ့ကဏန်းကို တုတ်နဲ့လှမ်းထိုးလိုက်ပြီးမှ အခွံပျော့ကဏန်းဖြစ်နေလို့ ပဲ့ထွက်သွားတာတွေကိုလည်း ကြုံရတာ ခဏခဏပါပဲ။
တခါတုန်းကလည်း ဇကာထဲပါလာတဲ့ လက်မ တဖက်မရှိတဲ့ ကဏန်းကို သေချာကြည့်မိတော့ လက်မ အပြတ်နေရာမှာ လက်မ သေးသေးလေးတဖက်ထွက်နေတာကို မြင်ပြီး အထူးအဆန်းလိုက်ပြတော့ လူကြီးတွေက ရယ်ကြပါတယ်။
(အဲ့ဒီကစပြီး ကဏန်းတွေက လက်ချောင်းတွေပြတ်သွားရင် ပြန်ထွက်တယ်ဆိုတာ ကိုယ်တွေ့သိလိုက်ရတာပါပဲ)
တခါသားဆိုလည်း အစ်ကိုကြီးတယောက်က ပင်လယ်ကမ်းစပ်နား အသက်ကယ်လှေအသေးစားလေးပေါ်မှာတက်ပြီး ငါးမျှားနေတုန်း ငါးမျှားကြိုးက ရုတ်တရက်တင်းသွားပြီး စောင့်ဆွဲသွားလိုက်တာ အသက်ကယ်လှေလေးကလည်း ကျောက်ချမထားတော့ တော်တော်ဝေးဝေးထိကိုပါသွားရော။
ငါးကလည်း တော်တော်ကိုသန်တာ တချက်တချက်ဆို ဟိုဘက် ဒီဘက်ကို လွန်းဆွဲနေလိုက်သေးတာ။
ဘာငါးကြီးလဲဆိုပြီး အားလုံးက စိတ်ဝင်စားပြီး အဲ့ဒီအစ်ကိုကြီးဆွဲအတင်ကိုပဲ ဝိုင်းကြည့်နေကြတာပေါ့။
နောက်ဆုံးတော့ ငါးလည်းမောသွားပြီး ဆွဲတင်လို့ရလို့ ဆွဲတင်လိုက်တော့မှ
လက်တဝါးလောက်သာသာပဲရှိတဲ့ ငါးလိပ်ကျောက်လေးဖြစ်နေရော..
တကတည်းဗျာ အဲ့လဇိလောက်အကောင်လေးဆွဲသွားတာ လူရောလှေအသေးလေးရောပါသွားရတယ်လို့။ ကြံကြံဖန်ဖန်ဗျာ။
သဘာဝတရားဆိုတာကလည်း ကိုယ်တိုင်ကြုံဖူးမှယုံစဖွယ်ပါပဲ
(မှတ်ချက်။ ။ လှေက ဖိုက်ဘာအသက်ကယ်လှေအပေါ့စား ပိစိကွေးလေးပါနော် တော်တော်သေးပါတယ်။ )
“အပိုင်း ၂ ဆက်ရန်”
Mg Phone
AROUND THE BURMA