01/09/2021
ဓာတ်ပုံတွေအကြောင်း စကားစမြည် (၁)
" ကျွန်တော်နှင့် ဓာတ်ပုံပြိုင်ပွဲများအကြောင်း "............................................................
" PHOTO CONTESTS AND ME "
နောက်ပိုင်း ဒီ Ablum လေးမှာ ဓာတ်ပုံတွေအကြောင်းရေးထား ဖြစ်တာလေးတွေ တင်မယ် ။။။
ကျွန်တော် ကြုံတွေ့ဖူး တဲ့ ဓာတ်ပုံ အကြောင်းလေးတွေ မျှဝေပြောပြပါမယ်။။
ကျွန်တော်နဲ့ဓာတ်ပုံတွေအကြောင်း စကားစမြည် ပြောကြမယ် ။ သိချင်တာရှိလဲမေးကြပါ။
ဒီကာလတွေထဲ ဓာတ်ပုံအလုပ်တွေမလုပ်ရ။ အိမ်ထဲအောင်းနေရတာလဲ တော်တော်ကြာပြီ။ အိမ်မှာနေရင်း ဓာတ်ပုံ အကြောင်းစာအုပ်တွေဖတ်ဖြစ်တယ်။ ကြုံတွေ့ဖူးတဲ့ ဓာတ်ပုံ အကြောင်း notes လေးတွေ စာတွေအများကြီး ရေးဖြစ်တယ် ။ အရင်ဓာတ်ပုံလဲတွေပြန်ပြင်ရင်း ဒီအချိန်တွေကိုကျော်ဖြတ်နေရတယ်။
အိမ်မှာနေရင်း ပျင်းနေလောက်မယ့် ဓာတ်ပုံမိတ်ဆွေ တွေလဲ စာဖတ်ဖြစ်ရင်း အတွေး တစ်ခုခုရစေချင်လို့ ကျွန်တော်ရေးထားတဲ့ note လေးတွေ တင်ပါမယ်။
ပထမဦးဆုံး အပိုင်း အနေနဲ့ ကျွန်တော်သိတဲ့ ဓာတ်ပုံပြိုင်ပွဲ တွေအကြောင်းပြောပြချင်ပါတယ်။ ခုမှ ဓာတ်ပုံစရိုက်တဲ့ သူတွေရော ၊ ကျွမ်းကျင်ပြီးသားသူတွေရော ခုလို အချိန် တွေ အိမ်မှာ နေနေရတုန်း ဓာတ်ပုံပြိုင်ပွဲတွေကို မထိတွေ့ဘူးရင် စမ်းသက်လို့ရအောင်ပါ ။
ကျွန်တော်ပြိုင်နေကြပုံစံလေးတွေနဲ့ မျှဝေးပေးပါ့မယ်...
-------------------------------------------------------
" ဓာတ်ပုံပြိုင်ပွဲတွေနဲ့ကျွန်တော် "
------------------------------
- ကျွန်တော့် အတွက် ဓာတ်ပုံပညာရပ်ဆိုတာ ကို အနုပညာရပ်တစ်ခုလို့ တွေးမြင်ထားမိပါတယ်။ အနုပညာ ပစ္စည်းတစ်ခု ဆိုတာကလဲ သူယှဥ် ကိုယ်ယှဥ် ပြိုင်ပွဲဝင်ရမယ့် အရာဝတ္ထု တစ်ခု မဟုတ်မှန်း လက်ခံထားပြီးသားပါ။
- တကယ်တမ်းဆိုရင်တော့ ကျွန်တော် ဓာတ်ပုံလောကထဲ မရောက်မှီနဲ့ စရောက်ကာစကတည်းကိုက ပြိုင်ပွဲဝင်ဓာတ်ပုံတွေနဲ့ ဆုရဓာတ်ပုံတွေကို ကြည့်ရင်းသဘောကျ နှစ်သက် အားကျခဲ့မိပါတယ်။ ကိုယ်တိုင်လဲ ဓာတ်ပုံတွေကို သည်းကြီးမဲကြီး စတင် ရိုက်ဖြစ်ကတည်းက ပြည်တွင်းပြည်ပ ဓာတ်ပုံပြိုင်ပွဲတွေကို တစ်စိုက်မတ်မတ် စောင့်ကြည့်ရင်း ဝင်ရောက်ယှဥ်ပြိုင်ဖြစ်တယ်။ ဆုတွေရခဲ့ဘူးတာတွေရှိသလို ဘာဆုမှမရပဲ အတွေ့အကြုံတွေများကြီးရခဲ့တာတော့ ဒုနဲ့ဒေး ပါပဲ။ ဓာတ်ပုံရိုက်ရတာကိုပျော်ရင်း ပြိုင်ပွဲတွေဝင်ဖြစ်လာတယ်၊ ပြိုင်ပွဲတွေဝင်ဖြစ်ရင်း ဓာတ်ပုံရိုက်ရတာပျော်လာသလို ပေါ့ဗျာ။ ခုချိန်ထိလဲ အလျင်းသင့်သလို ဓာတ်ပုံပြိုင်ပွဲတွေဝင်ပြိုင်နေတုန်းပါ။
- ဓာတ်ပုံပြိုင်ပွဲတွေဝင်ပြိုင်ရခြင်းအတွက် ကျွန်တော့ စိတ်ထဲမှာ ရည့်ရွယ်ချက် ၂ခုရှိပါတယ်။ နံပါတ် ၁ တစ်ခုက ဓာတ်ပုံပြိုင်ပွဲတွေဝင်ပြိုင်ရင်း နဲ့ ကိုယ့်ရဲ့လက်ရာ ဓာတ်ပုံပညာရပ် တိုးတတ်လာဖို့ လေကျင့်ကြိုးစားဖြစ်နိုင်ဖို့ပါ။ ဒီအချက်က တကယ်တမ်းလဲ ခုချိန်ကျွန်တော့် အတွက် အကျိုးရှိခဲ့တယ်လို့ခံစားမိပါတယ်။ ကျွန်တော်တို့ရဲ့ စီနီယာ ဓာတ်ပုံသမားတွေ ၊ ဆရာသမားတွေရဲ့ ဖွင့်နေကျ ဓာတ်ပြားဟောင်းကြီးအတိုင်း “ဓာတ်ပုံကောင်းတွေရိုက်တတ်ချင်ရင် ၊ ဓာတ်ပုံတွေ (ဓာတ်ပုံကောင်းတွေ) များများကြည့် “ ဆိုတာမျိုးပါ။ ဓာတ်ပုံပြိုင်ပွဲတွေဝင်ပြိုင်ရင်းနဲ့ ပြိုင်ပွဲဝင်သူတွေရဲ့ ဓာတ်ပုံလက်ရာကောင်းကို မြင်တွေ့ချင့် ရနိုင်ပါတယ်။ ပြိုင်ပွဲမှာ ကိုယ်က ဆုရသည်ဖြစ်ပါစေ ၊ ဆုမရသည် ဖြစ်ပါစေ ၊ Result ပြိုင်ပွဲဆုရစာရင်း ထွက်လာတဲ့ အခါ ဆုရတဲ့ ဓာတ်ပုံလက်ရာကောင်းတွေကို သတိထားမိပြီး မြင်တွေ့ခွင့် ကြည့်ခွင့် ရနိုင်ပါတယ်။ ကိုယ်ရိုက်ထားတဲ့ ဓာတ်ပုံနဲ့ ယှဥ်ကြည့်ရင်း ကိုယ်ရဲ့ ဓာတ်ပုံအရည်အချင်း level ကိုစမ်းသက်နိုင်သလို၊ ကိုယ့် ဓာတ်ပုံတွေမှာ “ ဘယ်အရာက အားသာတယ် ၊ ဘယ်အပိုင်းက အားနည်းတယ် ၊ ဘာတွေလိုအပ်နေသေးတယ် ၊ ဘယ်အရာတွေကို ပိုကြိုးစားပြင်ဆင်ရအုံးမယ်” စသည်ဖြင့် ကိုယ့်ကိုကိုယ် တိုးတတ်အောင် ပိုတွန်းအားပေးလာနိုင်ပါတယ်။
- ကျွန်တော့်ရဲ့ နောက်ထက်ရည်ရွယ်ချက် တစ်ခုကတော့ ဓာတ်ပုံတွေကို Public လုပ်နိုင်ဖို့ပါ။ ကိုယ်ရိုက်ထားတဲ့ ဓာတ်ပုံတွေ ကို ကိုယ့်ရဲ့ camera , harddisk , computer ထဲ သိမ်းထားတာထက် တခြားသူတွေပါ ကြည့်ရှုခံစားနိုင်ဖို့ Public လုပ်သင့်ပါတယ်။ ဓာတ်ပုံပြိုင်ခြင်း နည်းလမ်းအားဖြင့် ကိုယ့်ပုံတွေကို Public လုပ်နိုင်ပါတယ်။ အကယ်လို့ ဆုရတဲ့ အခါမျိုးတွေမှာ တကယ့်ကောင်းတဲ့ ဓာတ်ပုံတွေအတွက် တကယ့်နာမည်ကြီး ဓာတ်ပုံပြိုင်တွေရဲ့ ဖော်ပြခြင်းခံရရင် နိုင်ငံတကာက စိတ်ဝင်တစားဓာတ်ပုံစောင့်ကြည့်သူပေါင်းများစွာကို ပြသပေးပြီးသားဖြစ်နိုင်ပါတယ်။ ဒီတစ်ခုကတော့ ဓာတ်ပုံနယ်ပယ်မှာ professional တစ်ယောက်အဖြစ် ရပ်တည်နိုင်ချင်တယ်ဆိုရင်တော့ များစွာ အထောက်အကူဖြစ်ပါလိမ့်မယ်။ ခုနောက်ပိုင်းတော့ facebook,Instagram နဲ့ ကိုယ်ပိုင် website တွေရေးဆွဲ ပြီးတော့ ကိုယ်ရဲ့ ဓာတ်ပုံလက်ရာတွေ Portfolio တွေကို Public လုပ်ပြသနိုင်နေပါပြီ။ (ဒါပေမယ့် FB တွေ, IG တွေ တင်တာထက် တကယ့် ဓာတ်ပုံ စိတ်ဝင်စားမယ့် နယ်ပယ်ထဲ ကို ရောက်အောင်ပြသနိုင် ပိုအကျိုးရှိမှာပါ)
- ဓာတ်ပုံဆိုတာ အနုပညာတစ်ရပ်ဆိုရင် ကိုယ်ဖန်တီးထားတဲ့ (ကိုယ့်အတွက်) အနုပညာမြောက်ဓာတ်ပုံတစ်ပုံဟာ ဓာတ်ပုံပြိုင်ပွဲတွေမှာ ဆုရချင်မှရမယ် ရွေးချယ်ခံချင်မှခံရမယ် ။ ကိုယ် ကြိုက်လို့ ကို ယ်ရိုက်တဲ့ ဓာတ်ပုံဟာ ကိုယ်အတွက်ပဲ ဖြစ်ပါလိမ့်မယ်။ ဓာတ်ပုံပြိုင်ပွဲတွေပြိုင်ချင်ရင်တော့ လူအများကြိုက်နှစ်သက်လက်ခံနိုင်အောင် ပြင်ဆင်ထားဖို့လိုမှာပါ ။ ဓာတ်ပုံပြိုင်ပွဲတွေရဲ့ ပြိုင်ပွဲခေါင်းစဥ်တွေနဲ့ သင့်တော်မယ့် ပုံတွေ ၊ ရွေးချယ်သူတွေရဲ့ ကြိုက်နှစ်သက်လောက်မယ့် ပုံစံ ဓာတ်ပုံမျိုးတွေ နဲ့လဲ ပြိုင်ပွဲ ဝင်ကောင်းဝင်ရနိုင်ပါတယ်။ ကျွန်တော် ကြုံဘူးတာဆိုရင် ကိုယ်က အရမ်းကြိုက်ပေမယ့်လဲ ဘာဆုမှ မရတဲ့ ဓာတ်ပုံတွေရှိသလို ၊ ကိုယ်သိပ်မကြိုက်ပေမယ့်လဲ ဆုရသွားခဲ့တယ့် ဓာတ်ပုံတွေ ရှိခဲ့ဘူးပါတယ်။ ဒါမို့ ဓာတ်ပုံပြိုင်ပွဲတွေမှာ ဆုရတိုင်းလဲ ကိုယ့်ကိုကိုယ် တော်လွန်းတတ်လွန်းလှပြီလို့ ထင်စရာ မလိုသလို ၊ ဘာမှမရလို့လဲ စီတ်ဓာတ်ကျနေစရာမလိုဘူးလေးနော့် ။ အတွေ့အကြုံတွေတော့ အများကြီးရမှာ သေချာပါတယ်။ ဓာတ်ပုံ ပြိုင်ပွဲ ဆိုတာ ဟာ သူများရွေးချယ်ပေးတဲ့ ဆုအတွက် ယှဥ်ပြိုင်ချင်းသက်သက်ပါပဲ ။ ဓာတ်ပုံအနုပညာက အနုပညာသက်သက်ပါ။ ကိုယ့်ရဲ့ အနုပညာဓာတ်ပုံလက်ရာတွေ ဖန်တီးပုံဖော်မှု တွေ အမြဲတမ်းတိုးတတ်နေဖို့ ကြိုးစားလေ့ကျင့်နေဖို့ပဲလိုတာပါ။ ခုနောက်ပိုင်း ကျွန်တော့်အတွက်ဆိုရင်တော့ ကိုယ်ကြိုက်နှစ်သက်သဘောကျတဲ့ ဓာတ်ပုံမျိုးတွေပဲ ရိုက်တယ်၊ ဓာတ်ပုံပြိုင်ပွဲအကြိုက်တွေလိုက်မရိုက်တော့ပဲ ကိုယ်ရိုက်ဖြစ်တဲ့ ဓာတ်ပုံအမျိုးအစားတွေနဲ့ပဲ ပြိုင်ပွဲတွေဝင်ရင်း လေ့လာကြိုးစားနေဆဲပါ။
- ဓာတ်ပုံပြိုင်ပွဲလို့ ဆိုလိုက်တာနဲ့ ခုလို Internet ခေတ်ကြီးထဲ ရှာဖွေရတာ လွယ်ကူပြီး ပြိုင်ပွဲပေါင်းဆိုတာ ကလဲ တစ်ပုံတစ်ပင် အများကြီးရယ်။ ပြိုင်ပွဲဝင်မယ့် ကိုယ်ရဲ့ဓာတ်ပုံလက်ရာ၊ကိုယ့်ရဲ့ပုံအရည့်အသွေးနဲ့ သင့်တင့်မျှတတဲ့ ပြိုင်ပွဲတွေကိုရွေးချယ်ရပါလိမ့်မယ်။ ဆိုလိုချင်တာက ခုမှစပြိုင်မယ့် သူတွေအတွက် ပြိုင်ပွဲဝင်ကြေးတွေအများကြီးပေးရတဲ့ ပွဲမျိုးတွေ ဝင်ပြိုင်တာထက် အခမဲ့ ပြိုင်ပွဲ မျိုးတွေ အရင်စမ်းသက်ဝင်ပြိုင်ဖို့ပါ။ နောက်တစ်မျိုးကတော့ ကျွမ်းကျင်သူတွေ က ကိုယ့်ရဲ့ အရမ်းကောင်းတဲ့ လက်ရာတစ်ပုံတွေကိုလဲ ပေါပေါပဲပဲ ပြိုင်ပွဲတွေမှာ ဝင်မပြိုင်စေမိဖို့ပါ။ ( ဒီလိုခပ်ပေါပေါ ခပ်ခြာခြာ ဓာတ်ပုံပြိုင်ပွဲတွေလဲ အများကြီးပါ။ ကိုယ်ကဝင်ပြိုင်မိသွားရင် ကိုယ့်ပုံတွေအတွက် ဘာမှမရပဲ သူတို့ကို ပုံအသုံးပြု ခွင့်တွေ ပေးလိုက်ရနိုင်ပါတယ်။ ) ဂုဏ်သိကာ မြင့်မားပြီး ၊ အစဥ်အလာကောင်းတဲ့ ဓာတ်ပုံပြိုင်ပွဲမျိုးတွေ ကို ရွေးချယ် ယှဥ်ပြိုင် တတ်စေချင်တယ်။ ပြည်တွင်းဓာတ်ပုံပြိုင်ပွဲ တွေဆိုရင်တော့ ဓာတ်ပုံအသိုင်းအဝိုင်းနဲ့ facebook စာမျက်နှာတွေပေါ်မှာ မျက်ခြေမပျက် စောင့်ကြည့်နေဖို့လိုသလို ၊ နိုင်ငံတကာ ပြိုင်ပွဲတွေအတွက်တော့ ကိုယ်တိုင် Internet အသုံးပြုပီး ရှာဖွေနိုင်ပါတယ်။
-ခုအချိန် နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲတွေ အကြောင်းပိုပြောပြချင်ပါတယ်။ ကျွန်တော် ပြိုင်ဖြစ်တဲ့ နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲတွေအကြောင်းပြောရမယ်ဆိုရင် အဖွဲ့အစည်းပေါင်းစုံကနေ ပြုလုပ်ကျင်းပတဲ့ ဓာတ်ပုံပြိုင်ပွဲပေါင်းမျိုးစုံရှိပါတယ် ။ အကြမ်းဖျင်းအရ ၂မျိုးခွဲ မယ်ဆိုရင် - ဓာတ်ပုံပြိုင်ပွဲအတွက် ဆုကြေးတွေ များစွာပေးတဲ့ ပွဲ Photo Contest တွေရှိသလို ၊ ပြိုင်ပွဲဆုကြေးတွေ မရပဲ ဓာတ်ပုံနယ်ပယ်ရဲ့ ဘွဲ့တံဆိပ် တွေပဲပေးတဲ့ ပြိုင်ပွဲ Salon Photo contest လိုမျိုး တွေရှိပါတယ်။ ဓာတ်ပုံဘွဲ့တွေ တံဆိပ်တွေ ရဖို့ အတွက် Salon Photo Contests တွေကတေ့ာ နိုင်ငံတကာက အသင်းတွေက ပါဝင်အသိမှတ်ပြုထားတဲ့ FIPA တို့လို , PSA တို့လို့ ဓာတ်ပုံအဖွဲ့အစည်းတွေကနေ ပြုလုပ်ကျင်းပပါတယ်။ အများအားဖြင့်တော့ ဒီလိုပြိုင်ပွဲတွေက ဝင်ကြေး entry fees တွေပေးပြီးမှ ဝင်ပြိုင်ရလေ့ရှိပါတယ်။ ဒီလိုပြိုင်ပွဲပေါင်းများစွာပြိုင်ပြီးမှ သူတို့သတ်မှတ်ထားတဲ့ ဆုတံဆိပ် ဘွဲ့တံဆိပ်တွေ လျောက်ထားရတာပါ။ ဒီSalon ပြိုင်ပွဲတွေစိတ်ဝင်စားရင်တော့ သူတို့ သတ်ဆိုင်ရာ website တွေမှာ link တွေရှာဖွေပြီးဝင်ပြိုင်လို့ရပါတယ်။ ဒီပြိုင်ပွဲတွေအကြောင်း နောက်မှ သက်သက်တင်ပါ့မယ်။
- နောက်ထပ် ဓာတ်ပုံပြိုင်ပွဲ ပုံစံတစ်မျိုးဖြစ်တဲ့ Photo Contest/Competition တွေကတော့ ဆုရွေးချယ်ခံရရင် ဆုကြေးတွေ , Camera products တွေ ရရှိနိုင်တဲ့ ပြိုင်ပွဲ မျိုး တွေဖြစ်ပါတယ်။ အခမဲ့ Free ပြိုင်ပွဲတွေရှိသလို ၊ enrty fees ဝင်ကြေးပေးပြီးမှ ပြိုင်ရတယ့်ပွဲတွေရှိပါတယ်။ ဓာတ်ပုံပြိုင်ပွဲဝင်ဖို့စိတ်ဝင်စားသူတိုင်း ဒီလိုပြိုင်ပွဲတွေ မှာ ဝင်ပြိုင်သင့်ပါတယ်။ နိုင်ငံတကာမှာသီးခြား ဓာတ်ပုံအဖွဲ့ တွေ ၊ Camera Company တွေ နဲ့ ဓာတ်ပုံဆိုင်ရာ Website တွေ ကနေ ခေါ်ယူကျင်းပတဲ့ ပြိုင်ပွဲ မျိုးတွေပါ။ လစဥ် Monthly ပြိုင်ပွဲတွေ နဲ့ နှစ်စဥ် ပြုလုပ်ကျင်းပတဲ့ ပြိုင်ပွဲမျိုးတွေ ရှိသလို ရံဖန်ရံခါ ဓာတ်ပုံ အဖွဲ့တွေက ကျင်းပတဲ့ ပြိုင်ပွဲတွေလဲရှိပါတယ်။ လစဥ်ပွဲတွေအတွက် အရင်ကတော့ betterphoto.com တို့ www.gurushots.com တို့လို website မှာ ကျွန်တော် ဝင်ပြိုင်လေ့ရှိပါတယ် ။ Grand Prize တွေထိ ရှိခဲ့ဘူးပါတယ်။ တခြား နှစ်စဥ် ဓာတ်ပုံပြိုင်ပွဲတွေ အတွက် ကျွန်တော် အမြဲ စောင့်ကြည့် ဖြစ်တဲ့ website လဲတွေရှိပါတယ်။ www.photocontestinsider.com တို့ www.photocontestguru.com တို့ www.photocontestdeadlines.com တို့ ။ ဒီလို website တွေကနေပြီးတော့ လဲ ဓာတ်ပုံပြိုင်ပွဲ information တွေရနိုင်ပါတယ်။ ဓာတ်ပုံပြိုင်ပွဲ ပိတ်မဲ့ ရက်တွေ ၊ ဝင်ကြေးပေးရလား/အခမဲ့ပွဲလား ၊ စသည်ဖြင့်ဝင်ကြည့်နိုင်သလို ၊ “ Travel Photography ပြိုင်ပွဲလား ၊ Street , Documenrty , Fashion , Wedding, Portrait , Wildlife, Landscape ပြိုင်ပွဲလား၊ Mobile Photography ပြိုင်ပွဲလား ” ဆိုပြီး ကိုယ်နဲ့ သင့်တော့်မယ့် ပြိုင်ပွဲအမျိုးအစားတွေ ရွေးချယ်ဝင်ပြိုင် လို့ရပါတယ်။ခုနောက်ပိုင်း ကျွန်တော် INSTAGRAM ပိုသုံးဖြစ်တော့ IG မှာပြိုင်ရတဲ့ ဓာတ်ပုံပြိုင်ပွဲတွေလဲ ခေတ်စားလာတာ တွေ့ရပါတယ်။
- ဘယ် ဓာတ်ပုံပြိုင်ပွဲမဆို ဝင်ပြိုင်ခါနီး သတိထားရမယ့် အရေးကြီးတဲ့ အချက်ကတော့ ပြိုင်ပွဲရဲ့ Terms&Conditions သတ်မှတ်စည်းကမ်းတွေ သေချာဖတ်ဖို့ပါ။ ဝင်ကြေးပေးရတဲ့ ပြိုင်ပွဲတွေဆိုပို ဂရုစိုက်သင့်တာပေါ့ ။ သူတို့ သတ်မှတ်ထားတဲ့ Photo Quality နဲ့ Ratio , Size တွေထဲ ဝင်အောင်လုပ်ပြီးမှ ပြိုင်ရပါတယ်။ကိုယ်ရိုက်ထားတဲ့ ဓာတ်ပုံရဲ့ date တွေကိုလဲ သတိထား ရပါတယ်။ တချို့ ပြိုင်ပွဲတွေဆိုရင် ဆုပြီးသား ဓာတ်ပုံတွေ ၊ ပြိုင်ပြီးသားဓာတ်ပုံတွေနဲ့ Public လုပ်ပြီးသားပုံတွေ ထပ်ဝင်ပြိုင်ခွင့် မပေးတာမျိုးတွေလဲရှိပါတယ်။ ပြိုင်ပွဲ တစ်ခုချင်းဆီရဲ့ စည်းကမ်းကိုသေချာဖတ်ပါ။ ဆုရပြီးမှ ပြိုင်ပွဲစည်းကမ်းနဲ့ မကိုက်ညီလို့ reject လုပ် ဖယ်ရှားပလိုက်တာတွေလဲရှိပါတယ်။ ပြိုင်ပွဲတွေ အခုမှ စပြိုင်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ ပြိုင်ပွဲဝင်ဖို့ email လိပ်စာ တစ်ခု မဖြစ်မနေလိုပါတယ်။ ပြိုင်ပွဲအတွက် သီးသန့် email တစ်ခု ဖွင့်ထားရင်ပိုကောင်းတာပေါ့။
- ကိုယ်ဝင်ပြိုင်မယ့် ကိုယ့်ဓာတ်ပုံတွေကို ပြိုင်ပွဲရဲ့ ခေါင်းစဥ်တွေ , Theme တွေ , ပြိုင်ပွဲ ရည်ရွယ်ချက်တွေ နဲ့ ကိုက်ညီအောင်ရွေးချယ်ပြီး ဝင်ပြိုင်မယ်ဆိုရင် ဆုရွေးချယ်ခံရဖို့ ပို နီးစပ်ပါတယ်။
- ကျွန်တော် ကတော့ ပြိုင်ပွဲတစ်ခုပြိုင်ခါနီးတိုင်း ဒီပြိုင်ပွဲ ရဲ့ အကြောင်းကို အရင်သိအောင်လုပ်ပါတယ်။ နှစ်စဥ်လုပ်နေကြပြိုင်ပွဲတွေဆိုရင် သူရဲ့ သမိုင်းကို ပြန်လှန်တာပေါ့ဗျာ။ “ အရင်နှစ်တွေက ဘယ်လိုပုံတွေ ဆုရခဲ့ဘူးလဲ၊ ဘယ်လို စတိုင်မျိုးတွေကြိုက်တတ်လဲ ၊ ဆုရွေးချယ်တဲ့ သူတွေက ဘယ်လို ဓာတ်ပုံမျိုးတွေရိုက် တတ်လဲ၊” ဒါတွေက ဓာတ်ပုံမပြိုင်ခင် ပထမဆုံးလုပ်တဲ့ ကျွန်တော်အလုပ်ပါ။ ပြီးခါမှ ကိုယ့် ရိုက်ထားတဲ့ ဘယ်ဓာတ်ပုံကဖြင့် ဒီပြိုင်ပွဲနဲ့ သင့်တော် ကိုက်ညီတယ် ဆိုပြီး ရွေးချယ် ယှဥ်ပြိုင်ပါတယ်။
- အဲ့တော့ ခုချိန်ထိ ဓာတ်ပုံပြိုင်ပွဲတွေ ကို အလျင်းသင့်သလို ကျွန်တော် ဝင်ပြိုင်နေတုန်းပါပဲ ။ အခုမှစပြီး ဓာတ်ပုံတွေကို ရိုက်နေတဲ့ သူတွေပဲဖြစ်ဖြစ် ၊ ကျွမ်းကျွမ်းကျင်ကျင် ဓာတ်ပုံတွေ ရိုက်နေသူတွေပဲဖြစ်ဖြစ် ကိုယ်ရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ ပြိုင်ပွဲတွေ ဝင်ပြိုင်ကြည့်ရင်း ကိုယ့်ရဲ့ ဓာတ်ပုံလက်ရာတွေကို စမ်းစစ်ကြည့်စေချင်ပါတယ်။ ကိုယ်ရဲ့ ဓာတ်ပုံလက်ရာ ပညာရပ်တွေနဲ့ အောင်မြင်မှု တွေ အမှတ်တရတွေ ရယူနိုင်ဖို့ ကျွန်တော်ဖြတ်သန်းခဲ့ဘူးတဲ့ ဓာတ်ပုံပြိုင်ပွဲ အတွေ့အကြုံတွေကို မျှဝေ အကြံ ပေးတာပါ။ ဓာတ်ပုံပြိုင်ပွဲတွေအကြောင်းသိချင်တာဖြစ်ဖြစ် - ပြိုင်ကြည့်ရင်း မသိတာ အခက်အခဲ ကြုံတာဖြစ်ဖြစ် သိချင်တဲ့ အကြောင်းအရာတွေကို လဲ ကျွန်တော့် ဆီတိုက်ရိုက်မေးမြန်းလို့ရပါတယ်။ ဓာတ်ပုံပြိုင်ပွဲတွေ ဝင်ပြိုင်ရင်း ဓာတ်ပုံ ပညာရပ်တွေနဲ့ ဓာတ်ပုံလက်ရာတွေ တိုးတတ်ဖို့ များစွာ လေ့လာ ကြိုးစား နိုင်ကြပါစေ …….......
PPTP
(ခေတ္တ - အိမ်ထဲအောင်းနေရတဲ့ မြန်မာပြည်က လန်းစကိတ် အမ် ထရာဘယ် ဖိုတိုဂရပ်ဖါ)
နောက်ပိုင်းတခြားအကြောင်းအရာလေးတွေ ရေးတင်ပါမယ်..
( အောက်က ကိုယ့်ပုံက ခေါင်းစဥ်နဲ့မဆိုင်ပေမယ့် ကိုယ့်ဘာသာ တင်ချင်လို့တင်သည်။ )