13/07/2024
မည်သို့ပင် ပြန်မရနိုင်သော ငယ်ဘဝက အစိမ်းအဖြူ
(သို့မဟုတ်)
ငယ်ဘဝအစိမ်းအဖြူ၏ အမှတ်တရနှင့် ဝမ်းနည်ဖွယ်နေ့ရက်များ
ကောင်းကင်သည် မည်းအုံးဆိုင်းနေသော မိုးသားတိမ်တိုက်တို့မှာ အငြိုးတကြီး သဲသဲမဲမဲ ရွာသွန်ဟန်ရှိနေသည်။ သည်တစ်ဖက်ခြမ်းတွင် လင်းလှပြာလက်နေပြီး သာယာလှပနေပေသည်။ စွန်များသည် စိမ်းစိုလှပနေသော လယ်ကွင်းများအပေါ်တွင် လေကို ဆန်လျက် မြင့်မြင့်လွင့်ပျံနေကြသည်။ လယ်ကွင်းတို့အပေါ် ကျရောက်နေသည့် အရိပ်တို့သည် တိမ်တိုက်များ၏ မာရသွန်းပြေးလွှာနေခြင်းကြောင့် အလင်းနဲ့ အမှောင် တစ်လှည့်စီး ပြန့်ကျနေလေသည်။ သဘာဝမိခင်၏ ရင်ခွင်ဆိုသည့်အတိုင်း လယ်ကွင်းများထဲတွင် အစိမ်းအဖြူဝတ်ထားသော ကျောင်းသူကျောင်းသား အချို့သည် ထိုတစ်စု သည်တစ်စုဖြင့် စပါးဖူးများ နုတ်စားနေကြသည်။ ဤသည်မှာ လွန်ခဲ့သော ဆယ့်စုနှစ် နှစ်ခုခန့်က မတိုးတက်သေးသော ကျေးရွာလေးတစ်ရွာ၏ မုန့်စားကျောင်းဆင်းချိန် မြင်ကွင်းဖြစ်သည်။
* ကျောင်းအုပ်ကြီးချစ်သော ပထမတန်းက ကျောင်းသားဆိုးလေးတစ်ဦး
မိုးသားတိမ်တိုက်အကြားမှ နေအလင်းတန်းတို့သည် စပါးခင်းများသို့ ဖြာကျနေသည့်ကို အထင်သားကောင်းစွာမြင်နေရသည်။ လေအေးများနှင့်အတူ ကျောင်းတက်ခေါင်းလောင်းထိုးသံသည် လယ်ကွင်းများထဲတွင် လွင့်မျောကာ ပြန့်နှံနေသည်။ ထို့ကြောင့်ကျွန်တော်တို့သည် ကျောင်းတော်ကြီးသို့ သူထက်ငါ့ အမြန်ရောက်ရန် ပြေးလာခဲ့ရပုံမှာ အလွန်ပင်ပျော်စရာကောင်းလှသည်။ အချို့ကျောင်းသားများသည် ခြေထောက်တွင် ပယ်ကျန်နေသော ရွံ့ဗွက်များကို ကျောင်းရှေ့အင်းအိုင်များတွင် ဆေးကြွရန် သူထက်ငါ အမြန်ရောက်အောင် ပြေးကြရသည့်မှာလည်း မောလှသည်။ ကျွန်တော်တို့ ကျောင်းသည် တောင်နှင့်မြောက် အလျားလိုက် ဆောက်လုပ်ထားပြီး နောက်ဘက်အရပ်ဆီ မျက်နှာမူလျက်ရှိသည်။ သို့သော်လည်း ကျွန်တော်တို့ ပထမတန်းမှာ ရှေ့အရပ်သို့ မျက်မူ၍ စာသင်ရသည်။ ကျွန်တော်တို့ စာသင်ခန်းက ကြည့်လျှင် ကုလားတန်မြစ်တွင် အစုံအဆန်း ဥဒဟို သွားနေကြသည့် လှေသင်္ဘါတို့ကို ပန်းချီကားတစ်ချပ်ကဲ့သို့ အထင်သာမြင်နေရသည်။ ၎င်းမြစ်မှာ လာသော လေရူးများသည် လယ်ကွင်းကို ဖြတ်၍ တိုက်ခတ်သည့်အချိန်တွင် စပါးပင်များသည် ကိန္နရီမလေးများ ယိမ်းနွဲ့ကပြနေဟန်နှင့် တူသည်။ ထိုလေများသည် ကျွန်တော်တို့ စာသင်ခန်း ပါးတင်ပေါက်အား ဖြတ်ဝင်ကာ တိုက်ခတ်နေခြင်းကြောင့် စာသင်ရသည့် အချိန်တွင် အလွန်ပင် လန်းဆန်းတက်ကြွနေခဲ့သည်။ သည်အထဲတွင် ကျွန်တော် မပါ။ ကျွန်တော်သည် ကျောင်း၌ ဆော့နေရခြင်းကိုသာ အလွန်ခုံမင်နှစ်သက်သည်။ ကျွန်တော်တို့ ကျောင်းမှာ အခြေခံပညာမူလတန်းကျောင်းဖြစ်ပြီး အတန်းများအား ပင်မ စာသင်ဆောင်ကြီး၌ ဟိုတစ်စု သည်တစ်စု ခွဲလျှက် နေရာချပေးထားခြင်းဖြစ်သည်။ ဆရာမများတွင် ရပ်နေသည့်နေရာမှ ကြည့်လျှင် တစ်ကျောင်းလုံးမှာ ကျောင်းသားအားလုံးကို ကောင်းစွာ မြင်ရသည်။ ကျွန်တော်ကိုပင် သူငယ်တန်းဆရာမမှ စ၍ အသက်ကြီးကြီး ကျောင်းအုပ်ဆရာမကြီးအထိ ကောင်းစွာသိကြသည့်သာမက တစ်ကျောင်းလုံးနီးပါး သိကြသည်။ (စကားပုံဖြင့် ပြောရလျှင် ကျော်ဟိန်းကို လူတိုင်းသိကြသည်။ လူတိုင်းကို ကျော်ဟိန်းက မသိ)တူနေသည်။ ကျွန်တော်သည် အားကစားတွင် ထူးချွန်၍ မဟုတ်၊ အတန်းထဲတွင် စာတော်၍ မဟုတ်ပေ။ ဆရာမများနှင့် ကျောင်းသူကျောင်းသားအချို့ နှာခေါင်းရှုံ့လောက်အောင် အဆော့သန်၊ အငိုသန်၊ နိုင်ထက်စီနင်းလုပ်နေခြင်းပင်ဖြစ်လေသည်။ ကျွန်တော်တို့ ရွာသူရွာသားများသည် လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်၍ အချို့ ကြုံရာကျပန်းအလုပ်များ လုပ်ကြသည်။ ကျွန်တော်တို့ မိသားစုမှာ လယ်သမားမျိုးရိုးဖြစ်သွားလည်း ကျွန်တော်မိဘနှစ်ပါးလက်ထက်တွင် လယ်ယာလုပ်ငန်း မလုပ်ကိုင်ကြပေ။ ကျေးရွာရှိ အချို့မိဘများ၏ မပြေလည်မှုများကြောင့် အစိမ်းအဖြူဝတ်၍ ကျောင်းတက်ကြသူ အနည်းငယ်သာတွေ့ရသည်။ ကျောင်းတက်ရသည့် နေ့များတွင် မိဘများက သားသမီးများကို လက်တွဲကာ ကျောင်းသို့ လိုက်ပို့လည်း ရှိကြသည်။ ကျွန်တော်သည် အစိမ်းအဖြူဝတ်စုံအပြည့်ဖြင့် ကျောင်းတက်ခွင့်ရသော်လည်း ထို့ကဲ့သို့ အခွင့်ရေးမျိုး အလွန်ပင် ရှားပါးသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်အမေမှာ ကျေးရွာ၌ ရောင်းအားကောင်းသည့် ကုန်စုံဆိုင်တစ်ဆိုင် ပိုင်ဆိုင်ထားခြင်းပင်သည်။ ကျေးရွာတွင် ကုန်စုံဆိုင် သုံးဆိုင်ခန့်သာ ရှိသည်။ သို့သော်လည်း အမေ ကျွန်တော်အား ကျောင်းသို့လိုက်မပို့သော်လည်း လာခေါ်သည့် အချိန်တစ်ချိန် သီးသန့်ရှိနေသည်။ ထိုအချိန်မှာ တစ်ကျောင်းလုံး ဆရာမများ ကျွန်တော် ချောမော၍ မရ၊ ခြိမ်းခြောက်၍ မရသဖြင့် လက်လွှတ်လိုက်ရသည့် အချိန်ပင်ဖြစ်သည်။ သည်အချိန်တွင် ကျွန်တော်သည်ကား ကျောင်းအောက်၌ ရွံ့ဗွက်တောထဲတွင် ဘယ်သူကိုမှာ ဂရုစိုက်မဘဲ ဆော့ကြနေသည်။ ကျောင်းအုပ်ဆရာမကြီးမှာ ကျွန်တော်အား အကြိမ်ပေါင်းများစွာ ချောမော၍ ခေါ်ပါသော်လည်း မရ။ သူမသည် အသက် ၅၀ ကျော် အရွယ်ခန့်ရှိနေပြီး၍ အကြိမ်ကြိမ်ခေါ်နေသွားကြောင့် အသံများသည် တိုးသွားကာ အက်ကွဲသံများ ပေါက်လာသည်။ ထို့ကြောင့် ကျောင်းသားနှစ်ဦးကို ကျွန်တော်၏ အမေအား သွားခေါ်လိုက်၍ ရောက်လာခြင်းသည့်သာ ဖြစ်သည်။ ကျွန်တော်သည် အလွန်ဆိုးသော်လည်း ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာမများလည်း အလွန်ချစ်ကြသည်။ မည်သည့်အကြောင်းကြောင့် ကျွန်တော် မသိပေ။ ဤတစ်ကြိမ်တွင် ဆရာမများ ချစ်သလောက် ကျွန်တော်၏ မွေးမိခင်မှာ မချစ်တော့ဟန်တူသည်။ မျက်နှာသည် အပြုံးမရှိ၊ မျက်လုံးတစ်စုံသည် စူးရှားကာ ကျွန်တော်အား စိုက်ကြည့်လျက် ဦးတည်၍ လျှောက်လာသည်။ ကျွန်တော်၏ လက်မောင်းကို တင်းကြပ်စွာ ကိုင်ကာ စကားတစ်ခွန်းမျှမပြောဘဲ ခွေးသေဝက်သေများကို ဆွဲသွားသကဲ့သို့ အိမ်သို့ ဒွတ်ရပ်စွပ် ဆွဲခေါ်လေသည်။ ကောင်းကောင်း အရိုက်ခံရတော့မည်ကို သိသော်လည်း စာမသင်ရသည့်ကိုသာ ကျေနပ်နေသည်။ ထို့အပြင် ကျွန်တော်သည် တစ်ကျောင်းလုံးတွင် အကောင်ဆုံး လက်လုပ်သေနတ် နှစ်လက်ကို ပိုင်ဆိုင်ထားသည်။ လက်လုပ် သေနတ်ဆိုသည်မှာ ကျောင်း၌ ဆော့ကစားရာတွင် အသုံးပြုကြသည့် ဗလာစာအုပ် မျက်နှာဖုံးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ထို့အပြင် စာရွက်များဖြင့် ပြုလုပ်ထားသော ဆိုက်ကယ်ဦးထုပ်များကို ခေါင်းတွင် ဆောင်ပြီး ကျောင်းလွတ်ချိန်တွင် သူထက်ငါမြန် အသာကုန် ပြေးဆင်းကြသည်။ သေနတ်လုပ်ရာတွင် ရေးပြီးသား စာအုပ်အဟောင်းများ၏ မျက်နှာဖုံးများကိုသာ အသုံးပြုကြသည်။ ထိုကြောင့် ရရှိလာသည့် သေနတ်တို့သည်လည်း ဟောင်းနွမ်းကုန်ကြ၏။ ကျွန်တော်သည်ကား အကောင်းဆုံးဖြစ်လို၍ လေးကြောင်းမျဉ်းစာအုပ်(လက်ရေးလှစာအုပ်) အသစ်စစ နှစ်အုပ်ကို အိမ်က တိတ်တိတ်လေး ယူလာ၍ မျက်နှာဖုံးများကို သေနတ်လုပ်ခိုင်းသည်။ လုပ်ပေးရမည်သူမှာ အသစ်စစဖြစ်၍ မလုပ်လိုသဖြင့် သေနတ်အဟောင်း တစ်လက်ပေးကာ လုပ်ခိုင်းစေခဲ့သည်။ ကျွန်တော် သေနတ်သည် စက်ရုပ်ပုံများနှင့် ရောင်စုံကာလများဖြင့် လွန်စွာ လှပနေသည်။
* အနွံ့တာခံသည့် ဆရာမလေး
တစ်နေ့တွင် ကျွန်တော်ကျောင်းမှ ပြန်လာချိန်တွင် အမေသည် အသက် ၂၀ ကျော်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးနှင့် စကားပြောနေကြသည်။ ထိုအမျိုးသမီးမှာ ကျွန်တော်အား ယုယကြင်နာသော အပြုံး၊ ကျွန်တော်ဆိုးသမျှကို အနွံတာခံမည့် အမူအရာများဖြင့် ဆီးကြိုနူတ်ဆက်သည်။ သူမသည် စစ်တွေမြို့တွင် ကောလိပ်တက်ရန်အတွက် ကျွန်တော်တို့အိမ်၌ ခဏတာ တည်ခိုးခြင်းဖြစ်သည်။ မည်သို့မည်ပုံ အဆက်သွယ်ဖြင့် ရောက်လာခြင်းမျိုး ကျွန်တော် မသေးချေ။ သူမသည် ကောလိပ်တက်နေချိန်ကာလအတွင်း ကျွန်တော်တို့ အိမ်နောက်က စပါးကျီဘေး၌ စာသင်ခန်းလေးတွဲကာ မူလတန်းကလေးငယ်များကို ကျူရှင်ပြမည်ဖြစ်သည်။ တဖြည်းဖြည်းဖြင့် ကျွန်တော်တို့ စာသင်နှစ်သည် နှစ်တစ်ဝက်ခန့်ကို ကျော်လွန်ခဲ့ပြီးလည်းဖြစ်သည်။ သို့သော်လည်း ကျွန်တော်၏ အပြုအမူများမှာ ပြောင်းလဲသွားခြင်းမရှိပါ။ ကျောင်းကြီးနှင့် ကျူရှင်တို့မှာပင် နိုင်ထက်စီးနင်းခြင်းများ ပြုလုပ်နေခြင်းကြောင့် ရွာမှအတန်းဖော်သူငယ်ချင်းများက အပေါင်းအသင်းမလုပ်ကြချေ။ သို့တစေ ကျွန်တော်တွင်လည်း လည်ပင်ဖက်ပေါင်းကြသည့် ချစ်စရာကောင်းသော သူငယ်ချင်းနှစ်ယောက်ရှိသည်။ သူတို့မှာ ကျွန်တော်တို့ ရွာအနီးကပ်လျက် ရွာမှလာကြခြင်းဖြစ်သည်။ ထို့ကြောင့် ကျောင်းပိတ်ရက်များတွင် သူတို့နှစ်ယောက်နှင့် အတူတူ ဆော့မကစားရချေ။ သို့သော်လည်း ကျောင်းတက်ရက် ကြာအားလပ်ချိန်တွင် အစိမ်းအဖြူဝတ်စုံများ ညစ်နွံအောင်အထိ အတူတူ ဆော့ကစားလည်းရှိကြသည်။ တစ်ခါတစ်ရံ တစ်ယောက်နှင့် တစ်ယောက် လက်ချင်းချိတ်၍ တစ်မျိုး၊ လည်ပင်ဖက်၍ တစ်ဖုံ မိုးရေထဲ၌ လမ်းလျှောက်ပြေးလွှာကာ ဆော့ကြသည်။ ဗွတ်အိုင်များတွေ့လျှင်လည်း သူထက်ငါ ဆင်း၍ ဆော့ကြသည်။ ကျူရှင်တွင် ဆရာမက ဗွတ်အနံ တလှိုင်လှိုင်ကြောင့် စာသင်၍ မရသဖြင့် သေချာရေဆေးခိုင်းပေသည်။ ဆရာမသည် ကျွန်တော်လုပ်သမျှကို အရေးတစ်ယူလုပ်၍ ပြောမနေတော့ပါ။ အဘယ်ကြောင့်ဆိုသော် ဆရာမသည် ကျွန်တော်အား ပြောမရဆိုမရသည့်က တစ်ကြောင်း၊ ကျွန်တော် ရန်ရှာမှုတို့ကြောင့် တစ်ယောက်တည်းငိုခဲ့ရသည့်မှာ အခါပေါင်းမနည်းတော့ပါ။ သူမအတွက် ကျွန်တော်သည် ဂြိုလ်ဆိုးတစ်ကောင်ဝင်ပူးနေသော ကျောင်းသားဆိုးလေးတစ်ယောက်ဆိုလျှင်လည်း မမှားတော့ပါ။ ထိုသည်မှာ အမှန်ပင်ဖြစ်ပေသည်။ အိမ်၌ အဖေမရှိသော နေ့များတွင် ဂြိုလ်ဆိုးသည် ကျောင်း၌ ပို၍ သောင်းကျန်တတ်၏။ ကျွန်တော်စိတ်ကောင်းဝင်နေလျှင် ဆရာမခိုင်းသော်လည်း စာများရေနေတတ်ပြီး ဂြိုလ်ဆိုးဝင်လာလျှင် မည်သည့်အရာကိုမှ စိတ်မဝင်စားတောပေ။ မိမိလုပ်ချင်းသည့် အရာကိုသာ လုပ်နေတတ်၏။ ထိုအချိန်တွင် ကျွန်တော်အား ပြောမရ၍ တုတ်ဖြင့်ရိုက်လျှင် ဆရာမအား ရန်ပြုမည်သကဲ့သို့ တုန့်ပြန်တတ်သည်။ ထို့ပြင် ကျူရှင်တစ်ခုလုံးလည်း စာကောင်းကောင်း မသင်ရချေ။ ထို့နေ့ကျွန်တော် ကျောင်းဆင်းလျှင် မြင်သမျှ ကျောက်သင်းပုန်းများ၊ ကျောက်တံများကို တစ်စစီဖြစ်အောင် နင်း၍ ပြန်လေသည်။ ထိုလုပ်ရပ်များကြောင့် အမေသည် ကျောင်းသားမိဘများ လာရောက်တိုင်ကြားခြင်းခံရသည်မှာလည်း အကြိမ်ပေါင်းနည်းတော့ပါ။ တစ်ခါတစ်ရံ ကျွန်တော်အိမ်၌ ကျောင်းသားမိဘများ အစည်းအဝေးခေါ်ထားသကဲ့သို့ တိုင်ကြားလာသူများနှင့် ပြည့်နက်နေသည်။
အချို့က ပျက်စီးကျိုးပဲ့သွားသော ကျောက်သင်းပုန်းများကို ပြန်အစားလိုချင်၍ မဟုတ်ပေ။ ကျွန်တော်၏ မကောင်းသတင်းများနှင့် အပြုအမူများကို ကျွန်တော့်အမေသိအောင် လာရောက် တိုင်းကြားခြင်းဖြစ်သည်။ အချို့သူကိုတော့ အစားပြန်ပေးရသည်။ ထို့အစားပြန်ပေးရသောအရာများထဲတွင် ကျောက်သင်းပုန်း၊ ကျောက်တံများနှင့် ရပ်တန့်မသွား။ ထီး၊ ဖိနပ်များအထိ ပါလာသေးသည်။ ကျွန်တော် ကျောင်းမတက်သည့်နေ့များတွင် အိမ်၌ ကောင်းကောင်းနေခြင်းမဟုတ်ပေ။ ဝါးဖြင့် ပြုလုပ်ထားသော လှံနှင့် လေးတို့ဖြင့် တစ်ဖက်စာသင်ခန်းအောက်တွင် အခြောက်ခံလှန်ထားသော ထီးတို့ကို အိမ်မှနေ၍ ရွယ်ရည်ချက် ရှိရှိ ထိအောင် လှမ်းပစ်တတ်သည်။ ထို့အပြင် ကျောင်းမဆင်းမှီ ကျဘန်းကောက်ယူလာသောဖိနပ်များကို ဖိနပ်ကြိုးဖြတ်၍ ကြွက်တွင်းထဲသို့ ထိုးထည့်ကာ ဝှက်ထားတတ်သည်။ ထို့ကြောင့် အမေသည် ကျွန်တော်အား အပြစ်ပေးတတ်သည်။ အမေ၏ အပြစ်ပေးဆုံးမခြင်းကို မမူသော်လည်း အဖေ၏ အပြစ်ပေးမှုကို ကြောက်လှပေသည်။ မိမိအိမ်၌ ကျူရှင်ဖွင့်ထားသော ကျောင်းသားများအတွက် ကျောင်းပျက်ရန် အလွန်ခက်လှပေသည်။ ထိုနေ့တွင် မည်ကဲ့သို့ဖြစ်နေခြင်းမျိုးလည်း ကျွန်တော် မသိချေ။ ကျူရှင်မတက်ချင်ပေ။ ကျူရှင်မတက်/တက်ရန်ကိစ္စဖြင့် ကျွန်တော်နှင့် အဖေသည် ကြီးကျယ်သော စစ်ပွဲကြီးတစ်ခု ဆင်နွဲလိုက်ရသည်။ ကျောင်းမတက်ရသော်လည်း အပြစ်ဒဏ်ပေးခြင်းခံသည့်မှာ မသက်သာပေ။ ကျွန်တော် လက်မောင်းအား တင်ကြပ်စွာကိုင်ထားပြီး လက်သုံးလုံးခန့်ရှိသော ဝါးခြမ်းပြားဖြင့် အသားမဲနေသော ကိုယ်ပေါ်တွင် နီရဲအောင်အထိ နားနားရိုက်ခံရသာမက ကျောင်းဆင်းအချိန်အထိ အိမ်ပြင်၌ ရပ်နေရသည်။ အချိန်တန်ကြာ အော်ငိုနေလျှင် အပြစ်ပေးခြင်း ရပ်လိမ့်မည်ဟု ထင်နေခဲ့သည်။ သည်တစ်ကြိမ်တွင် ကျွန်တော်အဖို မှန်းဆနှင့် နှမ်းထွက် မကြိုက်ချေ။ ငယ်သံပါအောင် အော်ငိုနေခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်မှာ ယောင်၍ပင် လာမခေါ်ကြပါ။ တဖြည်းဖြည်းဖြင့် ကျွန်တော်ငိုနေခြင်းမှာ ဆီကုန်ခါနီး တူးဒီစက်ကလေးနှင့် တူနေသည်။ အသံဖြတ်တောက်တောက်ဖြစ်နေသည်။ ချစ်ရသော အမေသည် ကျွန်တော်ရှေ့က ဖြတ်လျှောက်သွားလျှင် သနားလာအောင် အော်ငိုပြသော်လည်း ကျွန်တော်အား ငဲစောင်း၍ပင် မကြည့်သွားချေ။ သည်တစ်ကြိမ်တွင် အဖေနှင့် အမေသည် ရှေ့က ကျွန်တော်ဆိုးခဲ့သမျှကို အတိုးချ၍ အပြစ်ပေးနေခြင်းဟု ထင်မှန်ရသည်။
နောက်ဆုံးတွင် အပြစ်ပေးခံရသည့် ကျွန်တော်ကို ဆရာမသည်သာ ယုယကြင်နာမှုရှိသည်။ မည့်သိုပင်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် ဂြိုလ်ဆိုးတစ်ကောင်ကဲသို့ဖြစ်နေသော ကျွန်တော်ကို ဆရာမမှာ အချစ်မလျော့သွားခြင်းမှာ အမှန်ပင်ဖြစ်သည်။
*ရင်ထဲ သူငယ်ချင်းသံယောဇဉ် အမြစ်တွဲခြင်း
တစ်ခါတစ်ရံ သူမ၏ မိခင်သည် ကျွန်တော်တို့ ကျောင်းသို့ အလည်အလာတတ်သည်။ ထို့နေ့များတွင် ကျွန်တော်တို့အား မုန့်များနှင့် သကြားလုံးများသော်လည်းကြောင်း ဝေပေးသည်။ ကျွန်တော်တွင် အများနှင့်တန်းတူ ရချင်သော်ပါလည်း ဆရာမ၏မိခင်မှာ မုန့်များ၊ သကြားလုံးများ အခြားကျောင်းသားများထက် ပို၍ပုံပေးတတ်သည်။ ကျွန်တော်သည် ရရှိထားသော မုန့်များနှင့် သကြားလုံးများကို မည်သူကိုမှ မျှမပေးသော်လည်း အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်အား အနည်းငယ်ပေးလည်းရှိသည်။ သူတို့နှစ်ယောက်သည် ကျွန်တော်သွားသမျှကို လိုက်ရုံသာမက ကျွန်တော်ကစားသကဲ့သို့ လိုက်ကစားကြပြန်သည်။တစ်ခါတစ်ရံ ကျွန်တော်သည် တစ်တန်းတည်း တစ်ကျောင်းတည်းနေရသော ရွာမှ သူငယ်ချင်းများနှင့် ပေါင်းသင်းသော်လည်း ကျွန်တော်အား ဟက်ဟက်ပက်ပက်မရှိကြချေ။ ထို့ကြောင့် ကျွန်တော်တွင် ပြေး၍ ကြည့်လိုက်လျှင် မောင်မောင်နှင့် လုံးထုံဟု၍ ချစ်စရာသူငယ်ချင်းနှစ်သာရှိသည်။ မောင်မောင်သည် ကျွန်တော်ကဲ့သို့ အသားမဲမဲ ခန္ဓာပိန်ပိန်သွယ်သွယ်နှင့် လုံးထုံမှာ မျက်လုံးပြူးပြူး ကျွန်တော်တို့ထက် အသားလတ်သည်။ သူတွင် နာမည်ရင်းရှိသော်လည်း ခေါင်းရှေ့ကို မောက်ထွက်နေသည့်အတွက် ကျွန်တော်တို့က လုံးထုံဟုခေါ်လေ့ရှိရာ ထိုနာမည်သည် သူ၏ နာမည်ရင်းလို ဖြစ်လာခဲ့ရသည်။
သူငယ်ချင်းဆိုသော ပျိုးပင်ပေါက်ကလေးနှစ်ပင်သည် နေရောင်ခြည်ကောင်းကောင်း မြေဩဇာကောင်းကောင်းဖြစ်နေသော ကျွန်တော်၏ နှလုံးသားထဲတွင် အမြစ်တွဲခါနီးပင်ရှိပါသေးသည်။ ရေလောင်းပေါင်းတင်ခြင်းမရှိသော်လည်း သဘာဝလက်ဆောင်ပေးထားသည့် အားအင်များကြောင့် မြေကြီးကို ထိုးပေါက်ကာ လွပ်လပ်စွာ ရှင်သန်နေကြပါပြီ။ ကျွန်တော်တို့သုံးယောက်သည် သူငယ်ချင်းဆိုသော ခေါင်းစဉ်အောက်တွင် စိတ်ကောက်စိတ်ဆိုးခြင်းများမရှိဘဲ အပူအပင်မဲ့စွာ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြသည်။
* လောကဓံ၏ ရက်စက်စွာ ဆွဲနုတ်ခံရသည့် သူငယ်ချင်းသံယောဇဉ်
ကောင်းကင်တွင် မိုးသားတိမ်တိုက်များသည် မြောက်ဘက်အရပ်သို့ တရွေ့ရွေ့ ခရီးနှင်းနေသည်။ လူအချို့လည်း စကားတိုးတိုးပြောကာ ရွာမြောက်ဘက်ဆီသို့ အမြန်မြန်လျှောက်နေကြသည်။ ထိုအချိန်တွင် ကျွန်တော့်အမေလာခေါ်၍ အမေ့လက်ကို ကိုင်လျှက် ထိုလူအုပ်နောက်သို့ လိုက်ပါသွားသည်။
ကြောင်ကြစိုးရိမ်သောမျက်နှာများဖြင့် မြင်ရသူတိုင်းလိုလိုက အံဩကာ ဝမ်းနည်းကုန်ကြသည်။ အချို့အမျိုးသမီးကြီးများသည် “ဖြစ်မှ ဖြစ်ရလေဟယ်” ဟုရေရွတ်ကာ ရင်ဘတ်စည်တီးဖြစ်ကြကုန်သည်။ ကျွန်တော်အပါအဝင်အချို့ကလည်း “ ဟုတ်မှ ဟုတ်ရဲ့လားကွာ” ဟုဆိုမြည်ကာ သံသယဝင်ကြကုန်သည်။
ကျွန်တော်သူငယ်ချင်းမောင်မောင်သည် ကျောင်းမတက်ရ၍ နေ့လယ်ပိုင်းတွင် အစ်မဖြစ်သူနှင့်အတူ အိမ်နောက်ဘက်ရှိ လယ်ကွင်းများတွင် နွားချီးမှိုများ ကောက်နေခြင်းဖြစ်သည်။ ထိုမှ သူသည် ဗိုက်ဆာလာ၍ ထမင်းစားရန် အိမ်သို့ တစ်ယောက်တည်း ပြန်လာရာ အိမ်နောက်ဖေးခြံစည်းရိုးတံခါးပိတ်သဖြင့် အိမ်ရှေ့ခြံစည်းရိုးတံခါးဆီ လာခြင်းဖြစ်သည်။ ထိုသို့ လာခြင်းမှာ ရိုးရိုးလာခြင်းမဟုတ်ပေ။ အိမ်ရှေ့တွင် ရှိသော အိုင်းကို ပတ်ပြီးမလာဘဲ ဖြတ်ထိုးထားသည့် ဆွေးမြေးနေသော ခြံစည်းရိုးကို တွဲကပ်ကာ လာခြင်းဖြစ်သည်။ ထိုသို့လာရာ အိုင်းအလယ်အရောက်တွင် ဆွေးမြေးနေသည့် ခြံစည်းရိုးအပျက်နှင့်အတူ အိုင်းသို့ ပြုတ်ကျကာ ရေနစ်သေဆုံးခြင်းပင်ဖြစ်သည်။ ထိုအိုင်းသည် နွေရာသီမြေတူထားသဖြင့် လူကြီးတစ်ယောက်အရပ်ပင် မြုပ်၏။ အထက်ပါအချက်များသည် ကျွန်တော်မိခင် ပြန်ပြောင်းပြောပြခွင့်သာဖြစ်သည်။
ယခုကျွန်တော်သူငယ်ချင်းမောင်မောင် ဝတ်ထားသည့် အစိမ်းအဖြူမှာ ရွှံ့နစ်ရည်များကြောင့် ဖြူစင်ခြင်း စိမ်းစိုခြင်းမရှိသည့်အပြင် သူအား ထွေးပစ်ထားသည့် မိခင်၏ နွေးထွေးမှုကိုပင် မခံစားနိုင်တော့ချေ။ မိခင်၏ ပူဆွေးစွာ အကြိမ်ကြီးချ ငိုယိုနေခြင်းသည် လူအုပ်ကြီးကို လွှမ်းမိုးနေသည်။ မိခင်၏ ပခုံးကို ကိုင်လျက် အစ်မဖြစ်သူက နောက်ကလိုက်၍ ငိုပွဲဆင်နွှဲနေကြသည်။ ထိုနောက် မှောက်စပြုလာ၍ သားဖြစ်သူကို ရင်ခွင်ထဲ ထွေးပစ်ရန် အခွင့်အရေးမရှိတော့ပါ။ နောက်ဆုံးမိခင်ဖြစ်သူ ငိုပွဲချခြင်းမှာ ရေတားတံမကျိုးပေါက်သကဲ့သို့ ပါးပေါ်သို့ မျက်ရည်များ ဒလဟော အဆက်မပြတ်ဆီးဆင်းလာပြီး မျက်နှာတစ်ချက်မော့၍ မိုးပေါ်မှာ သိကြားမင်း နားဝအထိရောက်အောင် ရင်ဘတ်စည်းတီးကာ ငိုပွဲချလိုက်ပုံက လူအုပ်ကြီးကို မျက်ရည်ဝဲစေသည်။ ဝမ်းနည်းပူဆွေးမှုကို ထုတ်မပြဘဲ ရင်ဘတ်ထဲ မြိုသိပ်ထားတဲ့ ဖခင်တစ်ယောက်ရဲ့ သားအပေါ် နောက်ဆုံးအကြည့်တစ်ချက်က ကျနော်အတွက် ပုံပေါ်စရာ စကားလုံးရှာမတွေ့သေးပါ။
ထို့နောက် ယောကျ်ားကြီးလေးငါးယောက်တို့က ကျွန်တော်သူငယ်ချင်းကို မှောက်မဲနေသည့် အနောက်မြောက်အရပ်ဆီသို့ နွမ်းနေသည့် အရောင်စုံစောင်ကလေးနှင့်လိမ်ကာ သယ်ယူသွားကြပါပြီ။ မည်သူတစ်ဦးတစ်ယောက်မှ တားပိုင်ခွင့်မရှိသော ခရီးတစ်ခုကို ကျွန်တော်သူငယ်ချင်း ငယ်ငယ်ကလေးနှင့် ရှေ့ကသွားနှင်းလေပြီ။
ရာသီစက်ကွင်းကြီးလည်ပတ်နေသော်လည်း ကျွန်တော်တို့ကျောင်း၌ ဖတ်စာအုပ်ထဲပါသော မောင်မောင်နာမည်ကို သံပြိုင်အော်ဆိုနေတုန်း။ သို့သော်လည်း မောင်မောင် မကြားနိုင်တော့ပေ။ မောင်မောင် ကျွန်တော်တို့ ၏ လောကကြီးက ထွက်ခွာသွားပေမဲ့လည်း ကျွန်တော်ရင်ထဲမှာ အမြဲအမှတ်တရများစွာနှင့် ရှိနေအုံးမှာ ဖြစ်ပါသည်။ ကြိုမြင်နိုင်သောကံမ္မဆိုးလေပြင်းတိုက်ခတ်မှုကြောင့် ကျွန်တော်နှလုံးသားထဲတွင် သူငယ်ချင်းသံယောဇဉ်အမြစ်တွဲခါနီး အမြစ်ကနေ ကျွတ်ထွက်ကာ လွင့်စင်ပျောက်ကုန်သွားသည်။ ရက်ရက်စက်စက် နုတ်ယူသွားခြင်းပင်ဖြစ်သည်။
ရွက်ဟောင်းကြွေသောနွေဦး၏ အငွေ့အသက်များသည် ဆောင်းရာသီကို ချိုးဖြတ်ဝင်ရောက်လာခြင်းနှင့်အတူ ကျွန်တော်တို့၏ ပထမတန်းပညာသင်နှစ်သည်လည်း ပြီးဆုံးသွားလေသည်။ ကျောင်းသားတိုင်း၏ ရင်ထဲတွင် ပဲ့တင်ခတ်နေသော ကျောင်းခေါင်းလောင်းထိုးသံများမှာလည်း အရိုးပြိုင်းပြိုင်းပင်အိုးထက်ပံမှ အဖော်မဲ့ဥဩဌက်၏ လွမ်းဆွေ့တွန်းကျူသံများကြာထဲ၌ တစတစလွင့်စင်ပျောက်ကွယ်သွားလေ၏။ ကျွန်တော်အဖို့တော့ လေရူးတိုက်သည့် နွေဦးတွင် မည်သို့ပင် ပြန်မလာတော့သည့် သူငယ်ချင်းမောင်မောင်နှင့် တိတ်ဆိတ်စွာကျန်နေခဲ့သည့် ကျောင်းတော်ကြီးကို လွမ်းတသသဖြစ်နေမိမှာ အမှန်ပင်ဖြစ်ပေသည်။