24/11/2023
#ကြိုးကြာငှက်တို့ရဲ့မိုင်ထောင်ချီခရီးစဉ် - မောင်လေးနက်
-----------------------------------------------------------
ဒီအကြောင်းကို ရေးချင်ခဲ့တာကြာပါပြီ။ အကြောင်းအကျိုးမတိုက်ဆိုင်တော့ မရေးဖြစ်ခဲ့ဘူး။ သို့သော်ငြားလည်း နီးစပ်သူတစ်ချို့နဲ့ အနီးကပ်နေဖူးတဲ့ ညီကိုမောင်နှမတွေ စာရေးသူအကြောင်းကို အကောင်းအဆိုး အကုန်သိကြသည်။ အလုပ်နဲ့ပတ်သက်လာရင် လုပ်ဖော်ကိုင်ဖက်များအပေါ် စေတနာအပြည့်ဖြင့် ကူညီပေးတတ်သည်။ အလုပ်ကိုပဲ မျက်နှာမူသည်။ ညီအစ်ကိုလို သူငယ်ချင်းလိုပေါင်းသင်းတတ်သည်။ ထို့အတွက်ကြောင့် အချို့မလေးမစားပြုကြသည်။ အရေးမကြီးပါ သူ့ဘဝနဲ့သူ ကိုယ့်ဘဝနဲ့ကိုမို့ ကိုပေးနိုင်တာကို အကုန်ပေးသည်။ ဥပေက္ခာနှလုံးသားကို ထားနိုင်အောင် အမြဲလေ့ကျင့်ဖြစ်သည်။ တန်ဖိုးထားသည် မထားသည်က တစ်ဖက်သူက အလုပ်သာဖြစ်သည်။ မိမိအလုပ်မှာ ကိုယ့်အနားမှာရှိသော လူငယ်များကို အလုပ်နှင့်ပတ်သက်၍ နာလည်သဘောပေါက်စေရန်ဖြစ်သည်။
နိဒါန်းချီသည်နှင့် စာဖတ်သူ စိတ်ညစ်နေလောက်ပါပြီ။ စာရေးသူလုပ်ဆောင်ခဲ့သော အလုပ်သည် အများကြီးမရှိခဲ့ပါ။ သို့သော် အလုပ်လုပ်ဖော်အများစု၏ အားပေးထောက်ခံမှုရခဲ့သည်။ ရွေးကောက်ပွဲလိုဆိုရင်တော့ အစိုးရဖွဲ့နိုင်သည်ပေါ့။ နိုင်ငံရေး စကားပြောခြင်းမဟုတ်ပါ။
အများစုမှာ လျှို့ဝှက်ချက်များစွာရှိကြသည်။ ထိုလျှို့ဝှက်ချက်များကို မထားပဲ ကျွန်တော်လုပ်ဆောင်ခဲ့ဖူးသည့်အတွက် ရှေ့ကဖုံးထားသမျှ ပေါ်ရသည်။ ထို့အတွက် မကျေနပ်သူအချို့ရှိသည်။ လူမှုပတ်ဝန်းကျင်တွင် ထိုကဲ့သို့သောသူများသည် သပ်သပ်ရှိ၏။ လွယ်သည်ကို ခက်အောင်လုပ်တတ်ကြ၏။ နီးသည်ကို ဝေးအောင်လုပ်တတ်ကြ၏။
သို့သော် လွယ်လွန်းလျှင်မကောင်းပေး။ စာရေးသူမှာ အလွယ်တကူ ဆောင်ရွက်ပေးလိုက်သဖြင့် အစပိုင်းမှာတော့ "ဘယ်သူဖြင့် ဒါလေးကို ဘယ်နှစ်ရက်ကြာတယ်၊ ဆရာလုပ်လိုက်တော့ဖြင့် ခဏလေး"ဟု မိမိကို ချီးကျူးသလိုဖြင့် အဆင်မပြေသူတစ်ဦးကို အပြစ်ပြောဆိုတတ်ကြ၏။ ဤအကျင့်သည့် ကောင်းသောအကျင့် မဟုတ်။
ထိုသို့ ချီးကျူးသောသူများကပင် အလိုကိုမလိုက်သောအခါ "သူ လုပ်လိုက်မှ" ဘာတွေဖြစ်ကုန်မှန်းမသိဘူး။ ပျက်ကုန်ပြီးလား မသိဘူး စသည်ဖြင့် ခနဲ့တဲ့တဲ့ စကားသံများ ကွယ်ရာတွင် ထွက်လာပြန်သည်။ ထိုအချိန်နောက်ပိုင်းကစ၍ လွယ်လွယ်နဲ့ ဖြေရှင်းပေးတတ်သော မိမိကိုယ်မိမိ အပြစ်တင်လာချင်မိသည်။
စာရေးသူနှင့်အတူ အလုပ်လုပ်ကြသောကလေးအများစုမှာ မိမိအပေါ်ယုံကြည်မှုရှိကြသည်။ အကုန်လုံးအပြည့်အဝတော့ ယုံကြည်ကြသည်တော့ မဟုတ်ပါ။
(၂၅)ရာခိုင်နှုန်း အစိတ်သားမှာ နေရာတိုင်းတွင်ရှိကြသည်။ (အစိတ်သားဆိုသည်မှာ- ကျွန်တော်အလုပ်လုပ်သော ခဲ့သောကလေးများကို ဆိုလိုပါသည်)။ စတင်ဖွဲ့စည်းကတည်းက ကိုယ့်စိတ်ကြိုက် ဖွဲ့စည်းရသည်မဟုတ်ပေ။ တစ်ခါတစ်လေ အဲဒီ အစိတ်သားကြောင့် မိမိနေရာကို အမှိုက်ပုံတွေလာပြစ်ထားတယ်လို့ပင် ထင်မိသည်။
အလုပ်အားလျှင် အားသလို့ YouTube ကနေ တစ်ခုမဟုတ်တစ်ခုကို လေ့လာနေရင်း တိုက်တိုက်ဆိုင်ဆိုင်ပါပဲ MESI University က ဆရာဇင်ဖြိုးပိုင်ရဲ့ သင်ခန်းစာတစ်ခုကို တွေ့ရသည်။ အင်မတန်မှ သဘောကျနှစ်သက်သည်။ စာရေးသူ လုပ်ဆောင်ခဲ့ပုံ၊ သဘောထားတို့နှင့် တစ်ထပ်တည်းကျနေသည်။ အရင်က ရေးချင်ပေမယ့် မရေးဖြစ်ခဲ့သည်ကို ရေး၍ရသော အကြောင်းအရာဖြစ်လာသည်။
စာရေးသူသည် အလုပ်လုပ်ရာတွင် မိမိတစ်ဦးတစ်ယောက်မရှိလျှင် မဖြစ်ဟူသော ဝါဒကို မကြိုက်ပေ။ ငါမရှိရင် မဖြစ်ဘူးဆိုတာတွေကို ဟိုအတိတ်မှာ ထားခဲ့ချင်သူ။ ငါမရှိလျှင်မဖြစ်စေရဘူးဟူသော မူဝါဒသည်လည်း အတ္တကြီးခြင်း၊ မာန်မာနထားခြင်း၊ ပညာပြခြင်း၊ အလုံးစုံပျက်စီးခြင်းကိုသာ ဦးတည်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ငါမရှိလျှင် မဖြစ်ပါဘူးဆိုတဲ့ စကားနှင့် လုပ်ရပ်ကို မကြိုက်ပေ။
အဆိုတော်ကြီး ခင်မောင်တိုးရဲ့ "ကြိုးကြာသံ"သီချင်းထဲကလို "ကြိုးကြာငှက်တို့ရဲ့မိုင်ထောင်ချီ ခရီးစဉ်"ပေါ့။ ကျွန်တော်တို့ အလုပ်လုပ်တဲ့အခါမှာလည်း ကြိုးကြာငှက်တွေ ပျံသန်းသလို အလုပ်လုပ်သင့်ပါတယ်။ ကြိုးကြာငှက်တွေရဲ့ ပျံသန်းခြင်းဟာ "မဟာဗျူဟာ" မြောက်ပျံသန်းကြတယ်ပြောရပါမယ်။
ငယ်ငယ်က စက္ကူလေးတွေခေါက်ပြီး စွန်ပစ်တိုင်းကစားသလိုပါပဲ။ ရှေ့ပိုင်းက အချွန်နေပြီး နောက်မှ ကားသွားတဲ့သဘောပေါ့။
ရှေ့ဆုံးက ဦးဆောင်ပျံသန်းတဲ့ ငှက်ရဲ့ ခေါင်းဆောင်မှုဟာ အင်မတန်အရေးကြီးပါတယ်။ တိုက်ခက်လာတဲ့ လေကြောင်းကို ဘယ်လိုသက်သာအောင် လမ်းကြောင်းရွေးပျံသန်းရမယ်ဆိုတာကအစ ဦးဆောင်တဲ့ငှက်မှာ တာဝန်ရှိပါတယ်။ ဦးဆောင်တဲ့ငှက်ပင်ပန်းလာရင် နောက်ထပ် ငှက်တစ်ဒုတိယနေရာမှရှိနေတဲ့ ငှက်နှစ်ကောင်ထဲက တစ်ကောင်က ထပ်ပြီးဦးဆောင်ရပါတယ်။
အဲဒီငှက်တွေဥပမာပါပဲ။ ကျွန်တော်တို့ လူအဖွဲ့အစည်းမှာလည်း နိုင်ငံတော်အဆင့်ကိုပြောပါဆိုရင်တောင် သမ္မတ ပြီးရင် ဒု-သမ္မတဆိုတာ နှစ်ယောက်ရှိပါတယ်။
စာရေးသူလည်း လုပ်ခဲ့တဲ့အလုပ်တိုင်းကို စေတနာထားပြီး ကြိုးကြာငှက်တွေ မိုင်ထောင်ချီပျံသန်းသလိုပဲ ကျင့်သုံးခဲ့ပါတယ်။ အနီးကပ်အလုပ်လုပ်ဖူးသူတိုင်း သိကြပေသည်။ တစ်ဦးတစ်ယောက်ထဲကောင်းနေတဲ့ သူရဲကောင်းဝါဒတွေဟာ ရှေးအတိတ်သမိုင်းမှာရော လက်ရှိကာလမှာရော ကျရှုံးကုန်ကြပါတယ်။ သူမရှိရင် ဘယ်သူဦးဆောင်မလဲဆိုတဲ့ အတွေးတွေက မရှိသင့်တော့တဲ့အရာတွေပါ။
ဦးဆောင်သူက အကြောင်းအမျိုးမျိုးရှိလာခဲ့ရင် နောက်ထပ်အရံတွေ ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးလို ချက်ချင်းဦးဆောင်နိုင်တာမျိုးပဲဖြစ်နေအောင် လေ့ကျင့်ထားဖို့လိုအပ်ပါတယ်။ အဲဒီလိုပဲ နောက်ထပ် နောက်ထပ်တွေ ဦးဆောင်နိုင်ဖို့ အဆင့်ဆင့် လက်ဆင့်ကမ်းဖို့က ဦးဆောင်သူတွေရဲ့ တာဝန်ဖြစ်ပါတယ်။
ခေါင်းဆောင်ဖြစ်တိုင်းလည်း လုပ်ချင်ရာကို စွတ်လုပ်နေလို့လည်း မဖြစ်ပါဘူး။
ကြိုးကြာငှက်တွေဟာ မိုင်ထောင်ချီခရီးကို အလောတကြီးရောက်ဖို့ထက် မပင်မပန်းရောက်အောင်ပဲ ပျံသန်းကြတယ်။ အရေးကြီးဆုံးက ပျံသန်းနေဖို့ပါပဲ။ လက်ဆင့်ကမ်းပြီး အတူပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အဖွဲ့အစည်းကိုလည်း ပိုပြီးခိုင်မာစေပါတယ်။ ဌာနစိတ်အနေအာဖြင့်ဆိုရသော် အခြားဌာနများကပင် ဝင်ရောက်စွက်ဖက်စရာမလိုလောက်အောင် ဖြစ်နေရပါမယ်။ အားလုံးက ကိုယ့်တာဝန်ကို ယူနိုင်ဖို့ လိုပါတယ်။
ကိုယ့်တာဝန် ကိုယ်ယူဖို့လိုပေမယ့် အပေါ်က အကြောင်းအရာလေးပြန်သွားရရင် (၁၀၀) အပြည့် မညီညွတ်ခဲ့ရင် ပြဿနာတစ်ခုရှိပါတယ်။ အဲဒီအခါမျိုးတွေဆိုရင် အကြိမ်ကြိမ်ညှိနှိုင်းပါ။ နောက်ဆုံး အဲဒီလုပ်ဖော်ကိုင်ဖက်ကို ခေါင်းဆောင်က ဖယ်ထုတ်သင့်ရင်ဖယ်ထုတ်ဖို့လည်း အရေးကြီးပါတယ်။ အခက်အခဲရှိနေရင် ဖယ်ထုတ်ဖို့အတွက် အဖွဲ့အစည်းရဲ့ ဘီဒိုအာဏာရှိသူကို အစီရင်ခံပါ။ အကြိတ်အနှယ်ဆွေးနွေးပါ အဖြေရှာပါ။
အကြောင်းအကျိုးဆီလျှော်ပါလျက်နဲ့ အကြိမ်ကြိမ်ငြင်းပယ်ခံရပြီဆိုရင်တော့ သေချာပါပြီ။ အဲဒီနေရာမှာမရှိသင့်တဲ့သူက ခင်ဗျားဖြစ်သွားပါပြီ။ ဆက်ပြီးရှိနေရင်လည်း ခင်ဗျားက ခေါင်းဆောင်မင်းသားတော့ဖြစ်ကောင်းဖြစ်နေမှာပါ။ ဒါဟာလည်း လိုအပ်ချက်အရဖြစ်နိုင်သလို မကောင်းတတ်လို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ခေါင်းဆောင်မင်းသားဖြစ်နေရင်တောင် ကိုယ်တိုင်ကမရတဲ့ "ရုပ်သေးရုပ်ကြီး"ပဲ ဖြစ်နေမှာပါ။ ရုပ်သေးဖြစ်ခြင်း မဖြစ်ခြင်းက ခင်ဗျားအပေါ်မှာပဲ မူတည်ပါတယ်။
အဖွဲ့အစည်းတစ်ခုမှာ ဘောင်ကျော်ပြီးပါလာတဲ့ ရာခိုင်နှုန်းအချို့ရှိနေရင် အခြားလုပ်ဖော်ကိုင်ဖက်တွေပါ မမြဲကြပါဘူး။ ဘာကြောင့်လဲဆိုတာဆက်ရေးရင် စာက အတော်ရှည်သွားပါလိမ့်မယ်။ရှေ့ဆက်ပါရစေ-
ကိုယ့်အသင်းအဖွဲ့က အလုပ်ဖော်တွေကိုလည်း အမြဲတမ်းခွန်အားတွေပေးနေဖို့ ခေါင်းဆောင်တဲ့သူတွေက လိုအပ်ပါတယ်။ တစ်ခါတစ်လေ အဖွဲ့လိုက် အပြင်ထွက်တာမျိုးတွေ၊ သူတို့လိုအပ်တဲ့ စွမ်းဆောင်ရည်တွေဖြည့်ပေးတာမျိုးတွေ၊ အခက်အခဲကိုယ်စီရှိကြတဲ့အပေါ်မှာ အားပေးမှုမျိုးတွေ၊ အချင်းချင်းဖေးကူပေးဖို့လည်း အရေးကြီးပါတယ်။
"ကြိုးကြာသံ"သီချင်းရဲ့ စာသားတစ်ချို့ကို ထပ်ပြီးယူသုံးရရင် "မျိုးဆက်ရဲ့ အားမာန်တစ်ခုပါ၊ လမ်းကြောင်းမှန်ရွေးချယ်ခြင်း" ဆိုတဲ့ စာသားလိုပေါ့။ မျိုးဆက်သစ် လူငယ်တွေကို နေရာပေးဖို့နဲ့ အခွင့်အရေးတွေ ပေးတတ်ဖို့ အရေးကြီးပါတယ်။ငါမရှိရင် နောက်လူတွေအတွက် လွယ်ကူပါစေ၊ အခက်အခဲမရှိ၊ ငါ့ထက်ပိုပြီး တော်အောင်ဆိုတဲ့ အတွေးလေးတွေ ထည့်ထားဖို့လိုအပ်ပါတယ်။
(၂၁)ရာစု ခေါင်းဆောင်မှုဟာ ပြောင်းလဲလာပါပြီ-
𝟐𝟏 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐋𝐞𝐚𝐝𝐢𝐧𝐠
"𝗗𝗼𝗻'𝘁 𝘄𝗮𝗹𝗸 𝗶𝗻 𝗳𝗿𝗼𝗻𝘁 𝗼𝗳 𝗺𝗲.
𝗜 𝗺𝗶𝗴𝗵𝘁 𝗻𝗼𝘁 𝗳𝗼𝗹𝗹𝗼𝘄."
ငါ့ရှေ့က မသွားနဲ့ မင်းနောက်က နောက်လိုက်မလုပ်နိုင်ဘူး။
"𝗗𝗼𝗻'𝘁 𝘄𝗮𝗹𝗸 𝗯𝗲𝗵𝗶𝗻𝗱 𝗺𝗲.
𝗜 𝗺𝗶𝗴𝗵𝘁 𝗻𝗼𝘁 𝗹𝗲𝗮𝗱."
ငါ့နောက်ကလည်း မလိုက်နဲ့ ဦးလည်းမဆောင်နိုင်ဘူး။
အဲဒီလို ကန့်လန်တိုက်နေလို့မရပါဘူး။
(၂၁)ရာစုမှာ အဲဒီလို ကန့်လန့်တိုက်ဖို့လည်း မလိုအပ်တော့ပါဘူး။
"𝗪𝗮𝗹𝗸 𝗯𝗲𝘀𝗶𝗱𝗲 𝗮𝗻𝗱 𝗴𝗼 𝘁𝗼𝗴𝗲𝘁𝗵𝗲𝗿."
ဘေးချင်းယှဉ်ပြီးအတူတူလမ်းလျှောက်ကာ ပူးပေါင်းအဖြေရှာဖို့ အရေးကြီးတာပါ။
"ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီ" ခရီးလိုပဲ ကိုယ်မစွမ်းဆောင်နိုင်ရင် စွမ်းဆောင်နိုင်သူကို နေရာဖယ်ပေးဖို့၊ ကန့်လန့်မတိုက်ဖို့ အရေးကြီးပါတယ်။
ကိုယ်တိုင်မသိတာကိုလည်း မသိတဲ့အကြောင်း ဝန်ခံပြီး အတူပူးပေါင်းအဖြေရှာရပါမယ်။ ဦးဆောင်တဲ့သူဟာ ရိုးသားရဲတဲ့ သတ္တိတော့ရှိဖို့လိုပါတယ်။
တစ်ဆက်တည်းမှာပဲ " အများနည်းတူသက်လုံမကောင်းရင် မွေးဖွားရာအရပ် မိုင်ထောင်ချီပျံနေရင်း၊ ကြိုးကြာငှက်တစ်ချို့လေ ချီလာစဉ် ကျန်ရစ်ပြီ"ဆိုတဲ့ သီချင်းစာသားလိုပေါ့။ စာရေးသူတော့ သက်လုံမကောင်းတော့လို့ ကျန်ရစ်ခဲ့ပါရစေ။
နောက်ဆုံးမှာ အကြောင်းတစ်စုံတစ်ရာကြောင့် လမ်းခွဲခဲ့ရရင်တောင် သူတို့အတွက် ဒီကနေထွက်သွားရင် လက်မထောင်ပြီးထွက်သွားနိုင်ဖို့ အာမခံချက်တွေ ပေးနိုင်အောင် ဦးဆောင်သင့်ပါတယ်လို့ အကျိုးအကြောင်းဆီလျှော်စွာတင်ပြရင်း "ကြိုးကြာငှက်တို့ရဲ့မိုင်ထောင်ချီ" ခရီးလို အလုပ်အကိုင် အဖွဲ့အစည်းအားလုံး ညီညီညွတ်ညွတ် ပျံသန်းနိုင်ကြပါစေ။
#မောင်လေးနက်
#ကြိုးကြာငှက်တို့ရဲ့မိုင်ထောင်ချီခရီးစဉ်
#လင်းအောင်