Arakan Mono

Arakan Mono Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Arakan Mono, Photography Videography, Ukhiya.

Arakan Mono
📰 Daily News • Arakan & Beyond
🌍 Important stories from Myanmar & around the world
🔎 Accurate, responsible & independent reporting
📌 Keeping you informed with the stories that matter.

မန္တလေးမှ စစ်သင်္ဘော ၂၀ ကျော် ထပ်မံ ဆန်တက်လာ၊ ဗန်းမော်ဘက်သို့ တက်လာသည့် လက်ကျန်သင်္ဘော ၃ စီးကို KIA ပူးပေါင်းတပ်များ ထပ်...
05/09/2026

မန္တလေးမှ စစ်သင်္ဘော ၂၀ ကျော် ထပ်မံ ဆန်တက်လာ၊ ဗန်းမော်ဘက်သို့ တက်လာသည့် လက်ကျန်သင်္ဘော ၃ စီးကို KIA ပူးပေါင်းတပ်များ ထပ်မံတိုက်ခိုက် ဖျက်ဆီးခဲ့ဟုဆို

စက်တင်ဘာ ၅၊ ၂၀၂၆

မန္တလေးမြို့ရှိ ဂေါ်ဝန်ဆိပ်ကမ်းမှ စစ်ကောင်စီ၏ စစ်သင်္ဘောများနှင့် တွဲသင်္ဘောများ အစီး ၂၀ ကျော်သည် ကချင်ပြည်နယ် ရွှေကူမြို့ဘက်သို့ ထပ်မံဆန်တက်လာနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းမှ စတင်ကာ မန္တလေးဂေါ်ဝန်ဆိပ်မှ ထွက်ခွာလာသည့် စစ်ကောင်စီ၏ တိုက်ခိုက်ရေးသင်္ဘော ၆ စီးမှာ မတ္တရာမြို့နယ် ရှင်လှအလယ်ကျေးရွာအနီးတွင် ရပ်နားထားပြီး၊ တွဲသင်္ဘောများ ပါဝင်သည့် အစီး ၂၀ ကျော်ပါ သင်္ဘောအုပ်စုမှာလည်း မတ္တရာမြို့နယ် သုံးဆယ်ပေးကျေးရွာအနီးသို့ ရောက်ရှိနေကြောင်း သိရသည်။
စစ်သင်္ဘောအုပ်စုများ မြစ်ကြောင်းအတိုင်း ဆက်လက်ရွေ့လျားနေခြင်းကြောင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှု အန္တရာယ်များကို အထူးသတိပြုကြရန် တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။
ဒေသသတင်းရင်းမြစ်တစ်ဦးက “မန္တလေးဂေါ်ဝန်ဆိပ်ကနေ ဒီမနက်အစောပိုင်း ထွက်လာတဲ့ စစ်သင်္ဘော ၆ စီးက မတ္တရာနယ် ရှင်လှအလယ်ရွာအနီးမှာ ရပ်ထားတယ်။ နောက်ထပ် တွဲသင်္ဘော အစီး ၂၀ ကျော်ကလည်း ဆက်ပြီး ဆန်တက်လာနေတုန်းပဲ” ဟု ပြောဆိုသည်။
အလားတူ ဩဂုတ်လအတွင်း မန္တလေးဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာခဲ့သည့် စစ်သင်္ဘော ၁၅ စီးကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက မြစ်ကြောင်းတစ်လျှောက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုများအတွင်း စစ်သင်္ဘောအများအပြား ထိခိုက်ပျက်စီးခဲ့ပြီး အချို့သင်္ဘောများ မီးလောင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ထို့ပြင် စက်တင်ဘာ ၄ ရက်က ဗန်းမော်မြို့အနီး၌ စက်ချို့ယွင်း၍ မြစ်အတွင်း မျောနေသည့် စစ်သင်္ဘောတစ်စီးကို ကူညီဆွဲယူရန် ဗန်းမော်ဘက်မှ သင်္ဘော ၃ စီး ထွက်ခွာလာစဉ် KIA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုနှင့် ကြုံတွေ့ခဲ့ကြောင်း KIA ဘက်မှ သတင်းရင်းမြစ်များက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း သင်္ဘော ၂ စီး မီးလောင်ပျက်စီးခဲ့ပြီး ညောင်ပင်သာကျေးရွာအနီး၌လည်း နောက်ထပ် သင်္ဘောတစ်စီး ထပ်မံထိခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း KIA သတင်းရင်းမြစ်များက ဆိုသည်။ ထို့ကြောင့် စက်တင်ဘာ ၄ ရက်တစ်ရက်တည်းအတွင်း သင်္ဘော ၃ စီး ထိခိုက်ပျက်စီးခဲ့သည်ဟု ၎င်းတို့က ပြောကြားထားသည်။
ယင်းစစ်သင်္ဘောအုပ်စုသည် ဩဂုတ် ၂၇ ရက်တွင် ရွှေကူမြို့သို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၂ ရက်တွင် ဗန်းမော်ဘက်သို့ ဆက်လက်ဆန်တက်လာစဉ် KIA နှင့် PDF ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုများကို ဆက်တိုက် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
စက်တင်ဘာ ၂ ရက်က ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီး၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်သင်္ဘောတစ်စီး နစ်မြုပ်သွားခဲ့ကြောင်းနှင့် စင်းခန်းဒေသအနီး၌လည်း နောက်ထပ် သင်္ဘောများ ထိခိုက်ပျက်စီးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ထုတ်ပြန်ထားသည်။ ထို့အပြင် တိုက်ခိုက်မှုများအပြီး စစ်သင်္ဘောပေါ်ပါ စစ်သားအချို့မှာ ဧရာဝတီမြစ်အတွင်းသို့ ခုန်ချကာ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြောင်းလည်း သိရသည်။

အသက် ၁၃ နှစ်အရွယ် လူငယ် စစ်မှုထမ်းရန်လာရောက်ခဲ့သော်လည်း AA က မိဘများထံ ပြန်လည်အပ်နှံစက်တင်ဘာ ၅၊ ၂၀၂၆ရခိုင်ပြည်နယ်၊ ကျောက...
05/09/2026

အသက် ၁၃ နှစ်အရွယ် လူငယ် စစ်မှုထမ်းရန်လာရောက်ခဲ့သော်လည်း AA က မိဘများထံ ပြန်လည်အပ်နှံ

စက်တင်ဘာ ၅၊ ၂၀၂၆

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ အသက် ၁၃ နှစ်အရွယ် ကျောင်းသားလူငယ်တစ်ဦးသည် အာရက္ခတပ်တော် (AA) တွင် စစ်မှုထမ်းဆောင်ရန် ကိုယ်တိုင်လာရောက်ခဲ့သော်လည်း အသက်မပြည့်သေးကြောင်း စိစစ်တွေ့ရှိရသဖြင့် မိဘများထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။

One Nation News ၏ ဖော်ပြချက်အရ ပြန်လည်အပ်နှံခံရသူမှာ ကျောက်တော်မြို့နယ်၊ လမ်းမတော်ကျေးရွာနေ ဦးသာဇံနှင့် မချေဝင်းတို့၏သား မောင်ဝေယံမင်း (၁၃ နှစ်) ဖြစ်သည်။ ၎င်းသည် ဩဂုတ်လ ၂၅ ရက်နေ့တွင် အခြားလူငယ်နှစ်ဦးနှင့်အတူ AA ထံ တာဝန်ထမ်းဆောင်ရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

AA တာဝန်ရှိသူများက မောင်ဝေယံမင်းအား စစ်ဆေးမေးမြန်းရာတွင် ၎င်းမှာ အသက်မပြည့်သေးသည့် Grade-7 ကျောင်းသားတစ်ဦးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ထို့နောက် မိဘများနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ၄ ရက် နံနက်ပိုင်းတွင် သက်ဆိုင်ရာ အသိသက်သေများရှေ့မှောက်၌ မိဘများထံ စနစ်တကျ ပြန်လည်အပ်နှံပေးခဲ့ကြောင်း ဖော်ပြထားသည်။

သတင်းအရ ယခုဖြစ်စဉ်သည် ပထမဆုံးမဟုတ်ဘဲ ပြီးခဲ့သည့်လများအတွင်း AA ထံ စစ်မှုထမ်းဆောင်ရန် ကိုယ်တိုင်လာရောက်သည့် အသက်မပြည့်သေးသူများနှင့် ကျောင်းသားလူငယ်များကိုလည်း စိစစ်ပြီး မိဘများထံ ပြန်လည်အပ်နှံခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း သိရသည်။

AA ဘက်က ထုတ်ပြန်ထားသည့် အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အရ စစ်မှုထမ်းခေါ်ယူရာတွင် အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ၊ ပညာသင်ကြားနေမှုနှင့် အခြားသတ်မှတ်ချက်များကို စိစစ်သုံးသပ်ပြီးမှသာ လက်ခံခေါ်ယူဆောင်ရွက်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။

လက်ရှိ ရခိုင်ဒေသအတွင်း စစ်ရေးနှင့် လုံခြုံရေးအခြေအနေများကြောင့် လက်နက်ကိုင်အဖွဲ့များတွင် ပါဝင်လိုသည့် လူငယ်များ ပိုမိုများပြားလာနေသော်လည်း အသက်မပြည့်သေးသူများနှင့် ကျောင်းသားများအတွက် ပညာရေးဆက်လက်သင်ယူနိုင်ရေးနှင့် ကလေးသူငယ်အခွင့်အရေးများကို အလေးထားစဉ်းစားရန် လိုအပ်ကြောင်း ဒေသခံအချို့က သုံးသပ်ပြောဆိုကြသည်။

■ အွန်လိုင်းလောင်းကစားလုပ်ငန်းနှင့် ဆက်နွှယ်သည်ဟု သံသယရှိသော တရုတ်နိုင်ငံသား ၆ ဦး ဖမ်းဆီးခံရ၊ မိုဘိုင်းဖုန်း ၂,၀၀၀ ကျော်...
04/09/2026

■ အွန်လိုင်းလောင်းကစားလုပ်ငန်းနှင့် ဆက်နွှယ်သည်ဟု သံသယရှိသော တရုတ်နိုင်ငံသား ၆ ဦး ဖမ်းဆီးခံရ၊ မိုဘိုင်းဖုန်း ၂,၀၀၀ ကျော်နှင့် လက်ပ်တော့အများအပြား သိမ်းဆည်းရမိ

စက်တင်ဘာ ၄၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အွန်လိုင်းလောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေသည်ဟု သံသယရှိသူ တရုတ်နိုင်ငံသား ၆ ဦးကို လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးလိုက်ပြီး၊ ၎င်းတို့ထံမှ မိုဘိုင်းဖုန်း ၂,၀၀၀ ကျော်နှင့် လက်ပ်တော့ကွန်ပျူတာအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း TTN News က ဖော်ပြထားသည်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ ဖမ်းဆီးမှုကို သတင်းအချက်အလက်များအပေါ် အခြေခံ၍ စီးနင်းရှာဖွေမှုတစ်ရပ် ပြုလုပ်စဉ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ တရုတ်နိုင်ငံသားများသည် အွန်လိုင်းလောင်းကစားကွန်ရက်တစ်ခုနှင့် ဆက်စပ်နေသည်ဟု သံသယရှိထားကြောင်း သိရသည်။

စီးနင်းရှာဖွေမှုအတွင်း မိုဘိုင်းဖုန်း ၂,၀၀၀ ကျော်၊ လက်ပ်တော့ကွန်ပျူတာများ၊ ဆက်သွယ်ရေးနှင့် ဒေတာစီမံခန့်ခွဲရေးဆိုင်ရာ ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့များက အဆိုပါပစ္စည်းများကို စစ်ဆေးလျက်ရှိပြီး အွန်လိုင်းလောင်းကစားကွန်ရက်၏ လည်ပတ်ပုံ၊ ငွေကြေးစီးဆင်းမှုနှင့် နိုင်ငံတကာချိတ်ဆက်မှုများကို ဆက်လက်ဖော်ထုတ်နေကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူ ၆ ဦးကို သက်ဆိုင်ရာဥပဒေများဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး၊ အမှုနှင့် ဆက်စပ်သူများ ရှိ၊ မရှိကိုလည်း ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း အာဏာပိုင်များက ပြောကြားထားသည်။

မကြာသေးမီနှစ်များအတွင်း အရှေ့တောင်အာရှဒေသတွင် အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းငွေလိမ်လည်မှုကွန်ရက်များ တိုးပွားလာနေသဖြင့် ဒေသတွင်းနိုင်ငံများက ပူးပေါင်းနှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နေကြပြီး၊ ယခုဖမ်းဆီးမှုသည် ထိုသို့သော လှုပ်ရှားမှုများအပေါ် အရေးပါသည့် စစ်ဆင်ရေးတစ်ခုအဖြစ် သတ်မှတ်ခံနေရသည်။

ပားတောင်ခြေ ကျေးရွာများကို စစ်အုပ်စု စီးနင်းလုယက် မီးရှို့၊ ကျောက်ပန်းတောင်းနှင့် မလှိုင်နယ်များတွင် တကျော့ပြန် စစ်ကြောင...
04/09/2026

ပားတောင်ခြေ ကျေးရွာများကို စစ်အုပ်စု စီးနင်းလုယက် မီးရှို့၊ ကျောက်ပန်းတောင်းနှင့် မလှိုင်နယ်များတွင် တကျော့ပြန် စစ်ကြောင်းထိုး
စက်တင်ဘာ ၄၊ ၂၀၂၆
မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ခြေရှိ ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့များက စက်တင်ဘာ ၂ ရက်မှစတင်၍ စီးနင်းလုယက်ခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသဖြင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
ဒေသခံများ၏ ပြောကြားချက်အရ ကျောက်ပန်းတောင်းမြို့အခြေစိုက် ခမရ (၇၈) မှ ထွက်လာသော စစ်ကြောင်း၊ ပွေးကျစ်တိုက်နယ်ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ ပူးပေါင်းထားသည့် အင်အား ၃၀၀ ခန့်ရှိ စစ်အုပ်စုသည် ပုပ္ပားတောင်ခြေ ကျေးရွာများသို့ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၂ ရက်တွင် ပုပ္ပားတောင်မကြီးမြောက်ဘက်ရှိ ချိုင်းကျေးရွာသို့ စစ်အုပ်စု ဝင်ရောက်လာပြီး သက်ကြီးရွယ်အိုများအပါအဝင် ရွာခံများကို နေအိမ်များမှ ထွက်ခွာစေကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ မီးရှို့မှုမတိုင်မီ နေအိမ်များအတွင်း ဝင်ရောက်ဖောက်ထွင်း၍ တန်ဖိုးရှိပစ္စည်းများကို လုယက်ယူဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် ရွာအတွင်းရှိ အမျိုးသမီးနှစ်ဦးသာ နေထိုင်သော နေအိမ်တစ်လုံးသို့ ဝင်ရောက်၍ ဖုန်းများနှင့် ရွှေနားကပ်များကို လုယူခဲ့ပြီး မပေးအပ်ပါက အိမ်အား မီးရှို့မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
စစ်အုပ်စုက ချိုင်းကျေးရွာမှ ရွာခံ ၁၀၀ ခန့်ကို ရွာပြင်ရှိ ပိုဇိုလန်စက်ရုံအနီးသို့ ခေါ်ဆောင်ကာ ပစ္စည်းများ လုယက်ယူဆောင်သွားခဲ့ပြီး၊ ကျေးရွာအတွင်း မီးလောင်နေစဉ် မီးငြှိမ်းသတ်ခွင့် မပေးဘဲ စောင့်ကြည့်ခိုင်းခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ မီးရှို့မှုကြောင့် ချိုင်းကျေးရွာအတွင်း နေအိမ် ၆ လုံး ပျက်စီးခဲ့သည်ဟု ဆိုသည်။
အလားတူ ပုပ္ပားတိုက်နယ်ရှိ ငါးရံ့ကုန်းနှင့် တောင်ပေါ်(တောင်) ကျေးရွာများတွင်လည်း နေအိမ်များ ဖောက်ထွင်းခံရပြီး ဆိုင်ကယ်များ၊ စက်ဘီးများနှင့် တန်ဖိုးရှိပစ္စည်းများ လုယက်ခံခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။ ငါးရံ့ကုန်းကျေးရွာတွင် နေအိမ် ၁၅ လုံးခန့် ဖောက်ထွင်းခံခဲ့ရပြီး ဒေသခံအချို့၏ လက်ဝတ်ရတနာများကိုပါ လုယူသွားခဲ့ကြောင်း သိရသည်။
တောင်ပေါ်(တောင်) ကျေးရွာတွင်လည်း ရွာခံတစ်ဦးထံမှ ရွှေ ၃ ကျပ်သား၊ ငွေကျပ် ၁၁ သိန်းနှင့် ဆိုင်ကယ်တစ်စီးကို စစ်အုပ်စုက လုယူသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ ထို့အပြင် ဒေသခံများ ဖွက်ထားသည့် မော်တော်ယာဉ်များကိုလည်း တွေ့ရှိသွားပြီး ချောဆွဲယူဆောင်သွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၃ ရက်တွင်လည်း ဆုံကုန်း၊ ဆင်ဇင်း စသည့် ကျေးရွာများသို့ စစ်အုပ်စု ဆက်လက်ဝင်ရောက် စီးနင်းခဲ့ပြီး ဆင်ဇင်းကျေးရွာတွင် စက်တင်ဘာ ၄ ရက် နံနက်ပိုင်းအထိ မီးရှို့ဖျက်ဆီးမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
တစ်ဖက်တွင် မိတ္ထီလာမြို့မှ ထွက်ခွာလာသည့် အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းတစ်ခုသည် မလှိုင်မြို့နယ် တောင်ပိုင်းကျေးရွာများသို့ ဝင်ရောက်စီးနင်းနေပြီး ဒရုန်းများ၊ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများလည်း ပြုလုပ်နေကြောင်း သိရသည်။
စက်တင်ဘာ ၂ ရက်က မလှိုင်မြို့နယ် ဆည်ကွဲကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အသက် ၅၀ ဝန်းကျင်ရှိ ဒေသခံ ဇနီးမောင်နှံ ထိခိုက်ခဲ့ပြီး ခင်ပွန်းဖြစ်သူ သေဆုံးကာ ဇနီးဖြစ်သူ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် အဆိုပါ စစ်ကြောင်းသည် မလှိုင်နှင့် ကျောက်ပန်းတောင်းနယ်စပ်၊ ပုပ္ပားတောင်မကြီး အရှေ့ဘက်ရှိ ဂွေးညိုဝင်းကျေးရွာအတွင်း တပ်စွဲထားကြောင်း သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ ဩဂုတ်လအတွင်းကလည်း ကျောက်ပန်းတောင်း၊ တောင်သာနှင့် မလှိုင်မြို့နယ်များရှိ ကျေးရွာပေါင်း ၃၀ ခန့်ကို စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ခဲ့ပြီး နေအိမ်ရာနှင့်ချီ ပျက်စီးခဲ့သလို ပြည်သူပိုင် ပစ္စည်းများလည်း အများအပြား ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

■ စစ်တွေ–ပုဏ္ဏားကျွန်းအစပ်ဒေသတွင် စစ်ကော်မရှင်တပ်နှင့် AA တို့အကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်စက်တင်ဘာ ၄၊ ၂၀၂၆ရက္ခိုင်...
04/09/2026

■ စစ်တွေ–ပုဏ္ဏားကျွန်းအစပ်ဒေသတွင် စစ်ကော်မရှင်တပ်နှင့် AA တို့အကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်

စက်တင်ဘာ ၄၊ ၂၀၂၆

ရက္ခိုင်ပြည်နယ် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်ဒေသများတွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား စက်တင်ဘာ ၄ ရက် နံနက်ပိုင်းမှစတင်၍ လက်နက်ကြီး၊ ဒရုန်းနှင့် လက်နက်ငယ်များ အသုံးပြုကာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တွေစစ်မျက်နှာတွင် ဇူလိုင်လကုန်ပိုင်းမှစ၍ တစ်လကျော်ကြာ စစ်ရေးတည်ငြိမ်နေခဲ့သော်လည်း ယခုအခါ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဒေသခံများ၏ ပြောကြားချက်အရ စက်တင်ဘာ ၄ ရက် နံနက် ၅ နာရီခန့်မှစတင်၍ စစ်တွေအခြေစိုက် ဒေသဆိုင်ရာကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ ပါဒလိတ်တပ်ရင်းနှင့် အမှတ် (၁၂) ရဲတပ်ရင်းတို့ဘက်မှ လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများနှင့် ဒရုန်းများ အသုံးပြုကာ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး AA ဘက်မှလည်း လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့သဖြင့် နံနက် ၁၀ နာရီခန့်အထိ ပစ်ခတ်သံများ ဆက်တိုက်ကြားနေရကြောင်း သိရသည်။

“ဒီမနက် အစောကြီးကတည်းက လက်နက်ကြီးပစ်သံတွေ ဆက်တိုက်ကြားနေရတယ်။ အတွဲလိုက်ဒုံးတွေနဲ့ပါ ပစ်ခတ်နေတယ်။ မိုးအုံ့နေတော့ အသံပဲကြားရပြီး မြေတောင်တုန်နေတယ်။ အခုချိန်အထိ ပစ်ခတ်သံတွေ ဆက်ကြားနေရတုန်းပဲ” ဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောသည်။

ဒေသတွင်း စစ်ရေးတင်းမာလာခြင်းမှာ စက်တင်ဘာ ၃ ရက်နေ့က စစ်ကော်မရှင်တပ်မှ ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင်မြို့နယ်များအတွင်းရှိ ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းနှင့် ဆက်စပ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်သည် စစ်တွေမြို့အနီးရှိ ရွှေမင်းဂံရေတပ်စခန်းအပါအဝင် မြို့အတွင်းသို့ ဝင်ရောက်နိုင်သည့် ကမ်းစပ်များ၊ တံတားများနှင့် အရေးပါသည့် နေရာများတွင် အင်အားဖြည့်တင်းမှုများ ပြုလုပ်ထားပြီး ကတုတ်ကျင်းများနှင့် ဘန်ကာများကိုလည်း အခိုင်အမာ တည်ဆောက်ထားကြောင်း သိရသည်။

ထို့အပြင် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းကလည်း ရက္ခိုင်ပြည်တောင်ပိုင်းဒေသဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာသည့် စစ်ကော်မရှင်တပ်၏ ရေယာဉ်အုပ်စုများက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

စစ်ကော်မရှင်တပ်၏ လေကြောင်းနှင့် ရေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် လေကြောင်းနှင့် ရေကြောင်းအန္တရာယ်များကို အထူးသတိပြုကြရန် AA က သတိပေးချက်များ ထုတ်ပြန်ထားသည်။

■ ဗန်းမော်သို့ စစ်သင်္ဘော ၇ စီး ရောက်ရှိ၊ စစ်မျက်နှာပြင်အခြေအနေ အပြောင်းအလဲ ဖြစ်လာနိုင်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ သုံးသပ်စက်...
04/09/2026

■ ဗန်းမော်သို့ စစ်သင်္ဘော ၇ စီး ရောက်ရှိ၊ စစ်မျက်နှာပြင်အခြေအနေ အပြောင်းအလဲ ဖြစ်လာနိုင်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ သုံးသပ်

စက်တင်ဘာ ၄၊ ၂၀၂၆

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ဘက်သို့ မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီ၏ စစ်သင်္ဘောအုပ်စုထဲမှ တိုက်ခိုက်ရေးသင်္ဘော ၂ စီးနှင့် ကုန်တင်သင်္ဘော ၅ စီး၊ စုစုပေါင်း သင်္ဘော ၇ စီးသည် ဗန်းမော်မြို့သို့ ကမ်းကပ်ရောက်ရှိနေပြီဖြစ်ကြောင်း ဗန်းမော်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ စစ်သင်္ဘောအုပ်စုသည် ရွှေကူမြို့ကို ဖြတ်ကျော်ကာ ဗန်းမော်မြို့ဘက်သို့ ဆက်လက်ဆန်တက်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဗန်းမော်မြို့အနီးသို့ ရောက်ရှိနေခြင်းကြောင့် ဒေသတွင်း စစ်ရေးအခြေအနေများအပေါ် သက်ရောက်မှုတစ်စုံတစ်ရာ ရှိလာနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက စောင့်ကြည့်လျက်ရှိသည်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်၏ ပြောကြားချက်အရ သင်္ဘော ၇ စီးအနက် “သံခွန်” ဟု ဒေသအခေါ် ခေါ်ဆိုကြသည့် ကုန်တင်သင်္ဘော ၅ စီးတွင် ကုန်ပစ္စည်းများသာမက လူအင်အားနှင့် လောင်စာဆီများကိုပါ အများအပြား တင်ဆောင်လာကြောင်း သိရသည်။ ထို့အပြင် သင်္ဘောများ၏ ပတ်ပတ်လည်တွင် သဲအိတ်များဖြင့် အကာအကွယ်ပြုလုပ်ထားပြီး တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိစေရန် ကြိုတင်ပြင်ဆင်ထားသည့် လက္ခဏာများ တွေ့ရကြောင်း ၎င်းက ဆိုသည်။

“ဗန်းမော်ကို ကပ်ပြီနော် ၇ စီး။ တိုက်သင်္ဘော ၂ စီးနဲ့ သံခွန် ၅ စီး၊ စုစုပေါင်း ၇ စီး ရောက်သွားတာ။ သံခွန်ကတော့ ကုန်ပစ္စည်းတင်တာထက် လူအင်အားတင်ဆောင်တာ ပိုများတယ်။ သင်္ဘောပတ်လည် သဲအိတ်တွေ ကာထားပြီး လောင်စာဆီတွေလည်း တင်လာတာတွေ့ရတယ်” ဟု အဆိုပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

လက်ရှိ ဗန်းမော်သို့ ရောက်ရှိလာသည့် သင်္ဘော ၇ စီး၏ အင်အားမှာ ၂၀၂၅ ခုနှစ်အတွင်း ဗန်းမော်ဘက်သို့ ဆန်တက်လာခဲ့သည့် စစ်သင်္ဘောအုပ်စုနှင့် နှိုင်းယှဉ်ပါက နည်းပါးသော်လည်း စစ်ရေးအရ ထိရောက်သည့် အင်အားတစ်ရပ်အဖြစ် ဆက်လက်သတ်မှတ်နိုင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်က သုံးသပ်သည်။

၎င်း၏ ပြောကြားချက်အရ ယခင်နှစ်က ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုတွင် ဖလက်သံခွန်များအပါအဝင် သင်္ဘောအစီးရေ ၁၃ စီးခန့် ပါဝင်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် သင်္ဘောအရေအတွက် လျော့နည်းလာသည်ကို တွေ့ရသည်။ သို့သော် သင်္ဘောအရေအတွက် နည်းသွားခြင်းသည် အင်အား လုံးဝကျဆင်းသွားသည်ဟု သတ်မှတ်၍ မရကြောင်း ၎င်းက ပြောသည်။

“မနှစ်ကထက် သင်္ဘောအရေအတွက် နည်းတယ်ဆိုပေမဲ့ ၇ စီးရဲ့ အင်အားကို လျှော့တွက်လို့ မရဘူး။ ဒီသင်္ဘောတွေ ရောက်လာတဲ့နောက်ပိုင်း ဗန်းမော်စစ်မျက်နှာပြင်မှာ အပြောင်းအလဲတချို့ ဖြစ်လာနိုင်တယ်။ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းတာ၊ လက်နက်ခဲယမ်းနဲ့ လောင်စာဆီ ထောက်ပံ့တာတွေ လုပ်လာနိုင်သလို မြို့အတွင်းရှိ တပ်ရင်းတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေလည်း ပိုမိုများပြားလာနိုင်တယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

ဗန်းမော်မြို့သည် ကချင်ပြည်နယ်အတွင်း စစ်ရေးအရ အရေးပါသည့် မြို့တစ်မြို့ဖြစ်ပြီး စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ဒေသတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် စစ်သင်္ဘောများ ရောက်ရှိလာမှုသည် မြို့နယ်အတွင်းရှိ စစ်ရေးလှုပ်ရှားမှုများနှင့် တိုက်ပွဲအခြေအနေများအပေါ် သက်ရောက်မှုရှိလာနိုင်ကြောင်း ဒေသခံများနှင့် စစ်ရေးလေ့လာသူများက စောင့်ကြည့်နေကြသည်။

လက်ရှိအချိန်အထိ စစ်ကောင်စီဘက်မှ အဆိုပါ စစ်သင်္ဘောအုပ်စု၏ တာဝန်နှင့် တင်ဆောင်လာသည့် ပစ္စည်းများအပေါ် တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ဒေသတွင်း သတင်းရင်းမြစ်များအရ လူအင်အား၊ လက်နက်ခဲယမ်း၊ လောင်စာဆီနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ပါဝင်နိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများ ရှိနေသည်။

နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူလာသည့် စစ်ကြောင်း ပဇီရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခံရ၊ တပ်ဖွဲ့ဝင်အချို့ ထွက်ပြေး၊ ဖမ်းဆီးခံ...
04/09/2026

နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူလာသည့် စစ်ကြောင်း ပဇီရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခံရ၊ တပ်ဖွဲ့ဝင်အချို့ ထွက်ပြေး၊ ဖမ်းဆီးခံရပြီး အလင်းဝင်လာမှုများရှိဟု ဒေသခံများဆို

စက်တင်ဘာ ၄၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အတွင်းရှိ နတ်ရေကန်ဗျူဟာကုန်းသို့ အင်အားဖြည့်တင်းရန် ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် ပဇီကျေးရွာအနီးတွင် အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက် စစ်ကြောင်းအတွင်းမှ တပ်ဖွဲ့ဝင်အချို့ ထွက်ပြေးသွားခြင်း၊ ဖမ်းဆီးခံရခြင်းနှင့် အလင်းဝင်လာခြင်းများ ရှိခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ အဆိုပါ စစ်ကြောင်းသည် ပဒါန်းဘက်မှ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူအင်အားဖြည့်တင်းရန် ရည်ရွယ်၍ ချီတက်လာခြင်းဖြစ်ပြီး စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များလည်း ပါဝင်ကြောင်း သိရသည်။ နတ်ရေကန်ဗျူဟာကုန်းသည် ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသည့် အမ်း–ပဒါန်းလမ်းကြောင်းအနီးတွင် တည်ရှိကာ စစ်ရေးအရ အရေးပါသည့် အခြေစိုက်စခန်းတစ်ခုအဖြစ် သတ်မှတ်ခံထားရသောကြောင့် နှစ်ဖက်စလုံးက ထိန်းချုပ်နိုင်ရေးအတွက် အပြင်းအထန် ကြိုးပမ်းနေသည့် နေရာတစ်ခုလည်း ဖြစ်သည်။
စစ်ကြောင်းသည် နတ်ရေကန်ဗျူဟာကုန်းနှင့် သုံးမိုင်ခန့်အကွာရှိ ပဇီကျေးရွာဝန်းကျင်သို့ ရောက်ရှိလာချိန်တွင် AA နှင့် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲပြီးနောက် ကျန်ရစ်ခဲ့သည့် ရုပ်အလောင်း ၂၀ ကျော်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်အချို့က ပြောဆိုထားသည်။
သို့သော် အဆိုပါ သေဆုံးသူအရေအတွက်နှင့် ပတ်သက်၍ လွတ်လပ်သော အရင်းအမြစ်များက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။
တိုက်ပွဲပြင်းထန်နေချိန်အတွင်း စစ်ကြောင်းအတွင်းမှ တပ်ဖွဲ့ဝင်အချို့မှာ စစ်ကြောင်းမှ ခွဲထွက်ကာ ထွက်ပြေးသွားခဲ့ကြောင်း၊ အချို့ကို AA နှင့် ပူးပေါင်းတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ပြီး အချို့မှာ မိမိသဘောဆန္ဒဖြင့် လက်နက်ချ အလင်းဝင်လာခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
ဒေသခံများ၏ ပြောကြားချက်အရ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူများ ဆက်တိုက်ပေးခဲ့ပြီး ပဇီကျေးရွာနှင့် အနီးဝန်းကျင်ဒေသများအပေါ် ဂျက်တိုက်လေယာဉ်များဖြင့် ပျံသန်းထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် နတ်ရေကန်ဗျူဟာကုန်းသို့ နောက်ထပ် စစ်ကူအင်အားများ ပို့ဆောင်ရန်လည်း ကြိုးပမ်းနေကြောင်း ဒေသတွင်း စစ်ရေးသတင်းများတွင် ဖော်ပြထားသည်။
စက်တင်ဘာ ၂ ရက်နှင့် ၃ ရက်အတွင်း ထွက်ပေါ်ခဲ့သည့် စစ်ရေးသတင်းများအရလည်း နတ်ရေကန်ဘက်သို့ ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်းများကို AA နှင့် ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းများ၊ လက်နက်ကြီးများ အသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိခဲ့ပြီး စစ်ကြောင်းများ၏ ရွေ့လျားမှုမှာလည်း နှေးကွေးသွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။
နတ်ရေကန်ဗျူဟာကုန်းသည် လက်ရှိအချိန်တွင် AA နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ ဝန်းရံပိတ်ဆို့မှုကို ရင်ဆိုင်နေရသည့် စစ်ရေးအချက်အချာနေရာတစ်ခုဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း အဆိုပါ ဗျူဟာကုန်းကို လက်မလွှတ်ရရေးအတွက် စစ်ကူစစ်ကြောင်းများ ဆက်လက်ပို့ဆောင်နေကြောင်း သိရသည်။
ယခင်ကလည်း နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူလာသည့် စစ်ကြောင်းများသည် ပဇီကျေးရွာနှင့် ဂုတ်ကြီးကျေးရွာဝန်းကျင်တို့တွင် ကြားဖြတ်တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး ယခုဖြစ်စဉ်သည် အဆိုပါဒေသအတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်းကို ထင်ဟပ်စေသည်။
လက်ရှိတွင် နတ်ရေကန်ဗျူဟာကုန်းအနီး၌ မြေပြင်တိုက်ပွဲများ၊ ဒရုန်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများ အရှိန်မြင့်လာနေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုထားသည်။
အချက်အလက်အတည်ပြုချက်
ယခုသတင်းတွင် ဖော်ပြထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေဆုံးမှု၊ ထွက်ပြေးမှု၊ ဖမ်းဆီးခံရမှုနှင့် အလင်းဝင်လာမှုဆိုင်ရာ အချက်အလက်များသည် ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များနှင့် မြေပြင်သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်များအပေါ် အခြေခံထားခြင်းဖြစ်သည်။ အဆိုပါ အချက်အလက်များကို လွတ်လပ်သော အရင်းအမြစ်များက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်၏ တရားဝင် ထုတ်ပြန်ချက်ကိုလည်း လက်ရှိအချိန်အထိ မရရှိသေးကြောင်း ဖော်ပြအပ်သည်။

■ မင်းအောင်လှိုင် ဗီယက်နမ်ခရီးစဉ်အပြီး ကမ္ဘောဒီးယားသို့ ဆက်လက်သွားရောက်မည်စက်တင်ဘာ ၄၊ ၂၀၂၆စစ်အာဏာသိမ်းခေါင်းဆောင် မင်းအေ...
04/09/2026

■ မင်းအောင်လှိုင် ဗီယက်နမ်ခရီးစဉ်အပြီး ကမ္ဘောဒီးယားသို့ ဆက်လက်သွားရောက်မည်

စက်တင်ဘာ ၄၊ ၂၀၂၆

စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံသို့ စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်နေပြီး ယင်းခရီးစဉ်အပြီး စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံသို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ဗီယက်နမ်ခရီးစဉ်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတ တိုလမ်၏ ဖိတ်ကြားချက်အရ ပြုလုပ်ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားရန် စီစဉ်ထားသည်။

ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံသို့ နှစ်ရက်ကြာ သွားရောက်မည့် အစီအစဉ်ကို ဖနွမ်းပင်မြို့ရှိ သတင်းရင်းမြစ်များက အတည်ပြုထားကြောင်း နိုင်ငံတကာမီဒီယာများက ဖော်ပြထားသည်။

အဆိုပါ ခရီးစဉ်များ ပြီးဆုံးပါက မင်းအောင်လှိုင်သည် သမ္မတရာထူးရယူပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ သွားရောက်ခဲ့ပြီးဖြစ်မည်ဖြစ်သည်။ Reuters ၏ ဖော်ပြချက်အရ ဗီယက်နမ်ခရီးစဉ်မှာ ၎င်း၏ သမ္မတရာထူးရယူပြီးနောက် ၇ နိုင်ငံမြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပြီး ကမ္ဘောဒီးယားခရီးစဉ်မှာ ၈ နိုင်ငံမြောက် ခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။

လေ့လာသူများကမူ ယခုကဲ့သို့ အာဆီယံနိုင်ငံများသို့ ဆက်တိုက်သွားရောက်နေခြင်းသည် စစ်အုပ်စုအတွက် ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးများ တိုးမြှင့်ကာ နိုင်ငံရေးတရားဝင်မှု ရရှိရေး ကြိုးပမ်းမှုတစ်ရပ်အဖြစ် ရှုမြင်နေကြသည်။

တစ်ဖက်တွင်လည်း လူ့အခွင့်အရေးအဖွဲ့များနှင့် မြန်မာ့အရေးလှုပ်ရှားသူများက စစ်အုပ်စုအား နိုင်ငံရေးအရ တရားဝင်မှု မပေးရန် တောင်းဆိုမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

ရခိုင်တိုက်ပွဲများအတွင်း ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လူသားဆန်စွာ စောင့်ရှောက်ထားဟု AA ပြောစက်တင်ဘာ ၃၊ ၂၀၂...
04/09/2026

ရခိုင်တိုက်ပွဲများအတွင်း ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လူသားဆန်စွာ စောင့်ရှောက်ထားဟု AA ပြော

စက်တင်ဘာ ၃၊ ၂၀၂၆

ရခိုင်ဒေသအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အာရက္ခတပ်တော် (AA) ထံ လက်နက်ချဝင်ရောက်လာသူများနှင့် ဖမ်းဆီးရမိထားသည့် မြန်မာစစ်တပ်ဖွဲ့ဝင်များကို စစ်သုံ့ပန်းဆိုင်ရာ စည်းမျဉ်းများနှင့်အညီ လူသားဆန်စွာ စောင့်ရှောက်ပေးထားကြောင်း AA ဘက်က ထုတ်ပြန်ပြောဆိုထားသည်။

AA ၏ ထုတ်ပြန်ချက်အရ တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုအပ်သည့် ဆေးဝါးကုသမှုများ ပေးအပ်ထားသလို နေထိုင်ရေးနှင့် စားနပ်ရိက္ခာလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးထားကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူများအနက် ဒဏ်ရာရရှိထားသူများကို ကျန်းမာရေးအခြေအနေနှင့်အညီ ဆေးကုသမှုပေးနေပြီး လူသားချင်းစာနာမှုအခြေခံမူများနှင့်အညီ ပြုစုစောင့်ရှောက်ထားကြောင်း AA ဘက်က ဆိုသည်။

ထို့ပြင် လက်နက်ချဝင်ရောက်လာသူများနှင့် ဖမ်းဆီးရမိသူများအား အခြေခံစားနပ်ရိက္ခာများ ပံ့ပိုးပေးထားပြီး စစ်သုံ့ပန်းများအပေါ် သင့်လျော်သည့် ဆက်ဆံမှုပြုလုပ်ထားကြောင်းလည်း ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေများအရ လက်နက်ကိုင်ပဋိပက္ခများအတွင်း ဖမ်းဆီးရမိသည့် တိုက်ခိုက်ရေးသမားများကို လူသားဆန်စွာ ဆက်ဆံရမည်ဖြစ်ပြီး ဒဏ်ရာရရှိသူများအား ဆေးကုသခွင့်ပေးရမည်ဟု ပြဋ္ဌာန်းထားသည်။ AA ဘက်ကလည်း ယင်းစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်နေကြောင်း ပြောဆိုထားသည်။

သို့သော် လက်ရှိထွက်ပေါ်နေသည့် အချက်အလက်များမှာ AA ဘက်မှ ထုတ်ပြန်ထားသည့် သတင်းအချက်အလက်များအပေါ် အခြေခံထားခြင်းဖြစ်ပြီး ဖမ်းဆီးခံထားရသူများ၏ အခြေအနေများကို သီးခြားလွတ်လပ်သည့် အရင်းအမြစ်များက အတည်ပြုထားခြင်း ရှိ၊ မရှိကို ဆက်လက်စိစစ်ရန် လိုအပ်နေဆဲဖြစ်သည်။

ရခိုင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည့် အခြေအနေကြောင့် ဖမ်းဆီးခံထားရသူများ၏ ကျန်းမာရေး၊ နေထိုင်မှုအခြေအနေနှင့် နောက်ဆက်တွဲ ပြန်လည်လွှတ်ပေးရေးဆိုင်ရာ အချက်အလက်များအပေါ် ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။

■ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLF) အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂၀၂၆) သင်တန်းဆင်းပွဲနှင့် ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပစ...
03/09/2026

■ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLF) အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂၀၂၆) သင်တန်းဆင်းပွဲနှင့် ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပ

စက်တင်ဘာ ၃၊ ၂၀၂၆

ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLF) ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂၀၂၆) သင်တန်းဆင်းပွဲနှင့် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ဌာနချုပ် လေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း PLF က ထုတ်ပြန်ကြေညာသည်။

PLF ၏ ထုတ်ပြန်ချက်အရ အဆိုပါ သင်တန်းကို သုံးလကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား အခြေခံစစ်ပညာ၊ စစ်ရေးဆိုင်ရာ လေ့ကျင့်မှုများနှင့် တော်လှန်ရေးဆိုင်ရာ အသိပညာများကို စနစ်တကျ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ သင်တန်းကာလအတွင်း လက်တွေ့လေ့ကျင့်ခန်းများ၊ စည်းကမ်းပိုင်းဆိုင်ရာ လေ့ကျင့်မှုများနှင့် အဖွဲ့အစည်းဆိုင်ရာ အသိပညာများကိုလည်း ထည့်သွင်းသင်ကြားပေးခဲ့ကြောင်း ဖော်ပြထားသည်။

သင်တန်းဆင်းပွဲနှင့် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ PLF ဗဟိုကော်မတီမှ တာဝန်ရှိသူများ၊ တပ်ဖွဲ့ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားအတွင်း သင်တန်းသား၊ သင်တန်းသူများက အဖွဲ့အစည်းအပေါ် သစ္စာစောင့်သိမှု၊ ပြည်သူလူထုအပေါ် တာဝန်ကျေပွန်မှုနှင့် တော်လှန်ရေးပန်းတိုင်များအပေါ် ယုံကြည်မှုတို့ကို အခြေခံသည့် ကျမ်းသစ္စာကို ကျိန်ဆိုခဲ့ကြကြောင်း သိရသည်။

ထို့ပြင် သင်တန်းကာလအတွင်း စွမ်းဆောင်ရည်ထူးချွန်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုများနှင့် ထူးချွန်ဆုများကို အခမ်းအနားအတွင်း ချီးမြှင့်ပေးအပ်ခဲ့သည်။ တာဝန်ရှိသူများက သင်တန်းဆင်းရဲဘော်များအား အနာဂတ်တာဝန်များကို စည်းကမ်းရှိရှိ ထမ်းဆောင်သွားကြရန်နှင့် ပြည်သူလူထုအကျိုးကို ရှေးရှုဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PLF က ယခုသင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် အဖက်ဖက်မှ ပံ့ပိုးကူညီပေးခဲ့ကြသည့် မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ထောက်ပံ့ကူညီသူများအား အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။ တော်လှန်ရေးအင်အားစုများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူလူထု၏ ထောက်ခံအားပေးမှုများသည် တော်လှန်ရေးခရီးစဉ်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်းလည်း ဆိုထားသည်။

တစ်ဆက်တည်းတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေး စသည့် ပန်းတိုင်များအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း PLF က ထပ်လောင်းကတိပြုထားသည်။ အဖွဲ့အစည်းအနေဖြင့် ပြည်သူလူထုနှင့်အတူ ရပ်တည်ကာ တော်လှန်ရေးလုပ်ငန်းစဉ်များကို မဆုတ်မနစ် ဆက်လက်အကောင်အထည်ဖော်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ သင်တန်းဆင်းပွဲနှင့် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားအပြင် သုံးလတာသင်တန်းကာလအတွင်း ပြုလုပ်ခဲ့သော လေ့ကျင့်ရေးအစီအစဉ်များ၊ စစ်ရေးလေ့ကျင့်ခန်းများနှင့် သင်တန်းသား၊ သင်တန်းသူများ၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကိုလည်း PLF က အများပြည်သူ ကြည့်ရှုနိုင်ရန် အတူတကွ ထုတ်ပြန်ထားကြောင်း သိရသည်။

Address

Ukhiya

Alerts

Be the first to know and let us send you an email when Arakan Mono posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Arakan Mono:

Shortcuts

Share