18/07/2026
Red Bull ပိုင်ရှင်မိသားစု ၃ နှစ်ဆက်တိုက် ထိုင်းမှာ အချမ်းသာဆုံး ဖြစ်လာ
Forbes မဂ္ဂဇင်းရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ Red Bull အားဖြည့်ဖျော်ရည်နဲ့ နာမည်ကြီးတဲ့ Yoovidhya မိသားစုဟာ အမေရိကန်ဒေါ်လာ ၄၇ ဘီလီယံ (ထိုင်းဘတ်ငွေ ၁.၆ ထရီလီယံခန့်) နဲ့ ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံးနေရာကို ၃ နှစ်ဆက်တိုက် ဆက်ပြီးရရှိသွားပါတယ်။ သူတို့ရဲ့နောက်မှာတော့ CP Group ပိုင်ရှင် Chearavanont ညီအစ်ကိုတွေက ဒေါ်လာ ၃၆.၆ ဘီလီယံနဲ့ ဒုတိယနေရာမှာ ရှိနေတာပါ။
ဒီနှစ်မှာတော့ ထိုင်းသူဌေးကြီးတွေရဲ့ စုစုပေါင်းကြွယ်ဝမှုဟာ စတော့စျေးကွက်တက်လာတာကြောင့် ပြီးခဲ့တဲ့နှစ်ကထက် ၁၀ ရာခိုင်နှုန်းလောက် တိုးလာပြီး ဒေါ်လာ ၁၈၇ ဘီလီယံအထိ ရှိလာတယ်လို့ ဆိုပါတယ်။
ရက်ဘူးလ်ပိုင်ရှင် Chalerm Yoovidhya နဲ့ သူ့မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုဟာ ပြီးခဲ့တဲ့နှစ်ကထက် ဒေါ်လာ ၂.၅ ဘီလီယံလောက် ပိုများလာတာပါ။ ဒါဟာ တစ်ကမ္ဘာလုံးမှာ ရက်ဘူးလ်အချိုရည် ဘူး ၁၄ ဘီလီယံနီးပါးအထိ စံချိန်တင်ရောင်းချခဲ့ရပြီး ဝင်ငွေ ၈ ရာခိုင်နှုန်းကျော် တက်လာလို့ဖြစ်ကြောင်း သိရပါတယ်။ ဒီလုပ်ငန်းကိုတော့ Chaleo က ၁၉၇၆ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာပါ။
တတိယနေရာမှာတော့ စွမ်းအင်နဲ့ ဆက်သွယ်ရေးသူဌေးကြီး Sarath Ratanavadi ရှိနေပြီး သူ့ရဲ့ Gulf Development ကုမ္ပဏီ အောင်မြင်နေတာကြောင့် ချမ်းသာမှုက ဒေါ်လာ ၅.၆ ဘီလီယံအထိ အများဆုံး ခုန်တက်သွားပြီး စုစုပေါင်း ၁၇.၆ ဘီလီယံ ရှိလာပါတယ်။
စတုတ္ထနေရာကတော့ Central ကုန်တိုက်ကြီးတွေရဲ့ ပိုင်ရှင် Chirathivat မိသားစုဖြစ်ပြီး၊ ပိုင်ဆိုင်မှု ဒေါ်လာ ၁၁.၇ ဘီလီယံ ရှိပါတယ်။ ပဉ္စမနေရာမှာတော့ Charoen Sirivadhanabhakdi က ဒေါ်လာ ၁၁.၅ ဘီလီယံနဲ့ ရှိနေပါတယ်။
ထူးခြားတာကတော့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ကတော့ ပြီးခဲ့တဲ့နှစ်ကထက် ၄ ဆင့်လောက် လျှောကျသွားပြီး ဒေါ်လာ ၁.၈ ဘီလီယံနဲ့ အဆင့် ၁၄ နေရာကို ရောက်သွားပါတယ်။
ဒီနှစ်မှာတော့ နိုင်ငံတကာက ထိုင်းနိုင်ငံမှာ AI ဒေတာစင်တာ တွေ လာရောက်ရင်းနှီးမြှုပ်နှံမှု များပြားလာတဲ့အတွက် စက်မှုဇုန် အမျိုးသမီးသူဌေးကြီး Jareeporn Jarukornsakul ရဲ့ ကြွယ်ဝမှုဟာ ၆၉ ရာခိုင်နှုန်းအထိ ထိုးတက်သွားပြီး အဆင့် ၂၈ နေရာကို ရောက်ရှိလာတယ်လို့ ဖော်ပြထားပါတယ်။