15/05/2023
■ ရသေ့တောင် တစ်မြို့လုံး မိုခါ ဆိုင်ကလုန်းမုန်တိုင်ကြောင့် ၁၀၀ ရာခိုင်နှုန်း ပျက်စီး (သတင်းတို)
မေ ၁၅
မေ ၁၄ ရက်နေ့က မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်၊ ရသေ့တောင်မြို့ တစ်မြို့လုံး ၁၀၀ ရာခိုင်နှုန်းအထိ ပျက်စီးသွားကြောင်း မြို့ခံများ၏ ဆက်သွယ် ပြောပြချက်အရ သိရသည်။
ရသေ့တောင်မြို့ခံတစ်ဦးဖြစ်သူ ကိုကျော်ကျော်နိုင်က "အပျက်အစီးကတော့ တော်တော် များပါတယ်။ လေတိုက်နှုန်းက ၁၇၀ ကျော်လောက်ရှိနိုင်တယ်။ တစ်ချို့နေအိမ်တွေဆိုရင် ရစရာမရှိအောင် ဘာမှ မကျန်ခဲ့ဘူး။ အထူးသဖြင့်တော့ မြို့ပြင်က နေအိမ်တွေဆိုရင် နေအိမ်တောင်ရှာမရတဲ့အခြေအနေပါ။ မြင်ကွင်းကတော့ ရစရာမရှိတော့ပါဘူး"ဟုပြောသည်။
ရသေ့တောင်မြို့ အတွင်း ဆေးရုံးဆေးခန်းများ၊ ဘာသာရေးအဆောက်အအုံးများ၊ စာသင်ကျောင်းများနှင့် ဌာနဆိုင်ရာရုံးများ ဆက်သွယ်ရေး တာဝါတိုင်များ အပါအဝင် လူနေအိမ် အားလုံးနီးပါး ပျက်စီးသွားပြီးကြောင်း ရသေ့တောင်မြို့ခံတစ်ချို့၏ ဆက်သွယ်ပြောကြားချက်အရ သိရသည်။
မိုခါ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည် စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန့်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ရသေ့တောင်မြို့နှင့် မြေပုံမြို့နယ်များ ဆိုးဆိုးဝါးပျက်စီးသွားခဲ့ပြီး ဘူးသီးတောင်၊ မောင်တော အခြေအနေကိုမှု Western News က ဆက်သွယ်၍ ရရှိခြင်းမရှိသေးပေ။
ပုံစာ ရသေ့တောင်မြို့အား မြင်ရစဉ်/ ဓါတ်ပုံ- ကို ကျော်ကျော်နိုင်