30/08/2026
The Ephemeral Beauty of Love
အချစ်ဆိုတာကို ဘာလို့ “ထာဝရ” ဆိုတဲ့ စကားလုံးတွေနဲ့ ချိတ်ထားကြတာလဲ။
တကယ်တော့ အချစ်ဆိုတာ EXP Date ကပ်ထားသင့်တဲ့ အရာတစ်ခုလို့ ထင်တယ်။
အချစ်တစ်ခုမှာ သက်တမ်းရှိတယ်လို့ အစကတည်းက လက်ခံထားနိုင်ခဲ့မယ်ဆိုရင်၊ တစ်နေ့နေ့မှာ အဲ့ဒီသက်တမ်းပြည့်ပြီး လွှတ်ချရမယ်ဆိုရင်တောင် အဲ့လောက်ကြီး ခက်ခဲနေတော့မယ် မထင်ဘူး။
အဲ့ထက်ပိုပြီး အရေးကြီးတာက—
သက်တမ်းမပြည့်သေးခင်အချိန်တွေမှာ အဆုံးသတ်သွားမှာကို ကြိုတင်ကြောက်နေမယ့်အစား၊ အခုဖြစ်တည်နေတဲ့အချိန်ကို ပိုပြီး ပြည့်ပြည့်ဝဝ ခံစားနိုင်မယ်ထင်တယ်။
ချစ်မိသွားပြီဆိုတိုင်း love story တွေထဲကလို—
“I will always love you.”
“I’ll love you forever.”
ဆိုတဲ့ စကားလုံးတွေကို ပြောတတ်ကြတယ်။
မယုံကြည်နဲ့လို့ ပြောတာတော့ မဟုတ်ဘူး။
ဒါပေမယ့် သတိတော့ထားသင့်တယ်။
ဘာလို့လဲဆိုတော့ အဲ့ဒီစကားလုံးတွေက တစ်ခါတလေ အန္တရာယ်များတဲ့ စာချုပ်တွေ ဖြစ်သွားတတ်တယ်လေ။
ကိုယ်က အဲ့ဒီစကားတွေကို ယုံပြီး အရာအားလုံးကို ပုံအပ်လိုက်တယ်။ ကိုယ့်ရဲ့အချိန်တွေ၊ ခံစားချက်တွေ၊ မျှော်လင့်ချက်တွေ၊ အနာဂတ်တွေကိုပါ all in လုပ်လိုက်တယ်။
ပြီးတော့ တစ်နေ့မှာ—
“အဲ့တုန်းကတော့ ဟုတ်တယ်။ အခုတော့ မဟုတ်တော့ဘူး။”
ဆိုတဲ့ စကားတစ်ခွန်းနဲ့ အရာအားလုံးက ပြောင်းသွားနိုင်တယ်။
အဲ့ဒီအချိန်မှာ ကိုယ့်ဘက်ကတော့ all in လုပ်ပြီးသားလေ။
ကိုယ်တစ်ယောက်တည်းက ဆက်ချစ်နေလို့ relationship တစ်ခုက ဆက်တည်မြဲနေတာ မဟုတ်ဘူး။
ဒါကြောင့် “right person, right time”၊ “wrong person, wrong time” ဆိုတဲ့ စကားလုံးတွေကိုလည်း တစ်ခါတလေ သတိထားပြီး နားထောင်သင့်တယ်ထင်တယ်။
အဲ့ဒီစကားတွေက တစ်ခါတလေ မဖြစ်နိုင်တော့တဲ့ အချစ်တစ်ခုအတွက် မျှော်လင့်ချက်တံခါးလေးကို ပိတ်မထားချင်တဲ့စိတ် က ဖန်တီးထားတဲ့ illusion တစ်ခု ဖြစ်နေတတ်တယ်။
“Wrong time” လို့ နာမည်တပ်ထားလိုက်ရင် တစ်နေ့နေ့မှာ အချိန်မှန်လာတဲ့အခါ ပြန်ဖြစ်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်လေးကို ဆက်ကိုင်ထားမိတတ်တယ်။
ဒါပေမယ့် တစ်ခါတလေ—
wrong time ဆိုတာ wrong time ပဲ ။
အဲ့ဒီအချိန်မှာ မဖြစ်နိုင်ခဲ့တဲ့အရာတစ်ခုကို မဖြစ်နိုင်ခဲ့တာအဖြစ်ပဲ လက်ခံရမယ့်အချိန်လည်း ရှိတယ်။
ဒါပေမယ့် ကိုယ့်အပေါ်မကောင်းတဲ့ သူတစ်ယောက်ကို ချစ်မိခဲ့လို့ ကိုယ့်အချစ်ကတန်ဖိုးမရှိတော့တာလည်း မဟုတ်ဘူး။
ပိုင်ဆိုင်ချင်တဲ့ လောဘကို လွှတ်ချလိုက်တဲ့အခါမှာ ခံစားခွင့်ဆိုတဲ့ လွတ်လပ်မှုကို ရရှိလာတယ်။
အချစ်ဆိုတာ တစ်သက်လုံး တည်မြဲနေမှ တန်ဖိုးရှိတာ မဟုတ်ပါဘူး။
ဖြစ်ပေါ်လာတဲ့ အချိန်အပိုင်းအခြားလေးအတွင်းမှာပဲ အဲ့ဒီအချစ်က အစစ်အမှန်ဖြစ်တည်နေခဲ့ရင် လုံလောက်ပါတယ်။
အဲ့ဒီအချိန်မှာ ကိုယ့်စိတ်က အနာဂတ်အတွက်ပဲ စိတ်ပူနေမယ်ဆိုရင်တော့ ကိုယ်လက်ရှိမှာ ရှိနေတဲ့ အဲ့ဒီအခိုက်အတန့်လေးကို လက်လွှတ်နေမိပြီပဲ။
“တစ်နေ့ သူမရှိတော့ရင် ဘယ်လိုလုပ်မလဲ။”
“တစ်နေ့ ဒီအချစ်က အဆုံးသတ်သွားရင်ရော။”
“အမြဲတမ်း ဒီလိုပဲ ရှိနေမှာလား။”
ဆိုတဲ့ မေးခွန်းတွေထဲမှာ ပိတ်မိနေတဲ့အခါ—
အခုရှိနေတဲ့အရာကို ခံစားဖို့ မေ့သွားတတ်တယ်။
လှပတဲ့အရာတွေကလည်း ခဏလေးပဲ ဖြစ်တည်ကြတာပါပဲ။
ပန်းတစ်ပွင့်ဟာ တစ်သက်လုံး မပွင့်နိုင်ဘူး။
နေဝင်ချိန်ဟာ တစ်ညလုံး မနေဘူး။
နွေဦးရာသီဟာလည်း အမြဲတမ်း နွေဦး မဖြစ်နိုင်ဘူး။
ဒီလိုပါပဲ ကြည်နူးစရာအချိန်လေးတွေဆိုတာလည်း အမြဲတမ်း မဖြစ်နိုင်ဘူး
ဒါပေမယ့်—
ပန်းပွင့်နေတဲ့အချိန်မှာ ပန်းက လှတယ်။
နေဝင်နေတဲ့အချိန်မှာ ကောင်းကင်က လှတယ်။
နွေဦးရောက်နေတဲ့အချိန်မှာ လေထဲက နွေးထွေးမှုက လှတယ်။
အဲ့ဒီအရာတွေက အမြဲမရှိနိုင်လို့ အဲ့ဒီအချိန်မှာ လှပခဲ့တာတွေက အဓိပ္ပါယ်မဲ့သွားတာမှ မဟုတ်တာပဲ။
တစ်ခုခုကို ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်တောင် အဲ့ဒီအရာကို အမြဲတမ်း အဲ့ဒီလောက်လှပပါတယ်လို့ ခံစားနိုင်ပါ့မလား။
တစ်ခါတလေ အရာတွေကို ဆုပ်ကိုင်ထားဖို့ ကြိုးစားလွန်းတဲ့အခါ အဲ့ဒီအရာရဲ့ သဘာဝအတိုင်း ဖြစ်တည်နေတဲ့အလှကိုပဲ ဖျက်ဆီးမိတတ်တယ်။
အချစ်လည်း အဲ့လိုပဲထင်တယ်။
ချစ်ခြင်းမေတ္တာဆိုတာ ပိုင်ဆိုင်ဖို့အတွက် ဖြစ်လာတာမဟုတ်ဘဲ၊ ခံစားဖို့အတွက် ဖြစ်လာတာ ဖြစ်နိုင်တယ်။
သဘာဝအတိုင်း ဖြစ်တည်နေတဲ့ လှပမှုတွေနဲ့ လိုက်မရှာခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေက တစ်နည်းတစ်ဖုံနဲ့ ထပ်တူကျနေတယ်။
သူတို့ဟာ ကိုယ်လိုချင်တဲ့အချိန်မှာ အမြဲရောက်လာတာမဟုတ်ဘူး။
ရောက်လာတဲ့အခါလည်း ကိုယ်လိုချင်သလောက် ကြာကြာ မနေကြဘူး။
ဖြတ်သန်းလာတယ်။
ခဏလေး ဖြစ်တည်တယ်။
ပြီးတော့ ပျောက်ကွယ်သွားတယ်။
ဘယ်ရောက်သွားပြီလဲလို့ နောက်ပြန်လှည့်ရှာလို့ မရတော့ဘူး။
ရိုးရိုးရှင်းရှင်းပြောရရင်—
ဖြစ်ပြီး ပျက်သွားပြီး။
ဒီစကားက တရားသဘောဆန်ပြီး ပျင်းစရာကောင်းနိုင်တယ်။
ဒါပေမယ့် တစ်ခါတလေ အမှန်တရားတွေက ဒီလောက်ရိုးရှင်းတယ်။
အဆုံးမှာ ကျန်ရှိနေမှာက အဲ့ဒီအချိန်က ကိုယ်တိုင် သတိထားမှတ်သားခဲ့တဲ့ အမှတ်တရတွေပါပဲ။
တကယ်မရှိတော့တဲ့ လူတစ်ယောက်။
တကယ်မဖြစ်တော့တဲ့ အချိန်တစ်ခု။
တကယ်ပြန်မရနိုင်တော့တဲ့ အခိုက်အတန့်တစ်ခု။
ဒါပေမယ့် ကိုယ့်မှတ်ဉာဏ်ထဲမှာတော့ အဲ့ဒီအရာတွေဟာ တစ်ချိန်က တကယ်ဖြစ်ခဲ့ဖူးတဲ့အရာတွေအဖြစ် ကျန်နေခဲ့တယ်။
မမြင်ရတဲ့ စိတ္တဇနာမ်တွေ။
တကယ်မရှိတော့တဲ့ ပုံရိပ်ယောင်တွေ။
ဒါပေမယ့်—
တစ်ချိန်က တကယ်ဖြစ်ခဲ့ဖူးတယ်။