Ehi

Ehi စာပေလေးတွေဖတ်ကြမယ်

16/12/2021
လူယုတ်မာရဲ့ငွေတွေက လူအများရဲ့ မျက်ရည်တွေဖြစ်လာပီး လူကောင်းတွေမှာ ရှိတဲ့ငွေကတော့ အရမ်းကြည်နူး ဖို့ကောင်းတဲ့ ပီတိတွေ ဖြစ်လ...
13/12/2021

လူယုတ်မာရဲ့ငွေတွေက
လူအများရဲ့ မျက်ရည်တွေဖြစ်လာပီး
လူကောင်းတွေမှာ ရှိတဲ့ငွေကတော့
အရမ်းကြည်နူး ဖို့ကောင်းတဲ့ ပီတိတွေ
ဖြစ်လာတယ်......

12/12/2021

ဘာကြောင့် စာဖတ်ဖို့လိုသလဲ
======================

ဆရာကြီးဦးအောင်သင်းရဲ့ အကြိုက်ဆုံးထဲက အကြိုက်ဆုံးစကား

လူနဲ့တိရစ္ဆာန် ဘယ်သူသာလဲမေးရင်
လူကသာတယ်လိုပဲ ဖြေကြတယ်

စဉ်းစားကြည့်ရအောင်

မြင်းလောက် အပြေးသန်သလား

ဆင်လောက် ခွန်အားကြီးသလား

ငါးလောက် ရေကူးကျွမ်းသလား

ကျီးကန်တို့ လဒတို့လောက် မျက်စိလျှင်လား

အယ်ဇေးရှင်းခွေးလောက် အနံ့ခံကောင်းလား

အဖွဲ့အစည်းနဲ့ ဘာနဲ့ ညာနဲ့ စည်းလုံးတယ် ဘာညာနဲ့မပြောနဲ့

ပျားတွေလောက်မစည်းလုံးဘူးနော်
ပျားတွေဟာ သိပ်ဝီရိယကောင်းတယ်
ပန်းပွင့်မညိုးခင် မနက်စောစော ကတည်းက လုံ့လစိုက်ပြီး အလုပ်လုပ်တယ်။

ပျားတစ်ကောင်ဟာ ပန်းဝတ်ရည်ကို တွေ့လာရင် သတင်းလာပို့တယ်
သူက ဦးဆောင်ခေါ်သွားတယ်
နောက်က ပျားတွေကလည်း ထပ်ကြပ်မကွာလိုက်တယ်
သူတို့ယူလာတဲ့ဝတ်ရည်ကို သိုလှောင်တဲ့နေရာမှ အတိတကျထားတယ်

ဘယ်ပျားကမှ မခိုးဘူး ။
မှောင်ခိုမချဘူး
ကောင်းလိုက်တဲ့ဗီဇ

ရှဉ့်လျှောက်လို့ရအောင် လမ်းချန်ပေးထားတယ်
သူများသွားလမ်းပိတ်မထားဘူး။

လူတွေလို ဘယ်သူသေသေ ပြီးပြီးရောဆိုတဲ့ စိတ်ယုတ်မရှိဘူး။

ပျားအုံကို ထိရင် အသေခံကာကွယ်တယ်။
ပျားတွေ နိုင်ငံတော်သည် ဘယ်လောက်အားကျဖို့ကောင်းလဲ
ဘယ်လောက်အတုယူဖို့ကောင်းလဲ

ကောင်းပြီ ဆက်စဉ်းစားကြရအောင်

လူတွေဟာ တိရစ္ဆာန်တွေထက် ဘယ်နေရာသာသလဲ အဖြေထုတ်ကြည့်ရင် သုံးမျိူးပဲရှိတယ်

၁။ အလှအပကိုခံစားတတ်ခြင်း ဖန်တီးတတ်ခြင်း။

၂။ ကိုယ့်ကျင့်တရားရှိခြင်း။

၃။ ကျိူးကြောင်းဆင်ခြင်နိုင်ခြင်း ဥာဏ်ပညာရှိ
ခြင်း။

လူတွေဟာ အလှအပကိုခံစားတတ်တယ် ဖန်တီးတတ်တယ်

တိရစ္ဆာန်တွေမှာ ကိုယ်ကျင့်တရားမရှိဘူး
ကြီးနိုင်ငယ်ညှင်းတယ်

မကောင်းတာ ကောင်းတာ သူတို့မသိဘူး
ကိုယ့်ကျင့်တရားဆိုတာလည်းမရှိဘူး

လူတစ်ယောက်မှာ ကိုယ်ကျင့်တရားမရှိရင် တိရစ္ဆာန်နဲ့ မခြားနားဘူး

ကျိုးကြောင်းဆင်ခြင်ဥာဏ် ပညာကြီးတယ်။
ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာသိတယ်။

ကိုယ့်ထက်အားကြီးတဲ့ဆင်ကို ချွန်ပေါက်ပြီးသစ်ဆွဲခိုင်းတယ်

မြင်းကို ပါးချုပ်တက်ပြီး ခွစီးတယ်
လှည်းတပ်ဆွဲခိုင်းတယ်

ရေကူးကျွမ်းတဲ့ငါးကို ငါးမျှားချိတ်နဲ့များတယ် ပိုက်နဲ့ဖမ်းတယ်

ကိုယ့်ထက်စည်းလုံးပါတယ်ဆိုတဲ့ပျားကို ဖွတ်စားတယ်

ဒါဘာလို့လဲ

လူတွေကတိရစ္ဆာန်တွေထက် အကျိူးအကြောင်းဆင်ခြင်နိုင်လို့ ဉာဏ်ပညာကြီးလို့ပေါ့

လူတွေက တိရစ္ဆာန်တွေအပေါ် လွှမ်းမိုးနိုင်တာဟာ ဥာဏ်ပိုကြီးလို့
ဒါဆိုရင်လူအချင်းချင်းရော
စဉ်းစားနော် သေချာစဉ်းစား

လူတွေမှာလည်း ပညာကြီးတဲ့လူက ပညာနည်းတဲ့သူကို လွှမ်းမိုးနိုင်မှာပေါ့

သူများနိုင်ငံမှာသွားပြီး ပညာသင်ရတယ်

သူများနိုင်ငံမှာသွားပြီး အောက်ကျို့ခံအလုပ်လုပ်ရတယ်
သူတို့လောက် ငါတို့ပညာမတတ်လို့ပဲ

ဒါကို တို့နိုင်ငံက လူတွေက အခုချိန်ထိ ပညာကို တန်ဖိုးထားရကောင်းမှန်းမသိဘူး

အမြင်ကျယ်တဲ့သူက အမြင်ကျဉ်းတဲ့သူကို လွှမ်းမိုးနိုင်မှာပေါ့

အဲ့ဒီတော့ သူများလွှမ်းမိုးတာမခံရအောင်
သူများ ခေါင်းပုံဖြတ်တာမခံရအောင်
သူများ လူလည်ကျတာမခံရအောင်
သူများ အနိုင်ကျင့်တာမခံရအောင်
ပညာတတ်ဖို့ အမြင်ကျယ်ဖို့
အသိပညာရှိဖို့ ဗဟုသုတရှိဖို့လိုတယ်
ဘာလုပ်ရမလဲ

စာဖတ်ရမှာပေါ့
စာဖတ်တယ်ဆိုတာ သူများအမှား ကိုယ်ဆက်မမှားအောင်လုပ်တာ

သူများအတွေအကြုံ ကိုယ့်အတွေအကြုံအဖြစ် ရယူတာ

စာဖတ်တဲ့နေရာမှာ ဦးနှောက်ကို ခွန်အားဖြစ်စေ
မယ့် စာမျိူး များများဖတ်ပါ ။

ဘဝကို ဦးနှောက်က ဦးဆောင်တာ
အသိပညာရစေမယ့် စာတွေ များများဖတ်စေချင်တယ်

________________________________________________
ဆရာကြီးအား လေးစားလျက်

11/12/2021

ငတုံးဖြစ်ချင်ဖြစ်ပါစေ

ကျောင်းပိတ်ရက်တစ်ရက်၏ နေ့ခင်းဖြစ်သည်။ ခုနှစ်တန်း ကျောင်းသား ကောင်လေးတစ်ယောက် သူ့အိမ်ရှေ့ ပိတောက်ပင် ရိပ်မှ ခုံတန်းလေးမှာ ရုပ်ပြစာအုပ်ကို ဖတ်နေသည်။
ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှ လမ်းပေါ်မှ စက်ဘီးလဲသံကြား၍ လှမ်းကြည့်လိုက်သည်။ သူ့အရွယ် မိန်းကလေး နှစ်ယောက် လဲနေသော စက်ဘီးနှင့်အတူ လမ်းပေါ်မှာ လေးဘက်ထောက်လျက် ပုံပျက်ပန်းပျက် မြင်ရ၏ ။
ကောင်လေးက ချက်ချင်း စာအုပ်ကို ငုံ့ကြည်ြ့့ပီး မသိမမြင်သလို လုပ်နေလိုက်သည်။
“အမယ်လေး ဟယ် ….. နာလိုက်တာ …. ဒူးနှစ်ဖက်စလုံး ပွန်းပဲ့ ကုန်ကုန်ပြီ …..”
မိန်းကလေး တစ်ယောက် ညည်းညူနေသည်။
“နင့်ဒူးနာတာ နောက်မှကြည့် ဟိုမယ် ကောင်လေး တစ်ယောက် ရှိတယ်၊ မြင်သွားရင် ရှက်စရာကြီး…..”
နောက်တစ်ယောက် က အမြန်ထပြီး စက်ဘီးကို ဆွဲထူလိုက်သည်။
နာ၍ ညည်းနေသော မိန်းကလေးက ကောင်လေးဆီသို့ ကြည့်လိုက်သည်။
“တော်ပါသေးရဲ့ ….. ငတုံးလေး တို့ကို မမြင်ဘူးဟဲ့ ….”
နာကျင်နေသော မိန်းကလေး အမြန်ထလိုက်သည်။
ကောင်လေးက စာအုပ်ကို သဲကြီးမဲကြီး ဟန်ဆောင် ၍ မိန်းကလေးကို ကျေနပ်စွာ ခွင့်လွှတ်လိုက်သည်။
“ငါ ငတုံး ဖြစ်ချင်ဖြစ်ပါစေ နင်တို့ မရှက်ရရင် ပြီးတာပဲ” ဟု တွေးလျက် …..။

နိုင်ငံ့ဂုဏ်ရည် မဂ္ဂဇင်း
၂၀၀၂ ခုနှစ် ၊ ဇွန်လ

***************
အတွေးလေးတွေ ကျန်ခဲ့ပါစေ
HN- လယ်တွင်းသားစောချစ်

ကျောင်းပိတ်ရက်တစ်ရက်၏ နေ့ခင်းဖြစ်သည်။ ခုနှစ်တန်း ကျောင်းသား ကောင်လေးတစ်ယောက် သူ့အိမ်ရှေ့ ပိတောက်ပင် ရိပ်မှ ခုံတန်းလေးမှာ ရုပ်ပြစာအုပ်ကို ဖတ်နေသည်။
ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှ လမ်းပေါ်မှ စက်ဘီးလဲသံကြား၍ လှမ်းကြည့်လိုက်သည်။ သူ့အရွယ် မိန်းကလေး နှစ်ယောက် လဲနေသော စက်ဘီးနှင့်အတူ လမ်းပေါ်မှာ လေးဘက်ထောက်လျက် ပုံပျက်ပန်းပျက် မြင်ရ၏ ။
ကောင်လေးက ချက်ချင်း စာအုပ်ကို ငုံ့ကြည်ြ့့ပီး မသိမမြင်သလို လုပ်နေလိုက်သည်။
“အမယ်လေး ဟယ် ….. နာလိုက်တာ …. ဒူးနှစ်ဖက်စလုံး ပွန်းပဲ့ ကုန်ကုန်ပြီ …..”
မိန်းကလေး တစ်ယောက် ညည်းညူနေသည်။
“နင့်ဒူးနာတာ နောက်မှကြည့် ဟိုမယ် ကောင်လေး တစ်ယောက် ရှိတယ်၊ မြင်သွားရင် ရှက်စရာကြီး…..”
နောက်တစ်ယောက် က အမြန်ထပြီး စက်ဘီးကို ဆွဲထူလိုက်သည်။
နာ၍ ညည်းနေသော မိန်းကလေးက ကောင်လေးဆီသို့ ကြည့်လိုက်သည်။
“တော်ပါသေးရဲ့ ….. ငတုံးလေး တို့ကို မမြင်ဘူးဟဲ့ ….”
နာကျင်နေသော မိန်းကလေး အမြန်ထလိုက်သည်။
ကောင်လေးက စာအုပ်ကို သဲကြီးမဲကြီး ဟန်ဆောင် ၍ မိန်းကလေးကို ကျေနပ်စွာ ခွင့်လွှတ်လိုက်သည်။
“ငါ ငတုံး ဖြစ်ချင်ဖြစ်ပါစေ နင်တို့ မရှက်ရရင် ပြီးတာပဲ” ဟု တွေးလျက် …..။

လယ်တွင်းသားစောချစ်

09/12/2021

ဥသြ
_____________

ဝေလီဝေလင်း အချိန်။

အုန်းတောကြီး အထဲမှ တွန်မြည်လိုက်သော ဥသြသံကလေးသည် မနိုးတ၀က် နိုးတ၀က်နှင့် မှိန်းစက်နေသော ရွာကလေး၏နားသောတအား ငြိမ့်စေလေ၏။ အနက်မထင်သော အသံဖြစ်၍ ငြိမ့်စေခြင်းထက် ပိုမိုမစွမ်းဆောင်နိုင်ချေ။ ဥသြသံကလေး ရပ်စဲသွားသည်နှင့် တပြိုင်နက် ရွာထိပ်ဆီမှ ပေါ်ပေါက်လာသော တေးသံသည်ကား ရွာကလေး၏ နားသောတကို ငြိမ့်စေရုံမျှမက စိတ်နှလုံးကိုလည်း စိမ့်စေလေ၏။ လွမ်းသော ဆွေးသော အောက်မေ့တသသော အဓိပ္ပာယ်တို့ စုဝေးရာ တေးသံတေးသွားဖြစ်လေသည်။

ဤတေးသံကလေးကို ကြားရသောခဏ၌ မှိန်းနေသော ရွာကလေးကို လူးလွန့်လာသည်ဟု ထင်မိတော့၏။ တေးပိုင်ရှင်သည် ဟိုဟိုဘ၀များက ခွဲခွာခဲ့ရသော ချစ်သူအား ရော်ရမ်းတမ်းတလျက် အားရပါးရ သီဆိုလိုက်လေရော့လားဟု ကြားရသူတို့၏စိတ်တွင် ထင်မိလေတော့၏။ တရွာလုံးက ဂရုစိုက် နားစွင့်နေသော်လည်း တေးပိုင်ရှင်သည် မည်သူ့ကိုမျှ သတိထားမိပုံမရ။ ဆက်လက် သီဆိုသွား၍ ရွာလယ်ရပ် ၅ ရက် စျေးကလေးဆီကျမှ အရပ် ၉ မျက်နှာတွင် ပျံ့နှံ့နေသော မိမိ၏တေးသံကို ရပ်ဆိုင်းလိုက်လေ၏။

စျေးနေ့ နံနက်တိုင်း ဤတေးသံကို ကြားရသည်မှာ ယခုအကြိမ်ပါနှင့် သုံးကြိမ်ရှိလေပြီ။ တေးပိုင်ရှင်ကား အခြားမဟုတ်၊ ရွာအရှေ့နွားတထွန်လောက်တွင်ရှိသော ဇီးပင်ကုန်း၌ ဥယျာဉ်လုပ်ကိုင်စားသောက်နေသော ဘိုးသာလှ၊ အဘွားအေးတို့၏ သားအထွေး ကုန်စိမ်းသည် မောင်လှဖြစ်လေသည်။ မောင်လှသည် အခြားရွာသားများကဲ့သို့ ထွားကျိုင်းသန်မာသည်မဟုတ်။ မွေးကတည်းက ချုချာလာသည်ဖြစ်၍ လယ်အလုပ်ကို မလုပ်နိုင်။ မိဘများနှင့်အတူ တ၀မ်းတခါး ၀ရုံလှရုံ လုပ်ကိုင်စားသောက်နေရလေ၏။

ခါတိုင်းလည်း စျေးနေ့အခါများတွင် ရွာသို့ တက်လာဖူး၏။ သို့သော် ဥသြကလေး စ၍ တွန်မြည်သော နေ့တွင်ကဲ့သို့ တခါဖူးမျှ စိတ်နှလုံး မကြည်နူးမိ။ ပထမဆုံး ကြားရသော နံနက်က ဥသြသံကလေးကို နားစိုက်ထောင်မိရင်းနှင့် ရွာထိပ်ကို ရောက်လာ၍ ဥသြသံရပ်သည်နှင့် တပြိုင်နက် မိမိနှလုံးတွင်းမှ လွမ်းဆွတ်တသသော တေးသံသည် တိုးဝှေ့ထွက်ပေါ်လာလေ၏။ မိမိတေးသံ မရပ်မချင်း လောကကြီးကို သတိမေ့၏။ တေးသံတွင် မိမိ၏ စိတ်သည် ရောနှောလွင့်ပါသွားလေ၏။ တေးဆုံးသွားသော အခါကျမှ သတိရလာ၍ ငါဘာကြောင့် ဆိုမိပါလိမ့်ဟု တွေးတောမိ၏။ မည်သူ့ကို လွမ်းဆွတ်သလဲ၊ မိမိအထက် ပုခက်တွင်းတွင် ဆုံးသွားသော အစ်ကိုကို လွမ်းဆွတ်၍လား၊ သို့တည်းမဟုတ် တောင်ဘက်တဲက မြထွေးကို လွမ်းဆွတ်၍လား။

ဤသူတို့ လွမ်းဆွတ်၍ မဟုတ်။ ဥသြသံကလေးကို ကြားလျှင် အလိုလိုလွမ်းဆွတ်လာ၍ မမြင်ဖူး မကြားဖူးသော တစုံတယောက်သော သူကို တမ်းတမိသဖြင့် သီဆိုမိခြင်း ဖြစ်လေသည်။ ဤတစုံတယောက်သော သူကား မည်သူနည်း။ ရွာထဲတွင် မိန်းကလေးများကို တွေ့မြင်သော အခါတိုင်း အသင်တမ်းတ လွမ်းဆွတ်နေသူသည် ဤသူလား၊ ထိုသူလောဟု မိမိစိတ်အား မေးမြန်သောအခါတိုင်း ခေါင်းခါသည်ကို တွေ့ရလေ၊ ငါရူးများနေလေသလားဟု ထင်မိလေတော့၏။ ဥသြသံကလေးကို ကြားရပြီးလျှင် ဤလွမ်းဆွတ်တသသော တေးကို မဆိုဘဲ မနေနိုင်။

မောင်လှ၏တေးသံကို ဂရုစိုက် နားထောင်သူတို့တွင် ရွာသူကြီးသမီး စိန်သန်းသည် ထူးခြား၏။ ဥသြသံကိုကြားလျှင် မောင်လှသည် လွမ်းဆွတ်တမိသကဲ့သို့ မောင်လှ၏တေးသံကို ကြားလျှင် စိန်သန်းသည် မဖြစ်စဖူး ထူးကဲစွာ လွမ်းဆွတ်တသမိလေ၏။ တေးပိုင်ရှင့် အပေါ်တွင် ကရုဏာရေအယဉ်ကို တသွင်သွင် သွန်းလောင်းမိလေ၏။ တေးပိုင်ရှင်၏ အလိုဆန္ဒ တောင့်တရာတို့ကို ဖြည့်စွမ်းပေးချင်သော စိတ်များ တဖွားဖွားပေါ်လေ၏။

တေးသံကို စတုတ္ထအကြိမ် ကြားရသော စျေးနေ့နံနက် ဝေလီဝေလင်းတွင်ကား စိန်သန်းသည် ဆွမ်းချက်နေရာ မီးဖိုခန်းတွင် ငြိမ်၍ မနေနိုင်တော့။ ရွာထိပ်ဆီမှ တေးသံကို ကြားရလျှင်ပင် စိန်သန်းသည် အိမ်ရှေ့သပြေပင်ရိပ်သို့ ထွက်လာ၍ တေးပိုင်ရှင်အား စောင့်မျှော်လေ၏။

မောင်လှ သပြေပင်အနီးသို့ ရောက်သည်နှင့် တပြိုင်နက် စိန်သန်းသည် ‘တေးသည် တေးသည်’ ဟု လွှတ်ခနဲ ခေါ်မိလေ၏။ ခေါ်ရင်းက ‘စျေးသည်’ ဖြစ်သော်လည်း အသံထွက်သွားသည်က ‘တေးသည်’ ဖြစ်နေ၍ ရှက်အမ်းအမ်းဖြစ်သွား၏။

မောင်လှသည်လည်း အသံကြားရာသို့ လှည့်လိုက်၍ အရှက်နှင့်အကြောက် ရောလျက် မောဟိုက် ဖိုလှိုက်နေသော စိန်သန်းကို မြင်ရသောအခါ အသည်းတွင်း၀ယ် အေး၍ သွားလေ၏။ ၀မ်းနည်းသလို ၀မ်းသာသလို ဖြစ်မိ၏။ ကာလရှည်စွာ ကွဲကွာနေသော ချစ်သူအား ပြန်တွေ့နေရသလိုလို ထင်မိ၏။ မိမိ၏ ရင်ကို ဖွင့်ကာ အသည်းတွင်းက အလွမ်းအဆွေးတို့ကို ထုတ်၍ ပြလိုက်ချင်သောစိတ် ပေါ်လာ၏။

သို့သော် ထူပူနေသော စိန်သန်းက ပြောမိပြောရာ ဘာမှန်းမသိ ပြော၍ ဟင်းရွက်တစည်း ယူလျက် ပိုက်ဆံပေးလိုက်သောအခါ မောင်လှသည်လည်း ထူထူပူပူနှင့်ပင် လှမ်းယူ၍ ထွက်မှန်းမသိ ထွက်လာခဲ့လေ၏။

စျေးသို့ ရောက်သောအခါ အစဉ်မပြတ်သော အတွေး တမျှော်တခေါ်ကြီးကို တွေးလေ၏။ မိမိသည် ဤရွာနီးချုပ်စပ်ရှိ မိန်းကလေးအားလုံးလောက်ကိုပင် တွေ့ဖူး၏။ မည်သူ့ကို တွေ့ရတွေ့ရ မိမိစိတ်သည် မလှုပ်ရှားခဲ့။ ဤရွာသူကြီးသမီးကို တွေ့သောအခါကျမှ အဘယ်ကြောင့် ၀မ်းနည်းသလိုလို ၀မ်းသာသလိုလို ဖြစ်ရပါသနည်း။ မပြောတတ်အောင် ဖြစ်ရ၏။ ယခုအကြိမ်သည် ပထမ တွေ့ရခြင်းပင်ဖြစ်သော်လည်း အလွန် အကျွမ်း၀င်ချစ်ခင်သော သူငယ်ချင်းဟောင်းကို ပြန်တွေ့ရသကဲ့သို့ ထင်မိလေ၏။ တေးဆိုလိုသောစိတ်၏ အကြောင်းရင်းကို ယခုပင် တွေ့ရသည်ဟု ထင်၏။ ယခုပင် တေးဆိုရကျိုး နပ်သည်ဟု အောက်မေ့၏။ ဤသို့ ထူးဆန်းစွာ ဖြစ်ပေါ်လာသော စိတ်ကို အချစ်စိတ်ပေလားဟု မိမိဘာသာ မေးမိလေ၏။

စိန်သန်း၏ စိတ်တွင်လည်း မောင်လှ၏ တေးသံကို ကြားဦးစကပင် အလွန်ခင်မင် ကျွမ်း၀င်နေသောသူတယောက်ဟု အမှတ်ပြုမိလေ၏။ ဤသူသည် တစုံတခုကို လိုချင်နေဟန် တူ၏။ ဤသူ၏ အလိုကို ငါသည် ဖြည့်အံ့ဟု ကြံ၍ များစွာ ပျော်ရွှင်လေ၏။ စျေးနေ့ကို မျှော်မှန်းလျက် ရက်ရေနေလေ၏။

နောက်စျေးနေ့ ဝေလီဝေလင်း။

ဥသြသံ ရပ်သွားလျှင် မောင်လှ၏ တေးသံကို ကြားရပြန်၏။ စိန်သန်းသည် သပြေပင်အောက်က စောင့်နေပြန်၏။ မောင်လှတောင့်တနေသောဆန္ဒ မေးအံ့ဟု ကြံ၍ ပျော်ရွှင်နေ၏။

ခဏမျှကြာလျှင် မောင်လှသည် သပြေပင်အနီးသို့ ရောက်လာ၏။ စိန်သန်းကို တွေ့ရနိုးနှင့် ကြည့်မိ၏။ မျှော်နေသော စိန်သန်းနှင့် အခန့်သင့်တွေ့ရသောအခါ အံ့သြမိ၏။ ကံကောင်းလေစွဟု ထင်မိ၏။ စိန်သန်းသည် ဟင်းရွက်တစည်းကို ၀ယ်ပြီးနောက် ဘယ်စကားက ဘယ်သို့ဆက်သွားသည်မသိ။

‘ရှင် တေးဆိုတာ အင်မတန် လွမ်းစရာကောင်းတယ်။ ဘယ်သူ့ကို လွမ်းလို့ဆိုတာလဲ။ ကျမ မသိရဘူးလား။ လွမ်းတဲ့သူရှိရင် ကျမပြောပေးပါ့မယ်’ ဟု ရဲရဲတင်းတင်း မိတ်ဆွေချင်း ပြောသကဲ့သို့ ပြောလေသည်။

မောင်လှမှာ အဖြေရခက်လှ၏။ ဦးနှောက်တွေ ဗရပွေရှုပ်၍ သွားလေ၏။ နောက်ဆုံး၌ အကြံမရ၍ ‘အလကားပါဗျာ’ ဟု ပြောလျက် ထွက်ခဲ့လေ၏။ စျေးချိန်ကုန်၍ အိမ်သို့ ပြန်ရောက်သော်လည်း ဘယ်သို့ဖြေရပါမည်နည်းဟု တွေး၍ မရ။

ငါးရက်ကုန်၍ စျေးနေ့သို့ ရောက်သောအခါတိုင်အောင်လည်း အကြံမရသေး။ သို့နှင့် နံနက်ဝေလီဝေလင်း ဟင်းရွက်တွေ ထမ်းလာရာ ရွာထိပ်သို့ ရောက်၍ ဥသြသံ စလျှင် ဆိုမြဲတေးကို ဆိုမိလေ၏။ သပြေပင်အနီးသို့ ရောက်သောအခါ တေးရော ခြေလှမ်းပါ အလိုလိုရပ်သွား၏။ စိန်သန်းထွက်လာ၍ ယခင်မေးခွန်းကို မေးပြန်၏။ ၅ ရက်တိတိ တွေး၍မှ မထွက်လာသော အဖြေသည် ယခုမှ ဘယ်ချောင်မှ ထွက်ပေါ်လာသည် မသိ။ အောက်ပါအတိုင်း ထွက်ပေါ်လာလေ၏။

‘ဟုတ်ကဲ့၊ အစကတော့ ဥသြသံကလေးကို ကြားရင် အလိုလိုလွမ်းလာတာပဲ။ ဘာလွမ်းတယ်ရယ်လိုလည်း မသိပါဘူး။ လွမ်းတာနဲ့ ဒီတေးကို ဆိုမိတာပဲ။ ဆိုပေမဲ့လည်း အလွမ်းမပြေပါဘူး။ အခုတော့ဖြင့် ဥသြသံကြားရလို့ ဘယ်လောက်ပဲလွမ်းလွမ်း၊ ဒီသပြေပင်အောက် ရောက်လို့ မင်းနဲ့တွေ့ရင် အလွမ်းတွေ အကုန်ပျောက်တာပဲ။ ၀မ်းသာသလို ၀မ်းနည်းသလိုလည်းဖြစ်တယ်။ ဒီတော့ ကျုပ် လွမ်းတာဟာ မင်းကိုပဲပေါ့’ ဟု ပြောလိုက်သော အချိန်ကစ၍ စိန်သန်းနှင့် မောင်လှတို့သည် ချစ်သူဘ၀သို့ ပြောင်းလဲသွားကြလေ၏။

ထိုနေ့မှစ၍ မောင်လှသည် စိန်သန်းတို့၏ အဆွေအမျိုးသတင်းကို နာလေ၏။ မေးသင့်သည်ကို မေးကြည့်၏။ စိန်သန်း၏ ဖခင်သည် ရွာသူကြီး၊ မြေပိုင်ရှင်။ ဘထွေးမှာ မြို့ပေါ်က ပွဲစားကြီးတဦးဖြစ်၏။ အစ်ကိုများကား ကိုယ့်ကျွဲကိုယ့်နွား၊ ကိုယ့်လယ်ကိုယ့်ယာနှင့် လူကုံထံများဖြစ်၏။ စိန်သန်း၏ မိခင်မှာ မြို့ပေါ်က ဘုရားတကာကြီး ဦးကံရေး၏ သမီးတည်း။ အမျိုးအနွယ် ကြီးကျယ်လေစွ။ မထင်ရှားသော မိမိ၏ အညတရ အမျိုးနှင့်ကား ကွာခြားချင်တိုင်း ကွာခြားလေ၏။

စိန်သန်းသည် မိမိနှင့် မတန်။ ကြေးရတတ် သားများနှင့်သာ တန်၏။ စိန်သန်းကို မိမိချစ်သည်ကား ချစ်ရာမရောက်။ နှစ်ရာ ရောက်နေ၏။ မိမိသည် တကိုယ်ကောင်း နိုင်လေစွ။ စိန်သန်း မိမိကို ယူလျှင် ဆင်းရဲရမည်။ မိဘဆွေမျိုးတို့နှင့် သဘောကွဲ၍ ၀မ်းနည်းရတော့မည်။ မိမိသည် စိန်သန်းပျော်ရွှင်သည်ကိုသာ မြင်လို၏။ ဆင်းရဲလျှင် စိန်သန်း ပျော်ရွှင်နိုင်အံ့လော။ မိဘတို့နှင့် သေခန်းပြတ်နေလျှင် စိန်သန်းပျော်နိုင်အံ့လော။ ပျော်နိုင်မည် မဟုတ်။ သို့ဖြစ်က မိမိသည် စိန်သန်းကို လက်လွှတ်ရမည်ဖြစ်၏။ လွှတ်အံ့။ စိန်သန်း ပျော်ရွှင်သည်သာ လိုရင်း။ ပထမ အစ၌ စိန်သန်း ၀မ်းနည်းကြေကွဲရမည်မှာ မုချ။ သို့သော် မတွေ့ရတာ ကြာလျှင် မေ့သွားမည် ဖြစ်၏။ အချိန်ကာလတည်းဟူသော ဆေးသမားသည် စိန်သန်း၏ ကြေကွဲ၀မ်းနည်းသော အသည်းနာကို ဆေးကုပေးအံ့။ အသည်းနာသည် အသည်းကောင်း ပြန်ဖြစ်လာသောအခါ စိန်သန်း တသက်လုံး ပျော်ရတော့မည်။ ဤသို့ဖြစ်သောကြောင့် မိမိသည် စိန်သန်းကို လက်လွှတ်အံ့ဟု စိတ်သန္နိဋ္ဌာန် ချလိုက်လေ၏။

စျေးနေ့သို့ ရောက်သောအခါ မောင်လှသည် ဟင်းသီးဟင်းရွက်တို့ကို ထမ်း၍ ထွက်လာ၏။ ရွာထိပ်တွင် ဥသြသံကလေးကို နားစိုက်၍ ထောင်မိ၏။ ဥသြသံ စဲလျှင် ခါတိုင်း သီဆိုနေကျ တေးသံသည် နှလုံးတွင်းမှ ထွက်လာ၏။ မောင်လှက ဆီး၍ တားမြစ်လေသောကြောင့် အပြင်သို့ မရောက်မီ ပျောက်ကွယ်သွားလေ၏။ ခြေထောက်တို့သည်လည်း ရွာတွင်းသို့ ၀င်အံ့ဟု ပြင်ကြ၏။ မောင်လှက ‘အသင်တို့သည် ယနေ့မှစ၍ ဤလမ်းကို မသွားရ။ ရွာအပြင် ကိုင်းတောကို ဖြတ်၍သာ သွားရမည်’ ဟု အမိန့်ပေးလေသောကြောင့် ကိုင်းတောကို ဖြတ်၍ သွားရလေ၏။

မောင်လှ၏ နှလုံးသားသည် ထွက်ခွင့်မရသော တေးဖြင့် ကြွေကျမတတ် နာကျင်လေ၏။ မျက်စိတို့သည် မျက်ရည်ဖြင့် ပြည့်လျှမ်းလျက်။ လမ်းကိုမျှ ကောင်းကောင်း မမြင်ကြကုန်။ ထိုအခါ မောင်လှသည် စိန်သန်းကို မေ့လိုက် မေ့လိုက်ဟု မိမိကိုယ်ကို ဆုံးမရလေ၏။ စျေးရောင်းရာတွင်လည်း ဆုံးမလျက်။ အိမ်ပြန်ရောက်သောအခါလည်း ဆုံးမလျက်။ မေ့ပစ်လိုက်ဖို့ ဆုံးမလေ သတိရလေ အောက်မေ့လွမ်းဆွတ်လေဖြစ်၏။

သပြေပင်ရိပ်မှ စောင့်မျှော်နေသော စိန်သန်းမှာလည်း အချိန်တော်၍ မောင်လှ၏ တေးသံကို မကြားရလျှင် စိုးရိမ်မိ၏။ အချိန်လွန်၍ မောင်လှကို မမြင်ရသောအခါကား ကြိတ်၍ ငိုလေတော့၏။ စျေးရက်ရောက်၍ ဥသြသံကလေးကို ကြားရတိုင်း မပေါ်လာသော မောင်လှကို မျှော်မှန်း တမ်းတလျက် လွမ်းဆွေးလေတော့၏။ သို့ဖြင့် မိုးဦးရောက်၍ မိုးသံ လေသံတို့ အကြားတွင် ဥသြသံကလေး ပျောက်သွားသည့် တိုင်အောင်လည်း မောင်လှကို အရိပ်အယောင်မျှ မမြင်ရလေ။

ယခုလည်း နွေဦးပေါက်လာပြန်လေပြီ။ ဥသြကလေးလည်း မြည်ပြန်လေပြီ။ အပင်တိုင်း၌ သစ်ကိုင်းကျိုးကျဲနှင့် ဆင်းရဲကြီးလေစွ။ သို့သော် ဤသို့မှ ရွက်ဟောင်း မကြွေလျှင် ရွက်သစ် မဝေနိုင်တော့ပြီ။

အမောင်သစ်ပင်တို့၊ ရွက်ဟောင်းကို မခင်တွယ်လေနှင့်၊ စွန့်လော့။

အို မစိန်သန်း၊ မောင်လှကို မခင်တွယ်လေနှင့်၊ စွန့်လော့။ သို့မှသာလျှင် သစ်ပင်တို့သည် ရွက်သစ်ရွက်ဦးကလေးတွေ ဝေဝေဆာဆာနှင့် ရွှင်မြူးပျော်ပါးနိုင်သကဲ့သို့ အသင်သည်လည်း ပျော်ပါးနိုင်တော့အံ့တည်း။

မင်းသု၀ဏ်

08/12/2021

ပြောင်းလဲခြင်း

“ဆင်းရဲလိုက်တာ”

တဲအိုစုတ်အရှေ့မှာ အရောင် မွဲသော အိုးတစ်လုံးကို မီးဖိုပေါ် တင်ရင်း အဘိုးအို ညည်းတွားလိုက် သည်။ မီးဖိုကလည်း ယိုင်နဲ့နဲ့၊ အိုးက လည်း မီးခိုးမှိုင်းဝပြီး မည်းသည်း နေပြီမို့၊ သူ့ဟာနဲ့သူတော့ ပနံရ သယောင် မြင်ရသည်။ အဘိုးအိုက အိုးကိုမီးဖိုပေါ်တင် ပြီး သူ့နံဘေးနား ပြန့်ကျဲနေသော သစ်ကိုင်းခြောက်၊ ထင်းစများကို မီးဖိုထဲ ထိုးသွင်းလိုက်သည်။ ပြီးမှ စက္ကူစတစ်စကိုယူပြီး ခါးကြားမှ ဓာတ်ဆီမီးခြစ်ကို ထုတ်ခြစ်မီးညှိ လိုက်သည်။ “ရှဲ” မီးကတော်ရုံမစွဲ။ စက္ကူစက ရေငွေ့များ ရိုက်ထားသည်မို့ တော်ရုံ မီးမကူးနိုင်။

“ဒီသောက်မိုးကလည်း ဘယ် တော့မှ ပြီးမှာလဲမသိဘူး မိုးနှယ် အစိုးကို မရဘူး”

အဘိုးအိုက သူမီးမွှေးမရသည် ကို အကြောင်းပြု၍ မဆီမဆိုင် မိုးကို ကျိန်ဆဲသည်။

မီးခြစ်ကို ထပ်ခြစ်လိုက် သည်။

“ခြစ်၊ ခြစ်”

မီးခြစ်ကပါ ရေငွေ့စိုသွားပြီမို့ မီးတောက်ဖြစ်မလာ။

“လုပ်ပြန်ပြီ ဒီမီးခြစ်က”

အဘိုးအို မီးခြစ်ကိုကျိန်ဆဲပြန် သည်။ မီးခြစ်နောက်ဖုံးကိုဖွင့်၍ ပါးစပ်ဖြင့် ဓာတ်ဆီကို တဖူးဖူးနဲ့ မှုတ်သည်။

ပြီးမှအဖုံးကို ပြန်စွပ်၍ မီးခြစ်ကို ထပ်ခြစ်သည်။

“ခြစ် ခြစ်”

ဟုတ်ခနဲ မီးတောက်မြင်တော့ အဘိုးအိုက စက္ကူစကို ယူ၍ မီးကူးစေ သည်။ ကံကောင်းထောက်မစွာ စက္ကူ စက မီးကူးပြီ။ အဘိုးအို စက္ကူစကို မီးဖိုထဲ ပစ်သွင်းကာ လေဖြင့် တဖူးဖူး မှုတ်လိုက်သည်။ ထင်းစများက အစိုပြန်နေသည်မို့ ရုတ်ချည်းမီးမကူး။ ထို့ကြောင့် အလျှင်အမြန် မီးကူး စေရန် သစ်ရွက်ခြောက်များ၊ သစ်တို သစ်စများကို မီးစပေါ် ပစ်တင်လိုက် သည်အထိ မီးခိုးက အူခနဲ။

“ဘယ်မှာလဲ မီးပြောင်း”

မီးစွဲစအခြေအနေမို့ အဘိုးအို အလျှင်အမြန် မီးပြောင်းကို လက် လှမ်းရှာလိုက်သည်။ မီးပြောင်းကို တော်ရုံမစမ်းမိ။

“တောက် အရေးရယ်၊ အကြောင်းရယ်ဆို မီးပြောင်းက ပျောက်ပြန်ပြီ မှန်း”

အဘိုးအို မီးမငြိမ်းစေရန် တစ်ချက်နှစ်ချက် မှုတ်ပြီး မီးပြောင်း ကို ဝေ့ရှာလိုက်သည်။

“တွေ့ပြီ”

မီးပြောင်းက သစ်တိုသစ်စ များ အောက်ရောက်နေ၍ ရှာမတွေ့ ခြင်းပင်။ သူ့လက်သုံးတော် မီးပြောင်း ကို ဆွဲထုတ်လိုက်သည်။ မီးပြောင်းကလည်း အာဂမီး ပြောင်းပင်။ နှစ်ရှည်လများ မီးဖိုနံ ဘေးအလုပ်အကျွေး ပြုနေရသည်မို့ မီးဖိုသဖွယ် မှိုင်းဝမည်းညစ်နေပြီ။ ဒီကြားထဲ ထင်းမီးစွဲစေရန်ဖြစ်ဖြစ် ထင်းမီးမြဲရန် ဖြစ်ဖြစ်၊ တစ်ခုခုလိုတိုင်း သူနဲ့ချည်း မီးဖိုထဲ ထိုးထိုးနေ၍ ပြောင်းဝ မှာလည်း မီးစွဲဒဏ်ရာ အပြည့်နှင့်။ ဒီကြားထဲ ရံဖန်ရံခါမီးနှင့် နီးနီးနားနားမေ့ပြီး ထားခဲ့မိ၍ မီး ပြောင်းအလယ်တည့် တည့်မှာလည်း မီးလောင်ရာ အပေါက်ကြီးနှင့်။ အဘိုးအို မီးပြောင်းကိုယူပြီး သူ့ လက်ကိုသူ ခါရသေးသည်။ မီး ပြောင်းမှာရှိနေသော ချေးညော်။ ပြာတချို့က သူ့ဆီကပ်ပါလာသေး သည်ကိုး။ အဘိုးအို ဖုတ်ဖက်ခါပြီးမှ မီးပြောင်းဝကို နှုတ်ခမ်းတေ့ မီးကို ကုန်းမှုတ်လိုက်သည်။

“ဖူး”

နှုတ်ကသာ အကျယ်ကြီး အသံ ထွက်သွားသော်လည်း လေက မီးဖို ထဲ အလုံးစုံမရောက်။ မီးပြောင်း အလယ်က ပေါက်နေသော အပေါက် မှလေပြန်ထွက်ပြီး ထိုလေ ကူ သူ့ နဖူးကိုပြန်မှန်နေသည်။

“အာ ဒီမီးပြောင်းတော့ ငါထင်း စိုက်မိတော့မယ်”

အဘိုးအို ကြိမ်းသာ ကြိမ်းတာ။ ဘယ်ကာလကတည်းက သူနှင့်အတူ ရှိခဲ့ သည်မသိသော မီးပြောင်းကို သံယောဇဉ်ဖြင့် ထင်းမစိုက်ရက်။ ပေါက်နေသော အဝပေါက်ကို လက်နှင့်ပိတ်၍ အားရပါးရ ကုန်း မှုတ်သည်။

“ဖူး ဖူး”

မီးပြောင်းကလက်နှင့်ပိတ်ထား ၍ လေအနည်းငယ်ပိုလုံ၍ အလုပ် ဖြစ်သည်။ မီးဖိုထဲ မီးရိပ်မီးငွေ့က တငွေ့ငွေ့နှင့် လောင်မြိုက်လာ သည်။ တက်လာသော မီးစများကို အဘိုးအိုက လက်ထဲကိုင်ထားသော မီးပြောင်းနှင့်ပင် ထင်းချောင်းများ ကို လိုသလိုနေရာချသည်။ တဖန် လက်ထဲရှိသော မီးပြောင်းနှင့်ပင် မီးကို ကုန်းမှုတ်ပြန်သည်။ မီးဖိုထဲ မီးကားတငွေ့ငွေ့နှင့် လောင်မြိုက်ပေ ပြီ။ ထိုအခါ မီးပြောင်းကြောင့် ပေနေသောလက်ကို ဝတ်ဆင်ထား သော ညစ်ထေးထေးလုံချည်နှင့် သုတ်ပြီး မီးဖိုပေါ်မှ အိုးကိုလှန်ကြည့် လိုက်သည်။ အိုးထဲတွင် ဘာမှမရှိ။ မီးဖိုပေါ်အိုးကိုပြန်တင်ပြီး နံဘေးနား ရေပုံးမှ တစ်ခွက်ခပ် မောက်မောက်ခပ်ထည့်လိုက်သည်။ ပြီးနောက် မီးဖိုထဲမှ မီးကိုပြန်ကြည့်သည်။ မီးတောက်အရှိန်ပိုရရန် ခုနက နံဘေးနားချထားသော မီးပြောင်းနှင့်ပင် မီးဖိုထဲမှ ထင်းချောင်း များကို လိုသလိုနေရာချ၍ ထိုမီး ပြောင်းနှင့်ပင် တစ်ချက်နှစ်ချက်ကုန်း မှုတ်လိုက်သည်။ မီးဖိုထဲ မီးတောက် အရှိန်ရမှ အဘိုးအို မီးပြောင်းကို ပစ်ချရင်း ဖြည်းညင်းစွာ ထလိုက် သည်။

“အလားလား”

အသက်အရွယ် အိုမင်းနေပြီမို့ ခန္ဓာကိုယ်အရိုး အဆစ်တွေက အရင်လို မကောင်းတော့။ ထိုင်ပြီး လျှင် တော်ရုံမထနိုင်။ ထပြီးလျှင် လည်း လမ်းကိုတော်ရုံမလျှောက် နိုင်။ တကျွတ်ကျွတ်စုပ်သပ်ရင်း ပိန် ကိုင်းသောခါးကို လက်တစ်ဖက်နှင့် ထောက်ထားရသေးသည်။ ပြီးမှ ယိုင်နဲ့နဲ့တဲအိမ်ဘက် ဖြည်းညင်းစွာ သူ့ခြေလှမ်းကို စရသည်။

“ကျွတ် ကျွတ် ကျွတ် နာလိုက် တာ”

အဘိုးအို ညည်းတွားရင်း အိမ် ဘက်သို့ ခြေလှမ်းသည်။ အိမ်ရှေ့ ရောက်သော်၊ ဒူးနာနာဖြင့်သာ အိမ် ခါးပန်းကိုကိုင်ထားရသေးသည်။ ချက်ချင်းအိမ်ပေါ်မတက်နိုင်သေး။ အိမ်ကပြင်ပေါ်ရောက်ရန် အိမ် အောက်တွင် တိုင်နှစ်တိုင်နှင့် တန်း ရိုက်ထားသော လှေကားသဖွယ် သစ်သားတုံးကို နင်းပြီးမှ အိမ်ပေါ် တက်ရဦးမည် မဟုတ်ပါလား။

“ဒူးသာသာ အိမ်ပေါ်တက်တာ ပဲ”ဆိုပြီး ပေါ့လို့မဖြစ်။ တစ်ခါက စိတ်မြန်လက်မြန်နှင့် ခြေနင်းတုံးကို ဆတ်ခနဲနင်းခံပြီး အိမ်ပေါ်တက်စဉ် ခန္ဓာကိုယ်ကို ဒူးကမထိန်းနိုင်ဘဲ မြေ ပြင်ပေါ် ပက်လက်လန်ကျ၍ သုံး လေးရက်မျှ မထနိုင်သည်မျိုး တစ်ခါ ဖြစ်ဖူး၏။ ထို့ကြောင့်လှေကားအနင်း ကို သူသတိထား၏။ ခြေတစ်ဖက် နှင့် ထိုတန်းကလေးကို အမိအရ နင်းပြီးမှ အိမ်ကပြင်ပေါ် နောက် တစ်ဖက်နှင့် ခြေချလိုက်သည်။

“ဟူး”

အရာရာ ချောချောမွေ့မွေ့ပင်။ အိမ်ပေါ်ရောက်တော့ သူ မနားအား သေး။ အိမ်နောက်ဖေးဘက်ရှိသမျှ အားနှင့် ဖြည်းညင်းစွာဝင်ရသည်။ အိမ်အလယ်လောက်မှာ စင်ထိုး၍ ထိုးတင်ထားသော ပြောင်းဖူးများကို ဆွဲချလိုက်သည်။ တချို့ကလက်ထဲ။ တချို့က ဝါးအခင်းပေါ်။ လိုသလောက် ဆွဲချပြီးမှ အခင်း ပေါ်ကျနေသော ပြောင်းဖူးများကို ကောက်ယူပြီး ပြောင်းဖူးအားလုံး စုစည်းကိုင်ကာ အိမ်ရှေ့မီးဖိုဆီ ခြေဦးပြန်လှည့်ရသည်။

---

“ဆင်းရဲလိုက်တာ”

အဘိုးအိုက မီးဖိုရှေ့ငုတ်တုတ် ထိုင်ကာ ညည်းတွားလိုက်သည်။ သူ့ရှေ့ မီးဖိုပေါ်မှ ပြောင်းဖူးအိုးက ပွက်စ ပြုနေပြီ။ မီးအရှိန်မသေစေရန် လက်ထဲညစ်ထေးနေသော မီးပြောင်း ဖြင့် မီးများကို ထိုးဆွလိုက်ရင်း သူပြန်စဉ်းစားလိုက်သည်။

“ဘယ်အချိန်ကတည်းက စဆင်းရဲတာလဲ” သူမသိနိုင်တော့။ သူ့ဘဝ ဘယ်အချိန်တုန်းက ချမ်းသာခဲ့လဲ သူ မစဉ်းစားတတ်။

“ငယ်ဘဝကရော ချမ်းသာခဲ့ လေသလား” သူမေ့လျော့နေပြီ။ သူမှတ် မိတာကတော့ ယခု ပြောင်းဖူးသည် မိန်းမနှင့်စရ ကတည်းက ဆင်းရဲခဲ့ မှန်းသာ သူမှတ်မိတော့သည်။ ပြောင်းဖူးသည်မိန်းမနှင့် ညား ကတည်းက သူကပြောင်းဖူးချိုး၊ ပြောင်းဖူးပြုတ်၊ မိန်းမက သူပြုတ်ပေး သော ပြောင်းဖူးကို ရွက်ရောင်းခဲ့ တာ ယခုတစ်သက်ပင်။ ပြောင်းဖူးပြုတ် ရောင်းနေရင်း ကလေးတစ်ယောက် ပြီး တစ်ယောက်မွေး ။ ပြောင်းဖူးပြုတ် ရောင်းကျွေးရင်းပင် ကလေးတွေ အရွယ်ရောက်စေခဲ့သည်။ ယခုတော့ အိုးခွဲအိမ်ခွဲ၊ အိမ်ထောင်များ ခွဲနေ ကြရင်း၊ သူနှင့် သူ့မိန်းမ ပြောင်းဖူးပြုတ် သည်ကြီးသာ အိမ်တွင်ကျန် တော့သည်။ သူ၏သားသမီးများက လည်း ဆင်းရဲလေသလား၊ ချမ်းသာ လေသလား သူမသိ။ တစ်နှစ်မှ တစ်ခါခန့်သာ အိမ်ကိုခဏတဖြုတ် လာကာ ကိုယ့်ရှိတာ သူ့ကိုကျွေး၊ သူ့ရှိတာလေး ကိုယ့်ကိုပေးရင်း ခဏသာ ဆုံတတ်ကြသည်။ အဘိုးအို သူ့ဘဝသူ စဉ်းစား ရင်း မီးဖိုထဲကို မီးပြောင်းဖြင့် သတိ လက်လွတ် ကော်ထိုးနေမိသည်။ မီးခိုးအူတာမြင်မှ သတိတရ ထုတ်ကြည့်တော့

“အယ်… မီးပြောင်းမီးစွဲပဟ”

အဘိုးအို မီးပြောင်းကို မီးအစွဲ မခံလို၍ နံဘေးနား ပြာပုံထဲ မီး ပြောင်းကို ထိုးစိုက်ထားလိုက်သည်။ ထို့နောက် ထိုမီးပြောင်းဖြင့်ပင် မီးဖို ထဲကမီးကို ကုန်းမှုတ်လိုက်သည်။

“ဖူး ဖူး”

မီးရှိန်ကမြင့်ပြီး ပြောင်းဖူးပြုတ် အိုးပွက်နေလေပြီ။ အဘိုးအို ပြောင်းဖူးအိုးကို တွေတွေကြီး စိုက်ကြည့်နေမိသည်။ ပြီးနောက် သူ့ဘဝကို သူပြန်စဉ်းစား မိသည်။ သူဘဝတွင် အဝတ်အစားပင် ဝယ်ဝတ်ခဲ့ဖူးလား သူမမှတ်မိ။ မွေး ခဲ့သည့် သားသမီးလေးယောက်ကို လည်း သူအဝတ်အစား ဝယ်ပေးဖူး လား မသေချာ၊ မမှတ်မိတော့။ ပြောင်းဖူးပြုတ်သည်ကြီးကတော့ ငွေပိုငွေလျှံရှိလျှင် သားသမီးနှင့်သူ့ကို ဝတ်ဆင်ပေးခဲ့ ပုံရသည်။ ငွေပိုငွေ လျှံ ဆိုသည်မှာလည်း ပြောင်းဖူး သည် အမေကြီးပြောင်းဖူးရောင်း ကောင်း သည့်နေ့၊ သို့မဟုတ် အိမ်တစ်အိမ်က အဝတ်လျှော်၊ ပန်းကန်ဆေး၊ အပို အလုပ်ခိုင်းသောနေ့မျိုးများ၌ သာ ရတတ်၏။ ဒါကလည်း ဖြစ်တောင့် ဖြစ်ခဲ။

သူငယ်စဉ်ကတော့ ပြောင်းစိုက်၊ ပြောင်းချိုး၊ ပြောင်းဖူး ပြုတ်အပြင်၊ အားသော အချိန်ကလေးများ၌ ထင်းခွေ၊ တောတက်၊ ပန်းရံ၊ လက်သမား၊ လိုအပ်သူကခေါ်လျှင် ခေါ် သလို၊ အောက်ခြေသိမ်းလုပ်၍ ငွေ ပိုငွေလျှံလေး ရတတ်သေး၏။ ယခု တော့ အသက်အရွယ်ကကြီး၊ ခါး ကကိုင်းချိန်ဖြစ်ပြီမို့ ပြောင်းဖူးရိုးပင် မနည်းနိုင်အောင် ဆွဲနေရပေပြီ။ စဉ်းစားနေရင်းမှာပင် ခန္ဓာကိုယ်ပေါ် ရေစက်ကလေးများ ကျလာ၍ အဘိုး အိုထိတ်ခနဲ မော့ကြည့်မိသည်။ ကောင်းကင်က မှိုင်းညို့လာပြီ။

“တောက်၊ ဒီမိုးကလည်း စဲကို မစဲနိုင်ဘူး”

အဘိုးအို မိုးကိုကြည့်၍ ကျိန်ဆဲ လိုက်သည်။

“ပြောင်းဖူးပြုတ်က ရတော့မယ် ဆို ဒီမိုးက လုပ်ပြီ”

အဘိုးအိုညည်းတွားရင်း မိုးမကျမီ ထင်းမီးကို အရှိန်မြှင့်ထိုး ကာ မီးပြောင်းစုတ်နှင့် အားကုန်မှုတ် လိုက်သည်။ မီးပြောင်းက မကောင်း တော့၍ မီးက လိုသလောက် တောက်လောင်မှုမမြန်ဆန်။

ထိုစဉ် မှာပင်...

“ပြောင်းလဲချိန်တန်ပြီ”

“ဟင်”

အနီးနားမှ အသံကြား၍ အဘိုး အို အံ့အားသင့်သွားသည်။ လှည့်ကြည့်လိုက်တော့ ဘယ်က ဘယ်လို၊ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသောလူတစ်ဦး သူ့အနောက်မှာ ခုံတစ်လုံးနှင့် ကျကျ နန ထိုင်နေသည်။

လူပုံက သပ်သပ်ရပ်ရပ်မဟုတ်။ ခေါင်းကစုတ်ဖွားဖွား၊ တိုက်ပုံက ရိုးရာအင်္ကျီလားမသိသော ဖျင်အင်္ကျီ ခပ်နွမ်းနွမ်းကို ဝတ်ဆင်ထားသည်။ ပခုံးတွင်လည်း အရောင်အဆင်း ခန့်မှန်းရခက်သော ခပ်နွမ်းနွမ်း လွယ်အိတ်ကလေးတစ်လုံး လွယ် ထားသည်။ ထို့အပြင် ဝတ်ထား သော ပုဆိုးကပါ ခပ်နွမ်းနွမ်းမို့ ခြုံ ပြောရလျှင် မီးဖိုရှေ့က အဘိုးအိုနှင့် စာလျှင် အင်္ကျီရှိတာနှင့် မရှိတာသာ ကွာလိမ့်မည်။

အဘိုးအိုက ထိုလူငယ် ကို ကြည့်ကာ အံ့အားသင့်စွာဖြင့်…

“မောင်ရင်က ဘယ်သူတုန်း”

ခပ်နွမ်းနွမ်းလူက ခပ်နွမ်းနွမ်း ပြုံးကာ

“ခင်ဗျားဘဝကို ပြောင်းလဲပေး မယ့်သူ”

“ဟင်”

အဘိုးအို အံ့အားသင့်သွား သည်။ ထိုသူစကားကိုလည်း သူသိပ် ပြီး သဘောမပေါက်လှ။ သူဘာတွေ ပြောင်းလဲသင့်သည်ကို တစ်ခါမျှ မစဉ်းစားဖူးပေ။

ထိုသူမှပင်...

“ကျုပ်တို့ပြည်ကြီး မတိုးတက် တာ၊ ပြောင်းလဲခြင်းကို သဘော မပေါက်လို့ မတိုးတက်တာဗျ။ ဒါကို နားလည်လား”

အဘိုးအိုက ဇဝေဇဝါ ခေါင်းခါ သည်။
ထိုသူက မဲ့ပြုံးပြုံးပြီး …

“အဲဒါပဲဗျ။ အဲဒါပဲ။ ပြောင်းလဲ ချိန်တန်နေတာတောင် ဘာမှမသိဘဲ ငုတ်တုတ်ကြီးထိုင်နေသူတွေကြောင့် မတိုးတက်တာ။ သူများနိုင်ငံတွေကို ကြည့်၊ ကိုရီးယားကိုကြည့်မလား၊ ဂျပန်ကိုကြည့်မလား”

အဘိုးအို ထိုသူပြောတာ တစ်ခု မှ နားမလည်။

ထိုသူမှပင်ဆက်၍ အာပေါင်အာရင်းသန်သန်ဖြင့် …

“ပဒေသရာဇ်ခေတ်၊ အာဏာ ရှင်ခေတ်၊ စစ်အစိုးရခေတ်၊ ဒီမိုက ရေစီခေတ်ထိ ခင်ဗျားအနေနဲ့ ပြောင်းလဲသင့်တယ်ဆိုတာ ဘယ်နှစ် ခါ စဉ်းစားဖူးလဲ”

အဘိုးအို ခေါင်းကုပ်ပြီး

“တစ်ခါမှ မစဉ်းစားဖူးဘူး”

လူရွယ်အသံ ပိုကျယ်လာသည်။

“အဲဒါပဲဗျ အဲဒါပဲ ပဒေ သရာဇ်ခေတ်မှာလည်း ကျောမွဲ၊ ခေတ်အဆက်ဆက် ပြောင်းလဲလာ လည်း ကျောမွဲ၊ ကောင်းမွန်တဲ့ အပြောင်းအလဲမရှိခဲ့တော့ ခင်ဗျား တို့ဘဝဘယ်လိုလုပ်ပြီး မြောက်မှာ လဲ။ ဦးနှောက်ကို လွှာသုံး၊ မှန်ကန် တဲ့ဘက်က ရပ်တည်၊ ပြောင်းလဲခြင်း ကို လက်ခံနိုင်မှ တိုးတက်ခြင်းကို ရမှာပေါ့”

အဘိုးအိုငေးကြည့်နေသည်။ ထိုသူဘာကို ဆိုလိုနေမှန်း သူလည်း မသိ။

“တချို့ကရှေ့ကလည်း မသွား၊ နောက်ကလည်းမလိုက်၊ ဘေးတိုက် လွယ်အိတ်လိုလိုက်နေကြတော့ ဘယ်လိုလုပ် တိုးတက်မှာလဲ”

အဘိုးအိုဝေ့ကြည့်သည်။ သူ့မှာ လွယ်အိတ်မရှိတော့ မသိ။

“အမေရိကန်နိုင်ငံမှာဆို ရီပါပ လစ်ကင်နဲ့ ဒီမိုကရက်တစ်ဆိုပြီး ပါတီကြီးနှစ်ခုရှိတယ်။ သူတို့နှစ်ခုက ပဲ သက်တမ်းတစ်ခုစီ ပြောင်းလဲပြီး အုပ်ချုပ်ခဲ့လို့ အပြောင်းအလဲတွေနဲ့ တိုးတက်ခြင်းတွေ ရခဲ့တယ်။ ခု ခင်ဗျားဆို သက်တမ်းတစ်လျှောက် မှာ ဘယ်မှာပြောင်းလဲခဲ့လဲ”

အဘိုးအို နားမလည်။ ဘာကို ပြောင်းလဲရမလဲသူမသိ။

“ပြောင်းလဲချိန်တန်ပြီ။ ပြောင်း လဲချိန်တန်ပြီ။ ပါးစပ်ကကုန်း အော် နေပြီး ဘာမှဆက်မလုပ်ခဲ့လို့ ဒီလိုပဲ ခံနေရတာပေါ့ဗျ။ မဟုတ်ဘူးလား”

သူ့ကိုလက်ညှိုးထိုးမေး၍ အဘိုး အိုယောင်ပြီး ခေါင်းညိတ်မိသည်။

“တိုးတက်ခြင်းအစ ပြောင်းလဲခြင်းကဆိုတာ လက်ခံလား”

အဘိုးအို ခေါင်းကုပ်သည်။
ပြီးမှ …

“အဲဒီတော့ ကျုပ်ဘာလုပ်ရမှာလဲ”

“ပြောင်းလဲရမယ်လေဗျာ။ ပြောင်းလဲရမယ်”

အဘိုးအိုခေါင်းကုတ်ပြန်သည်။

“ကျုပ်ကဘယ်လို ပြောင်းလဲရ မလဲ”

ထိုသူက ခပ်ဖွဖွပြုံးလိုက်သည်။
ပြီးမှ …

“ခင်ဗျားမှာ ပြောင်းလဲချင်စိတ် လိုတယ်။ ခင်ဗျားသာ ပြောင်းလဲချင် စိတ်ရှိရင် ကျုပ်ကခင်ဗျားကို ပြောင်းလဲပေးမယ်”

အဘိုးအိုစိတ်ကူးထဲ တိုက်အိမ် ကြီးပေါ်လာသည်။ ပြောင်းဖူးသည် အမယ်ကြီး ပြိုးပြိုးပြက်ပြက်နှင့် ပြုံးပြုံးကြီး ပေါ်လာသည်။ သူ၏ သားမြေးများ မော်တော်ကားစီး၍ မုန့်ထုပ်များနှင့် ပျော်ရွှင်စွာ သူတို့ လင်မယားကို လာကန်တော့သည် များ ပေါ်လာသည်။ မြေးငယ်များက ခြံဝင်းထဲက မြက်ခင်းပေါ် ပျော်ရွှင် စွာ ပြေးဆော့ကစားနေကြလေပြီ။ အဘိုးအို အပြုံးပန်းများ ပွင့်လာ သည်။
ထို့ကြောင့် အားတက် သရောဖြင့်

“ဟုတ်ပြီ ကျုပ်ပြောင်းလဲချင်ပြီဗျာ”

အဘိုးအို၏စကားကို ထိုသူက ကျေနပ်ပီတိဖြစ်စွာ
ပြုံးသွားပြီး

“ခင်ဗျားပြောင်းလဲချင်တာ သေချာလား”

အဘိုးအိုက ခေါင်းကိုခပ်သွက် သွက်ညိတ်ပြီး …

“သေချာတယ်ဗျ။ သေချာ တယ်”

“သေချာတယ်ဆို ရော့၊ ကျုပ်က ခင်ဗျားကို ချက်ချင်းပြောင်းလဲပေး လိုက်မယ်ရော့”

ထိုသူ့လွယ်အိတ်စုတ်ထဲက တစ်စုံတစ်ခု ဆွဲထုတ်လိုက်သည်။

“ဟင်”

ထိုအရာကိုကြည့်ပြီး အဘိုးအို အံ့အားသင့်သွားသည်။ သူမြင်နေရ တာ ဝါးဆစ်ပိုင်းတစ်ခု။ သူ့စိတ်ထဲ မှာ မှော်တုတ်ကလေးလားအမှတ်နဲ့ လှမ်းယူကာ…

“ဒါဘာလဲ”

“မီးပြောင်း”

“ဟင်”

အဘိုးအို အသေအချာကြည့် သည်။
မှန်ပါ့ မီးပြောင်းမှဝါးမီးပြောင်း အစစ်ကြီး။

“ဒါ ဒါကြီးက”

“ထိုင်မှုတ်နေလေ”

“ငင့်”

အဘိုးအို တက်ချင်သလိုပါ ဖြစ်သွား၏။

“ဟုတ်တယ်လေ။ ခင်ဗျားမီး ပြောင်းအဟောင်းအစုတ်ကြီးနဲ့ ထိုင်မှုတ်နေလို့ မီးကဘယ်လိုတောက် မှာလဲ။ ဒါကြောင့်ပြောင်းလဲပြီး မှုတ်ကြည့်”

“ဒါ ဒါကြီးနဲ့”

“ထိုင်မှုတ်ပါဆို”

ဆိုပြီး လူငယ်ငေါက်ခနဲ ထ ထွက်သွားသည်။ အဘိုးအိုနှင့် မလှမ်းမကမ်းကို ရောက်မှ အသံ ကျယ်ကျယ်ဖြင့် …

“လူတစ်ယောက်ကို ငါပြောင်း လဲပေးနိုင်ပြီဟေ့။ ပြောင်းလဲပေးနိုင် ပြီ။ ဟား ဟား ဟား”

ဟူသော အားရ ဝမ်းသာ အော်သံကို ကြားရသည်။

အဘိုးအိုမှာ လက်ထဲရှိသော မီးပြောင်းအသစ်ကို ကြည့်လိုက်၊ သုံးနေကျ ဝါးမီးပြောင်းအဟောင်း ကိုကြည့်လိုက်နှင့် ဇဝေဇဝါဖြစ် နေသည်။ ဘာလုပ်ရမှန်းမသိ။ အတန်ကြာမှ သက်ပြင်းချပြီး …

“ပြောင်းလဲချိန်တန်ပြီလေ”

ဟု ဆိုကာ ဝါးမီးပြောင်းအဟောင်းကြီး ကို မီးဖိုထဲ ပစ်ထည့်လိုက်သည်။
နောက် ခုနကလူပေးသွားသော ဝါး ပြောင်းအသစ်ဖြင့်
မီးကိုကုန်းမှုတ် လိုက်သည်။

“အံမယ် ပြောင်းလဲလိုက်တော့ လည်း မှုတ်လို့အကောင်းသားဟ”အဘိုးအို ကျေနပ်သွားသည်။

#အကြည်တော်
#ပြောင်းလဲခြင်း

ထူးဆန်းသောအရာ လူသားတိုင်းတွင် ကပ်တွယ်နေသော ထူးဆန်းသောအရာ ကိုယ်စီရှိကြသည်။ထိုအရာ သည် လူသားတို့၏ ဘဝကို သွန်ချင်သလိုသွန် မှ...
29/08/2021

ထူးဆန်းသောအရာ

လူသားတိုင်းတွင် ကပ်တွယ်နေသော ထူးဆန်းသောအရာ ကိုယ်စီရှိကြသည်။ထိုအရာ သည် လူသားတို့၏ ဘဝကို သွန်ချင်သလိုသွန် မှောက်ချင်သလိုမှောက်ပြစ်နိုင်သော အရာဖြစ်သည်။

ဝမ်းနည်းစရာကောင်းသည်မှာ လူသားအများစုသည် ထိုအရာ၏ သြဇာကြီးမားပုံကို မသိရှိကြခြင်းပင်ဖြစ်သည်။

လူငယ်များ၏ တန်ဖိုးရှိသောအချိန် များကို ထိုအရာသည် ခိုးယူနိုင်ယုံသာမက လူငယ်များ၏ဘဝကိုပါ ဖျက်ဆီးပြစ်နိုင်ပေသည်။

ရွာကဘွဲရ ပညာတတ် ကျောင်းဆရာကိုလည်း အရက်သမားဖြစ်အောင် ထိုအရာက ဖန်တီးပေးနိုင်‌သည်။

ဆင်းရဲသားများကိုလည်း ချမ်းသာအောင်လည်းလုပ်ပေးနိုင်သည်။ဒါပေမဲ့ သူဌေးသားများကိုလည်း ဆင်းရဲအောင်လုပ်ပေးနိုင်သည်။

ထိုအရာမှာအခြားမဟုတ် ကျွန်တော်တို့၏ ခန္ဓာကိုယ်တွင် တွယ်ကပ်နေသော အကျင့်ပင်ဖြစ်သည်။

ကောင်းသောအကျင့်များသည် ဝါသနာတစ်ခုအပေါ် ချစ်မြတ်နိိုးချင်းမှ မွေးဖွားလာပြီး ဆိုးသောအကျင့်များသည် မကောင်းသောအရာအပေါ် အထင်သေး၍ စလုပ်မိခြင်းမှဖြစ်ပေါ်လာသည်။

ကောင်းသောအကျင့်များပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုရင်း😊

sa ehi yei shaung

ချစ်တတ်ပြီလားသူတစ်ပါးကို ယှဥ်ပြိုင်ပြီးအနိုင်ယူဖို့ ဆိုတာ အရမ်းကို ခက်ခဲပါတယ်။ သူလွယ်လွယ်အရုံးမပေးတဲ့ အခါမျိုးဆိုရင်ပေါ့...
26/08/2021

ချစ်တတ်ပြီလား

သူတစ်ပါးကို ယှဥ်ပြိုင်ပြီးအနိုင်ယူဖို့ ဆိုတာ အရမ်းကို ခက်ခဲပါတယ်။ သူလွယ်လွယ်အရုံးမပေးတဲ့ အခါမျိုးဆိုရင်ပေါ့။ဒါပေမဲ့ ကိုယ့်စိတ်ကို ကိုယ်ပြန် အနိုင်ယူရတာလောက်တော့ မခက်ခဲဘူး။

သူတစ်ပါးကို ဆုံးမတယ်ဆိုတာ အရမ်းကို ခက်ခဲပါတယ်။ သူအရမ်းကိုဆိုးသွမ်းနေရင်ပေါ့။ ဒါပေမဲ့ ကိုယ့်စိတ်ကို ကိုယ်ပြန် ဆုံးမရတာလောက်တော့မခက်ခဲဘူး။

သူတစ်ပါးကို ဝေဖန် အကြံပေးဖို့ဆိိုတာ အရမ်းကို ခက်ခဲပါတယ်။ကိုယ်နဲ့အမြင်မတူတဲ့ အခါမျိုးဆိုရင်ပေါ့။ ဒါပေမဲ့ ကိုယ့်စိတ်ကို ကိုယ်ပြန်ဝေဖန်ရတာလောက်တော့ မခက်ခဲဘူး။

သူတစ်ပါးကို အသိညဏ်ပညာတွေ သင်ပေးရတာ အရမ်းကိုခက်ခဲပါတယ်။ သူမလိုချင်တဲ့ အခါမျိုးဆိုရင်ပေါ့။ ဒါပေမဲ့ ကိုယ်စိတ်ကို ကိုယ်ပြန် အသိညဏ်ပညာတွေ သင်ပေးရတာလော့တော့မခက်ခဲဘူး။

လူတိုင်းက ကိုယ့်ကိုကိုယ်အရမ်းချစ်ကြတယ်။ကိုယ်လုပ်တဲ့အရာတိုင်းကို အချစ်တစ်ခုတည်းနဲ့ ခွင့်လွတ်၊ သည်းခံ၊ ဖုံးကွယ်ထားကြတယ်။ ဝမ်းနည်းဖို့ကောင်းတာကတော့ မချစ််တတ်သေးတာပဲ။

ကိုယ့်ကိုကိုယ် ချစ်တတ်ကြပါစေလို့ ဆန္ဒပြုရင်း 😊

Sa Ehi Yei Shaung

ကိုယ့်ဘဝ ဘယ်သူဆေးချယ်နေလဲ ကိုယ့်ဘဝကို ပထမဆုံးဆေးချယ်တဲ့ အရာကတော့ကံပေါ့။ အဲ့ကံကို ဘယ်သူက လုပ်တာလဲ။  ဥပမာ တစ်ချို့က ချမ်းခ...
22/08/2021

ကိုယ့်ဘဝ ဘယ်သူဆေးချယ်နေလဲ

ကိုယ့်ဘဝကို ပထမဆုံးဆေးချယ်တဲ့ အရာကတော့ကံပေါ့။ အဲ့ကံကို ဘယ်သူက လုပ်တာလဲ။

ဥပမာ တစ်ချို့က ချမ်းချမ်းသာသာ မွေးဖွားလာပြီး တစ်ချို့က ဆင်းဆင်းရဲရဲ မွေးဖွားလာတယ်။ ဘာမှတောင်မသိရသေးဘူး ကံကြမ္မာက ကြိုတင်ဆေးချယ်ထား ပြီးပြီး။

ကိုယ်က ကောင်းတာလုပ်ရင် ကောင်းတဲ့ကံတွေ ကိုယ့်ဆီရောက်လာမှာဖြစ်ပြီး၊ မကောင်းတာလုပ်ရင်‌တော့ မကောင်းတဲ့ကံပဲ ကိုယ့်ဆီရောက်လာမှာဖြစ််တယ်။ ချက်ချင်း အကျိုးပေးတဲ့ကံနဲ့ နောင်မှအကျိုးပေးတဲ့ကံပဲကွာသွားတာ။

နောက်ထပ်ကိုယ့် ဘဝကို ဆေးချယ်တဲ့အရာကတော့ ညဏ်ပညာပေါ့။ အဲ့ညဏ်ပညာ ကရောဘယ်သူဖန်တီးတာလဲ။

တစ်ချို့က စာတွေအများကြီးဖတ်တယ်။ ရတဲ့ပညာသင်တယ်။ ကောင်းတဲ့ပညာကို အသုံးချတယ်။ သူတို့ကို ကံတရားက မျက်နှာသာ မပေးတောင်း သူတို့လုပ်းငန်းခွင်မှာ ညဏ်ကိုလွာသုံးလို့ အောင်မြင်ကြတယ်။ ကံကြမ္မာ မျက်နှာသာပေးရင်တော့ အတိုင်းထက်အလွန်ပေါ့။

တစ်ချို့က ကိုယ်သာအတော်ဆုံး၊ ကိုယ်သာအတတ်ဆုံး၊ ကိုယ်ထင််ရာကိုယ်လုပ်တယ်။ ဘာကိုမှမသင်ယူဘူး။ညဏ်ပညာကို အ‌လေးမထားဘူး။ အဲ့လိုလူတွေကတော့ ကံတရားက မျက်နှာသာပေးတောင် ခနပဲခံတယ်။

နောက်ထပ်ကိုယ့်ဘဝကို ဆေးချယ်တဲ့အရာကတော့ ဝီရိယပေါ့။ အဲ့ဝီရိယ ကိုရော ဘယ်သူဖန်တီးယူရတာလဲ။

တစ်ချို့က အရမ်းကြိုးစားကြတယ်။ ကံအကျိုးမပေး ညဏ်မရှိတောင် သူ့ကြိုးစားမှု့က အတိုင်းအတာ တစ်ခုအထိတော့ အောင်မြင်တယ်။ သူသာ ကံရော ညဏ်ရောပြည့်စုံသူ ဆိုရင်တော့ သူ့အောင်မြင်မှု့ကတော့ အံ့မခန်းပါပဲ။

ဒါဆိုရင်ကိုယ့်ဘဝကို ဘယ်သူဆေးချယ်နေလဲ။

ပျော်ရွှင်သောဘဝများ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း😊

sa ehi yei shaung

ကြိုးစားခြင်း ကြိုးစားတိုင်း အောင်မြင်မှာတော့ မဟုတ်ဘူး။စစ်မှန်တဲ့ ကြိုးစားခြင်း ဟုတ် မဟုတ်ကိုတော့ အထူးသတိပြုရန် လိုအပ်ပေ...
20/08/2021

ကြိုးစားခြင်း

ကြိုးစားတိုင်း အောင်မြင်မှာတော့ မဟုတ်ဘူး။စစ်မှန်တဲ့ ကြိုးစားခြင်း ဟုတ် မဟုတ်ကိုတော့ အထူးသတိပြုရန် လိုအပ်ပေလိမ့်မည်။

စစ်မှန်တဲ့ကြိုးစားခြင်းဆိုတာ မပင်ပန်းတတ်လို့ တော့မဟုတ်ဘူး၊ ရပ်နေခြင်းထက် ရုန်းကန်နေရတဲ့ဘဝက ပိုပြီးအဓိပ္ပာယ်ရှိလို့သာဖြစ်တယ်။ ဒါပေမဲ့မှားယွင်းတဲ့ကြိုးစားခြင်း ကတော့ မိမိကုယ်ကို နိမ့်စက်နေခြင်း ဖြစ်တယ်။

မှန်ကန်တဲ့ကြိုးစားမှု့ဆိုတာ သက်သက်သာသာ မနေချင်လို့တော့ မဟုတ်ဘူး။ ပျင်းရိနေခြင်းထက် ကြိုးစားနေခြင်းကို ပိုမြတ်နိုးလို့သာဖြစ်တယ်။ ဒါပေမဲ့ မှားယွင်းတဲ့ကြိုးစားမှု့ကတော့ အချိန်တွေကို ဖြုန်းတီးနေခြင်းဖြစ်တယ်။

မှန်ကန်တဲ့ကြိုးပမ်းမှု့တွေနဲ့ သူတော်ကောင်းတွေက သံသရာအတွက် ကုသိုလ်ကောင်းမှုတွေကို လုပ်ဆောင်ကြတယ်။ ဒါပေမဲ့ လူယုတ်မာတွေကတော့ ငွေတစ်ခုတည်းအတွက်နဲ့ အကုသိုလ် ပေါင်းစုံကိုမှားယွင်းစွာ လုပ်ဆောင်ကြတယ်။

အနာဂတ်မှာ အောင်မြင်် လိုသူတွေကတော့ ရည်မှန်းချက်တွေကို ကြိုးစားအကောင်အထည်ဖော် ကြတယ်။ ဒါပေမဲ့ ရည်မှန်းချက် ဝေဝါးသူတွေ ကတော့ ကံတရားပဲဆိုပြီး မိမိကိုယ်ကို လိမ်ညာကြတယ်။

ပျော်ရွှင်စရာဘဝများပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း☺️

𝕊𝕒 𝔼𝕙𝕚 𝕐𝕖𝕚 𝕊𝕙𝕒𝕦𝕟𝕘

Address

Yangon

Telephone

+959757608057

Website

Alerts

Be the first to know and let us send you an email when Ehi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share