Enzo

Enzo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Enzo, Mandalay.

2025 ခုနှစ်ကဘဝမှာအရေးပါတဲ့နှစ်တနှစ်ဖြစ်ပါတယ်… အဖိုးမဖြတ်နိုင်တဲ့ မိသားစုဝင်တယောက်ကိုဆုံးရှုံးလိုက်ရတဲ့ ကြီးမားတဲ့ခံစားချ...
24/09/2025

2025 ခုနှစ်ကဘဝမှာအရေးပါတဲ့နှစ်တနှစ်ဖြစ်ပါတယ်… အဖိုးမဖြတ်နိုင်တဲ့ မိသားစုဝင်တယောက်ကိုဆုံးရှုံးလိုက်ရတဲ့ ကြီးမားတဲ့ခံစားချက်တွေရှိခဲ့သလို နုမရှိတော့တဲ့နောက်ပိုင်း ပထမဆုံးဖြတ်သန်းခဲ့ရတဲ့နှစ်တနှစ်ရဲ့အစတခုမှာ နုရဲ့တဘဝလုံးစာအမှတ်တရတွေကိုပြန်ပြောင်းအောက်မေ့သတိရပြီး လွမ်းမောတမ်းတခဲ့ရတဲ့အချိန်ကာလတခုလည်း ဖြစ်ခဲ့ပါတယ်…

01 Jan 2025 နှစ်ဆန်းတရက်နေ့ကို လတ်အတွက် coronary angiogram ရိုက်ဖို့ မင်္ဂလာဆေးရုံကို မနက် 6:30 အရောက် ဝေလီဝေလင်းကြီးမှာသွားခဲ့ရတာနဲ့ ဖွင့်ခဲ့ရတယ်… ဆောင်းတွင်းကြီးဆိုတော့ မနက် 6:30 တောင်မိုးစင်စင်မလင်းသေးပဲ ရောင်နီလာတုန်းပဲရှိသေးတယ်… အရင်နှစ်တွေက ဒီလိုဆောင်းရာသီအာရုံတက်စမှာပေါ်တဲ့ရောင်နီလေးတွေအိမ်အပေါ်ထပ်ကနေကြည့်ပြီး ဓာတ်ပုံရိုက်နေတာ နုတွေ့ရင် အာရုံလေးတွေကြည့်နေတာလားလို့မေးတတ်တယ်… နုဆုံးပြီးမှ မင်္ဂလာဆေးရုံကို 2025 နှစ်ဆန်းတရက်နေ့မှာ ပထမဆုံးအကြိမ်ပြန်ရောက်တော့ 5 Nov 2024 ရက်နေ့တုန်းက နုအတွက် ဒေါက်တာအေးအေးလွင်ဆီလာပြီး သွေးစစ်ထားတဲ့အဖြေလာပြခဲ့ရတဲ့ အချိန်တွေ နုစပြီးဆေးရုံတက်ရတဲ့နေ့ 13 Nov 2024 မှာ Endocrinologist နဲ့နောက်ဆုံးလာပြခဲ့ရတဲ့အချိန်တွေက မှတ်ဥာဏ်ထဲမှာ မနေ့တနေ့ကလိုပဲ ပြန်မြင်လာတယ်…

နုဆုံးပြီးကတည်းက အချိန်တိုင်း နုကိုပဲအမြဲသတိရအောက်မေ့နေပြီး တခြားကိစ္စတွေ အရင်ကစိတ်ဝင်စားခဲ့တဲ့အကြောင်းအရာတွေအပေါ်မှာလည်း စိတ်ဝင်စားတာတွေ သိသိသာသာ လျော့ကျသွားတယ်… အစားထိုးမရတဲ့ ကိုယ့်အတွက်အရမ်းအရေးပါတဲ့ မိသားစုဝင်တယောက်ကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ တခြားဘယ်အရာကမှ အရေးမကြီးတော့ စိတ်ဝင်စားဖို့မကောင်းတော့တာထင်တယ်… နှစ်သစ်ကူး New Year အတွက်လည်း ဘာခံစားချက်မှ မရှိတော့တဲ့အပြင် နှစ်ကူးခါနီး သန်းခေါင်မတိုင်ခင် 5 မိနစ်အလိုလောက်က အလိုလိုနိုးလာတာတောင် အိမ်သာခဏသွားပြီး ပြန်အိပ်နေခဲ့တော့တယ်… 5 Nov 2024 ရက်နေ့က နုဆေးစစ်ထားတာတွေပြဖို့ မင်္ဂလာဆေးရုံမှာ ဒေါက်တာအေးအေးလွင်ကိုစောင့်နေခဲ့ရတဲ့အချိန်မှာ ဘာအကြောင်းပြချက်မှမရှိပဲ စိတ်ထဲမှာအရမ်းဝမ်းနည်းပြီးငိုခြင်နေခဲ့တာ အခုထိမှတ်မိသေးတယ်… နုဆုံးတော့မှာကိုပြတဲ့ နိမိတ်တွေထဲကတခုပဲထင်တယ်…

2024 ဒီလို Jan အချိန်တွေတုန်းကဆို နုဆေးရုံကဆင်းခါစ မမကြွက် 🐭 မန္တလေးကိုခဏရောက်နေတဲ့အချိန် လတ်ကအိမ်မှာ hotpot လုပ်တော့ အိမ်အပေါ်ထပ်မှာ နုရယ်မေမေရယ်နဲ့ hotpot စားနေခဲ့ကြသေးတာတွေပြန်သတိရမိတယ်… အခုတော့ အိမ်အပေါ်ထပ်မှာတယောက်တည်းပဲရှိနေတော့တယ်… နုအိပ်သွားတဲ့ hospital bed ရယ် နုနောက်ဆုံးသုံးသွားတဲ့ oxygen concentrator, oximeter, ထွေးခံ, ရေခွက် စတဲ့အသုံးအဆောင်လေးတွေရယ် အိပ်ယာခင်း, စောင်, ခြင်ထောင်, ခေါင်းအုံး, ယောဂီတဘက်စတာလေးတွေရယ်ကို နုထားနေကျနေရာလေးတွေမှာ နေအထားမပျက်ထားထားပြီး နုရဲ့ hospital bed ကခြင်ထောင်ထောင်တဲ့တိုင်လေးတွေပေါ်မှာ ikea မီးတန်းလေးတွေ ညဆိုထွန်းပြီးပူဇော်ထားသေးတယ်… နုနောက်ဆုံးဝတ်သွားတဲ့ အဝတ်အစားတွေကိုလည်းခေါက်ပြီး နောင်နှစ်ပေါင်းများစွာအထိ နုရဲ့အနံ့လေးတွေရှိနေသေးအောင် ziplock အိတ်ထဲမှာသေချာသိမ်းထားတယ်…

2025 နှစ်ဆန်းတရက်နေ့မှာ တောင်မြို့မှာပြန်ပြီး သီတင်းသုံးနေတဲ့သစ္စာတောင်ဆရာတော်ကိုမေမေတို့သူငယ်ချင်းတွေနဲ့အတူတူ အမေ့လက်ရာထမင်းဆိုင်မှာဆုံကြပြီး နေ့ဆွမ်းနဲ့သင်္ကန်းကပ်လှုပူဇော်ကာ နှစ်ဦးကုသိုလ်ယူခဲ့ကြပါတယ်… သစ္စာတောင်ဆရာတော်ကိုဆွမ်းကပ်ပြီးအပြန်မှာ မေမေရယ် အန်တီသန်းသန်းအေးရယ် အန်တီတင်မြင့်ထွေးတို့ရယ်နဲ့ Waki လျှပ်စစ်အနှိပ်ခုံသွားထိုင်ခဲ့ကြတယ်… Waki ကိုစသွားထိုင်တာ 17 Dec 2024 ကဆိုတော့ 01 Jan 2025 မှာ 2 ပါတ်ပြည့်သွားပြီ… Waki ကတယောက်ကို 2 ပါတ်ပဲ free ပေးထိုင်တာဆိုတော့ ရက်တိုးထပ်ရခြင်ရင် နှိပ်မည့်လူအသစ်တွေခေါ်လာပေးရတယ်… အဲ့ဒါနဲ့ နှစ်ဆန်းတရက်နေ့ဆွမ်းကပ်မှာ မေမေ့သူငယ်ချင်း ဦးလေးတွေ အဒေါ်တွေနဲ့ဆုံတုန်း သူတို့ထဲကနှိပ်ဖို့စိတ်ဝင်စားတဲ့သူတွေကို တခါတည်း Waki ကိုခေါ်လာခဲ့ပြီး လျှပ်စစ်အနှိပ်ခုံနဲ့မိတ်ဆက်ပေးတော့ Waki ကရက်ထပ်တိုးပေးတယ်…

နှစ်ဆန်းတရက်နေ့မှာ Waki ရောက်နေတုန်း ပူစီမ 🐱 ဆီက new year get together လုပ်ဖို့ဖုန်းဝင်လာပြီး မမဖား 🐸 နဲ့ ကိုကိုဝံ 🐻 တို့ဆီတွေ့ဖို့လှမ်းချိတ်ကြည့်တော့ မမဖား 🐸 ကတော့အားတယ် ကိုကိုဝံ 🐻 ကမအားဘူးဆိုတာနဲ့ ပူစီမ 🐱 ရယ် မမဖား 🐸 ရယ်နဲ့နေ့လယ်တွေ့ဖို့ချိန်းလိုက်ကြတယ်… ခဏနေတော့ မနက်တုန်းကလတ်အတွက် angiogram ရိုက်ထားတဲ့အဖြေရပြီဆိုပြီးဖုန်းဝင်လာတော့ ညနေမှာ နှလုံးအထူးကု ဒေါက်တာကျော်စိုးဝင်းနဲ့ပြန်ပြရမှာမို့ ပူစီမ 🐱 တို့ကိုစောတွေ့ရအောင်ခေါ်ပြီး မေမေရယ် လတ်ရယ် မမဖား 🐸 ရယ်ကိုပါတ်ခေါ်ပြီး ပူစီမ 🐱 ချိန်းတဲ့ Toki Toki ဂျပန်စာဆိုင်မှာ နှစ်ကူးအထိမ်းအမှတ်ညနေစာစားပြီး စကားပြောဖြစ်ကြတယ်… ပြီးတော့ Toki Toki ကနေ ပူစီမ 🐱 တို့နဲ့လမ်းခွဲပြီး လတ်ကိုဆေးခန်းပြဖို့ မေမေရယ် လတ်ရယ်နဲ့ sms ဆေးခန်းကိုသွားခဲ့ကြတယ်… Coronary angiogram အဖြေမှာ နှလုံးသွေးကြောကျဉ်းတာက 90 % ဆိုတော့ ဒေါက်တာကျော်စိုးဝင်းက stunt ထည့်ရမယ်ပြောလို့ မန္တလေးဆေးရုံကြီးမှာ 17 Jan 2025 ရက်နေ့ operation လုပ်ဖို့ တခါတည်းရက်ချိန်းယူခဲ့ကြတယ်…

06 Jan 2025 မှာအန်တီတင်မြင့်ထွေးမွေးနေ့ အထိမ်းအမှတ် အဘိဓမ္မာတက္ကသိုလ်မှာ နေ့ဆွမ်းကပ်ခဲ့ကြပြီး အပြန်မှာ တဖွဲ့လုံး Waki ဆက်သွားခဲ့ကြတယ်… 07 Jan 2025 မေမေ့ 70 နှစ်ပြည့်မွေးနေ့မှာ လတ်ရယ် မချောရယ်နဲ့ လာရှိုးခေါက်ဆွဲဆိုင်မှာ မနက်စာစားကြပြီး ဘုရားကြီးမှာ ရွှေသင်္ကန်းနဲ့ပန်းသွားကပ်ခဲ့ကြတယ်… ဘုရားကြီးမှာလာဝတ်ပြုနေတဲ့ ကိုယ်တော်တပါးကိုလည်း သင်္ကန်းနဲ့ ခေါက်ဆွဲဆွမ်းကပ်ခဲ့ကြသေးတယ်… နေ့လယ် Waki ကအပြန်မှာ အန်တီသန်းသန်းအေးနဲ့ အန်တီတင်မြင့်ထွေးကို မစိုးရိမ်ရုပ်ရှင်ရုံဝင်းထဲက pizza maru ဆိုင်မှာ မေမေ့မွေးနေ့အထိမ်းအမှတ် နေ့လယ်စာဝင်ကျွေးခဲ့ကြတယ်… ညနေရောက်တော့ မေမေ့မွေးနေ့မှာ ကိတ်မုန့်မီးမှုတ်ဖို့ La Fika ကမှာထားတဲ့ chocolate log cake ကိုသိပ်စိတ်တိုင်းမကျတာရော ကိတ်မုန့်ကကားထဲမှာထားထားတာကြာပြီး အရည်ပျော်ကုန်တာရောနဲ့ အိမ်အပြန် Lala cafe က tiramisu cake လေးအရေးပေါ်ဝင်ဝယ်ခဲ့ပြီး အိမ်မှာ တွီတွီတို့နဲ့ ဖယောင်းတိုင်မီးမှုတ်ခဲ့ကြတယ်… မေမေ့မွေးနေ့မှာ မိသားစုတွေရယ် မေမေ့သူငယ်ချင်းတွေရယ်နဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပျော်ပျော်ပါးပါးဖြတ်သန်းခဲ့ကြပါတယ်…

10 Jan 2025 မှာဖေနဲ့မေသွေးစစ်တုန်းလိုက်စစ်ပြီး ညနေမှာ ဖေတို့မေတို့နဲ့အတူတူ ဒေါက်တာသိန်းကျော်ပြတော့ uric acid နဲ့ cholesterol တွေများနေလို့ အဆီကျဆေးတွေစသောက်နေရပြီ… အစားအသောက်တွေလည်း အရင်ကထက်ပိုဂရုစိုက်စားနေရပါပြီ… ဝမ်းတွင်းသားတွေ ဆီကြော်တွေအရင်ကအရမ်းစားတာ အခုဆိုအကုန်ရှောင်နေရပြီ… လတ်နှလုံးသွေးကြောချဲ့ဖို့ရက်နီးလာတော့ မမသူတို့ မမထွေးတို့ကသူတို့ရဲ့အသိတယောက် ဒီရက်ပိုင်းထဲမှာပဲ နှလုံးသွေးကြောမှာ stunt ထည့်တာမအောင်မြင်လို့ လတ်ကို ဘန်ကောက်မှာပဲသွားလုပ်ဖို့တိုက်တွန်းကြတယ်… တိုက်တိုက်ဆိုင်ဆိုင် ဦးဘဥာဏ်ကလည်း မေမေ့ဆီဖုန်းဆက်တဲ့အချိန် လတ် stunt ထည့်ရမှာသိသွားပြီး ဒီမှာတချို့ case တွေမအောင်မြင်လို့ ဘန်ကောက်မှာပဲ သွားလုပ်စေခြင်ကြောင်းပြောတော့ နောက်ဆုံးလတ်က ဘန်ကောက်မှာပဲသွားပြတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီး ဆေးရုံကြီးမှာလုပ်ဖို့ရက်ချိန်းကို cancel လုပ်လိုက်တော့တယ်… သူတော်ကောင်းနတ်ကောင်းမတာ ဘန်ကောက်မှာသွားပြတော့ နှလုံးသွေးကြောက 20-30% ပဲကျဉ်းနေပြီး stunt ထည့်ဖို့မလိုကြောင်းပြောပြီး ပြန်လွှတ်လိုက်လို့ လတ်တို့ဘန်ကောက်မှာ ပျော်ပျော်ကြီးလည်ပြီး ပြန်လာခဲ့ကြတယ်…

12 Jan 2025 မှာတွီတွီ့ကိုကျူရှင်လိုက်ပို့ဖို့အိမ်အသွားလမ်းမှာသုံးဘီးကားက ဘေးကနေတည့်တည့်ကြီးဝင်တိုက်လိုက်တာ… ကားလာနေတာမြင်ရဲ့သားနဲ့ အရှိန်မထိမ်းနိုင်တာလား တမင်လုပ်တာလားတော့မသိဘူး… သူ့ကားကဘာမှမဖြစ်ပဲ အိမ်ကကားက ဘေးဘက်ချိုင့်သွားပြီး ရှေ့မီးလုံးအတွင်းထဲကအဖုံးတွေကျိုးကုန်လို့ အကုန်ပြန်လုပ်ရတယ်… 2017/ 2018 လောက်ကလည်း မိန်းမတယောက်မောင်းလာတဲ့ကားက အဲ့လိုပဲဘေးကနေဝင်တိုက်ခံရဖူးတယ်… အဲ့တုန်းကတိုက်တဲ့သူက အသိစိတ်ဓာတ်ရှိတယ်… လျှော်ကြေးငွေကိုဘဏ်ကနေလွှဲပေးပြီး ဖြေရှင်းပေးခဲ့တယ်… ဒီတခါတိုက်တဲ့သူက aggressive ဖြစ်တဲ့ဟိုဟာတွေဆိုတော့ သူတို့နဲ့ဘာမှအစပ်အဆက်မလုပ်တာကောင်းတယ် ဘာစကားမှအတိုအရှည်မပြောတာကောင်းတယ်ဆိုပြီး သူ့ကားနံပါတ်တောင် အရေးတယူလုပ်ပြီးမှတ်မနေတော့ဘူး… တော်ကြာပြဿနာပြန်လာရှာမယ်ပြောလို့မရဘူး သိတဲ့အတိုင်းအဲ့ဟာတွေက… ဘယ်လောက်ထိသွားလဲသိရအောင်သာ ကားပေါ်ကဆင်းကြည့်ပြီး အိမ်ပြန်မောင်းလာခဲ့တယ်…

12 Jan 2025 (ပြာသိုလဆန်း 14) ရက်က မေမေ့ရဲ့ ဗမာရက်ကျတဲ့ မွေးနေ့ 13 Jan 2025 (ပြာသိုလပြည့်နေ့) ဗမာလိုအမေများနေ့အထိမ်းအမှတ်အတွက် မေမေကြိုက်တဲ့ Toki Toki ဂျပန်ဆိုင်မှာ မေမေ မချော တွီတွီတို့နဲ့ ညနေစာသွားစားခဲ့ကြတယ်… တွီတွီက ရေဘဝဲလုံးကြော်အရမ်းကြိုက်တာ… သူကလူကြီးတယောက်စားသလောက်တောင် စားနိုင်နေပြီ… 15 Jan 2025 မှာ အန်တီမြင့်မြင့်စိန်ရဲ့နာရေးရက်လည်ရှိလို့ မေမေရယ် အန်တီသန်းသန်းအေးရယ် အန်တီတင်မြင့်ထွေးရယ်နဲ့ သွားခဲ့ကြတယ်… 16 Jan 2025 မှာနောက်တရက် ဖေဖေ့မွေးနေ့ အိမ်ရှေ့မှာတန်းဆွမ်းလောင်းဖို့ မေမေနဲ့မနော်ရမံပန်းခြံစျေးမှာစျေးဝယ်ထွက်ခဲ့ကြပြီး အဲ့နေ့ညနေမှာ Z မန်းလေးရောက်နေတာနဲ့သူနဲ့ ညနေစာသွားစားခဲ့ကြသေးတယ်… 17 Jan 2025 မှာဖေဖေ့မွေးနေ့အထိမ်းအမှတ် အိမ်ရှေ့မှာတန်းဆွမ်းကြွတဲ့ကိုယ်တော်တွေကို ဖေဖေရယ် မေမေရယ် တွီတွီရယ်တို့နဲ့ ဆွမ်းလောင်းခဲ့ကြပြီး ညမှာ မေမေ့မွေးနေ့တုန်းကအတိုင်း Lala cafe ကနေကိတ်မုန့်လေးမှာပြီး ဖယောင်းတိုင်မီးမှုတ်ခဲ့ကြတယ်… မေမေ့မွေးနေ့ကိတ်က ပန်းရောင်လေး ဖေဖေ့ကိတ်လေးက အပြာနုရောင်လေး… ကိတ်လေးတွေက ချစ်ဖို့ကောင်းတယ်…

19 Jan 2025 မှာမေတို့လတ်တို့ ဘန်ကောက်သွားကတည်းက ဆီကူရောင်းပြီး စာရင်းတွေလုပ်ပေးဖို့ အရှေ့အိမ်မှာပြန်အိပ်ဖြစ်တယ်… နုဆုံးပြီးကတည်းက ဖေဖေတို့မေမေတို့ဆီမှာပြန်အိပ်နေခဲ့တာ… နုအိမ်ပြန်ရောက်ရောက်ချင်းညက စိတ်ထဲမှာတမျိုးကြီးပဲ… တယောက်တည်း အပေါ်ထပ်မှာ အထီးကျန်သလိုခံစားရတယ်… အရှေ့အိမ်မှာက မီးပျက်ရင်မီးစက်နှိုးပေးထားတော့ ညလုံးပေါက် ကျောက်စိမ်း thermal mat ဖျာလေးပေါ်မှာ တညလုံး နွေးနွေးလေးအိပ်ရတယ်လေ… 28 Jan 2025 မှာ ကိုကိုဝံ 🐻 ရဲ့မွေးနေ့အထိမ်းအမှတ် Han river Korean ဆိုင်မှာ မမဖား 🐸 နဲ့ 3 ယောက်ဆုံပြီး စကားတွေပြောဖြစ်ခဲ့ကြတယ်… Dec 2017 တုန်းက သွေးလွန်တုပ်ကွေးဖြစ်ပြီး အင်ကြင်းဖြူမှာ ဆေးရုံတက်ရတော့ Han river ဆိုင်ကဆေးရုံဘေးမှာစဖွင့်ခါစ… အဲ့ကနေကြက်ဥပေါင်းတွေ ဂျင်ဆင်းဆန်ပြုတ်တွေမှာစားဖြစ်တာ… ဆိုင်ကအခုနေရာကိုပြောင်းသွားပြီးမှ ပထမဆုံးရောက်ဖြစ်တဲ့အချိန် အရင်ကဆိုင်မှာသိခဲ့ဖူးတဲ့ ဝန်ထမ်းတွေ ဆိုင်ရှင်အမတွေကိုလည်းတွေ့ပြီး နှုတ်ဆက်ခဲ့သေးတယ်… သူတို့ကလည်း နှစ်တွေအကြာကြီးနေမှပြန်တွေ့တာကို မှတ်မိနေကြသေးတယ်…

04 Feb 2025 ညနေ 5:30 မှာ မင်္ဂလာဆေးရုံက အဖွားဒေါ်ခင်နုကိုဆက်သွယ်လို့ရတဲ့ဖုန်းလားဆိုပြီးတော့ ဖုန်းဝင်လာတယ်… ဆရာမကြီးဒေါက်တာအေးအေးလွင်နဲ့ လွန်ခဲ့တဲ့ 3 လကပြထားတာ ဆရာမကြီးက 3 လပြည့်ရင် သွေးစစ်ထားတဲ့အဖြေရယ် ဓာတ်မှန်ရယ်ရိုက်ပြီး ပြန်ပြဖို့ချိန်းထားလို့ပါလို့ပြောတယ်… နုသက်ရှိထင်ရှားရှိစဉ်က လစဉ်လိုလို ဆေးရုံဆေးခန်းတွေမှာ နုကိုယ်စားသွားပြပေးရတဲ့အချိန်တွေ မှတ်ဉာဏ်ထဲမှာ ဖျတ်ကနဲအစီအရီပေါ်လာပြီး ရင်ထဲမှာဆို့နင့်သွားတယ်… ဒေါ်ခင်နု လွန်ခဲ့တဲ့ 3 လကဆုံးသွားပါပြီလို့ပဲ ဝမ်းနည်းစွာပြန်ပြောလိုက်ရတယ်… လွန်ခဲ့တဲ့ 3 လ 05 Nov 2024 တုန်းက မင်္ဂလာဆေးရုံက ဒေါ်အေးအေးလွင်ဆီမှာ နုကိုယ်စားနောက်ဆုံးသွားပြဖြစ်ခဲ့တာ… အဲ့နေ့က ဒေါ်အေးအေးလွင်ကိုပြဖို့ စောင့်နေတုန်း ဘာအကြောင်းအရင်းမှမရှိပဲ စိတ်ထဲမှာ အရမ်းဝမ်းနည်းပြီး ငိုခြင်နေခဲ့တာ… အခုအချိန်မှာ ပြန်စဉ်းစားကြည့်တော့ အဲ့တုန်းက အကြောင်းအရင်းမရှိပဲ စိတ်ထဲမှာ အရမ်းဝမ်းနည်းနေခဲ့ရတာတွေက မကြာခင်မှာ နုကွယ်လွန်တော့မယ်ဆိုတဲ့ နိမိတ်တွေပြနေတာပဲနေမှာ… အဲ့နောက်ပိုင်း နုအတွက် မင်္ဂလာဆေးရုံကို 13 Nov 2024 ရက်နေ့ညနေက thyroid specialist (Endocrinologist) နဲ့ပြဖို့ပဲ နောက်ဆုံးတခေါက်ထပ်ရောက်ဖြစ်တော့တယ်…

04 Feb 2025 နေ့ညက ရွှေချည်ငွေချည်တန်းပါလို့ဇာတ်ကားကို YouTube ကနေပြန်ကြည့်ဖြစ်တယ်… ချိုချိုတို့ငယ်ငယ် မန္တလေးတက္ကသိုလ် ရွှေမန်းဆောင်မှာ နုနဲ့နေခဲ့တုန်းက TV ကနေ အဲ့ဇာတ်ကားပြတော့ အမေကြီးရယ် နုရယ်နဲ့ ထိုင်ကြည့်ရင်း နုပြောခဲ့တာ သူ့ဘဝကလည်း ရွှေချည်ငွေချည်တန်းပါလို့ ဇာတ်ကားထဲကလိုပဲ ချိုချိုတို့အပေါ်မှာ မွေးကတည်းက သံယောဇဉ်တွေရှိလာခဲ့ကြတာ ချိုချိုတို့ကလည်း နုကိုမွေးကတည်းက အမေအရင်းလိုပဲ သဘောထားခဲ့ကြတာ အပြန်အလှန်ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ပေါ့… နုကစိတ်လိုလက်ရရှိရင် မလေးလက်ခတ်သံသီချင်းလေးနဲ့ ခေါင်းလေးပွတ်ပြီး ချော့သိပ်တယ်… နုမရှိတော့တဲ့နောက်ပိုင်း ရွှေချည်ငွေချည်တန်းပါလို့ ဇာတ်ကားလေးပြန်ကြည့်မိတော့ နုမရှိတော့ဘူးဆိုတဲ့အသိနဲ့ ရင်ထဲမှာပူဆွေးသောကရောက်ရပြန်တယ်… 8 Feb 2025 ဘကြီးမွေးနေ့အကြိုနေ့မှာ ဘကြီးတို့အိမ်က hotpot တအိုးပို့လိုက်တော့ မနှစ် Jan 2024 ကနုနဲ့နောက်ဆုံး hotpot စားခဲ့ရတဲ့အချိန်တွေကို စားရင်းသတိရလိုက်တာ…

Feb လထဲမှာ အလှုတွေ ပွဲလမ်းသဘင်တွေအရမ်းများပြီး အလုပ်ရှုပ်နေခဲ့တယ်… 9 Feb 2025 မှာ ဘကြီးရဲ့ 85 နှစ်ပြည့်မွေးနေ့ အောင်ချမ်းသာဘုန်းကြီးကျောင်းမှာဆွမ်းကပ်ရှိတယ်… ဘကြီးတို့မိသားစုဝင် အကို အမ တူ တူမတွေအားလုံး စုံစုံလင်လင်ပြန်တွေ့ရပြီး ပျော်စရာကောင်းခဲ့ပါတယ်… 13 Feb 2025 မှာအန်တီစုခိုင်ရဲ့သားလေး မင်္ဂလာဆွမ်းကပ်ရှိလို့ ရွှေကျင်ကျောင်းကို မေရယ်လတ်ရယ်နဲ့ အတူတူသွားခဲ့တယ်… Feb လထဲမှာဦးအသိ ကုန်စည်ဒိုင်မိတ်ဆွေတွေရဲ့အလှုပွဲတွေ သူတို့သားသမီးတွေရဲ့မင်္ဂလာဆောင်ပွဲတွေလည်း မကြာခဏဆိုသလို ဦးနဲ့သွားရတယ်… တရုတ်မင်္ဂလာဆောင်တခုဆို 38 x 78 လမ်းထောင့်က ရတနာပုံခန်းမမှာလုပ်လို့ အဲ့နေရာကိုပထမဆုံးအကြိမ်ရောက်ဖူးခဲ့ပါတယ်… လူတော်တော်ဆန့်ပြီး ခမ်းနားတယ်… 17 Feb 2025 မှာအန်တီညွန့်ဝင်းလည်ပင်းခွဲစိတ်ဖို့ မျက်စိနားနှာခေါင်းလည်ချောင်းဆေးရုံကိုရောက်တော့ 2016 တုန်းကနှာခေါင်းထဲကအလုံးကြီးခွဲစိတ်ဖို့ ဆေးရုံကိုနေ့တပိုင်းတက်ခဲ့ရတဲ့အချိန်တွေရယ် ဒေါ်ထိုက်ထိုက်ဆေးရုံတက်လို့ နုနဲ့နှစ်ယောက် အဲ့ဆေးရုံကိုသတင်းသွားမေးခဲ့တဲ့အချိန်တွေရယ် မေမေနားကြားကိရိယာတပ်ဖို့သွားပြခဲ့ရတဲ့အချိန်တွေရယ်ကို ပြန်သတိရမိတယ်…

17 Feb 2025 မနက်ပိုင်း မျက်စိနားနှာခေါင်းလည်ချောင်းဆေးရုံအသွားမှာ အေးမယ်လို့မထင်ပဲအနွေးထည်ဝတ်မသွားခဲ့တာ ဆေးရုံရောက်တော့ ချမ်းပြီးအအေးတွေမိနေရော… နေ့လယ်ရောက်တော့ နွေရာသီလိုမျိုး ပူပြင်းခြောက်သွေ့တဲ့ လက္ခဏာတွေစပေါ်နေပြီ… ဒါပေမယ့် အအေးဓာတ်ကလေးကတော့ နည်းနည်းကျန်နေတုန်းပဲ… ဒါနဲ့ ဒီလိုဆောင်းအကုန်နွေအကူးရောက်တိုင်း အမြဲနားထောင်ဖြစ်တဲ့ Kacey Musgraves ရဲ့ Golden Hour album ကိုပြန်နားထောင်ဖြစ်တယ်… ဆောင်းရဲ့အငွေ့အသက်လေးလည်းကျန်နေသေးတယ် နွေဦးမှာပူပြင်းခြောက်သွေ့ပြီး သစ်ရွက်တွေအရောင်ပြောင်းကြွေကျတဲ့အချိန်ခံစားဖို့ Golden Hour album ထက်ပိုကောင်းတဲ့ ဂီတဖန်တီးမှု မတွေ့သေးဘူး… ဒီဆောင်းက နုမရှိပဲ ပထမဆုံးအထီးကျန်စွာကျော်ဖြတ်ခဲ့ရတဲ့ဆောင်းဖြစ်သလို ဒီနွေကလည်း နုမရှိပဲပထမဆုံးအထီးကျန်စွာကျော်ဖြတ်ရတဲ့နွေဆိုရင်မမှားပါဘူး… Golden Hour album ကိုပြန်နားထောင်ဖြစ်တော့ မနှစ်ဒီလိုအချိန်တွေမှာ Kacey Misgraves ရဲ့ Deeper well album အမြဲနားထောင်ရင်း မနက်ဆိုနုအတွက် physiotherapy လေ့ကျင့်ခန်းလုပ်ပေးရတဲ့အချိန်တွေကို လွမ်းဆွတ်သတိရမိတယ်…

18 Feb 2025 မှာဦးဝင်းဦးနဲ့အန်တီဆွေတို့အိမ်သစ်တက်ပွဲရှိလို့ ဖေဖေမေမေ ဦးနဲ့လတ်တို့နဲ့သွားခဲ့ကြပြီး အပြန်မှာ အန်တီညွန့်ဝင်းအတွက် မျက်စိနားနှာခေါင်းလည်ချောင်းဆေးရုံမှာပြပေးဖို့ မေမေနဲ့လိုက်သွားခဲ့ကြတယ်… ဆေးရုံမှာဆေးစစ်ထားတဲ့အဖြေတွေ X-ray နဲ့ ultrasound ရိုက်ထားတဲ့အဖြေတွေသွားရွေးပြီး ENT specialist ဆရာမကြီးချိန်းတဲ့ ဗထူးကွင်းနားကဆေးခန်းကိုအသွားမှာ တွေ့ရမည့်အချိန်စောနေသေးလို့ နန်းတော်ဆေးရုံရှေ့က Cafe BTC မှာ coconut americano ဝင်သောက်ခဲ့ကြတယ်… မေမေနဲ့ အန်တီညွန့်ဝင်းတို့က အုန်းရည်သောက်ကြတယ်… အန်တီညွန့်ဝင်းပြတဲ့ ENT specialist ကမမသူရဲ့သူငယ်ချင်း မေမေ့ကို ENT ဆေးရုံမှာ နားကြားကိရိယာလေးလက်ဆောင်ခေါ်ပေးတဲ့ ဆရာဝန်မကြီးပဲ… အိမ်အပြန်လမ်းမှာ အန်တီညွန့်ဝင်းအတွက် လက်ကိုင်ဒုတ်ကောက်လေး သက်ဝေစိုးကနေ ဝင်ဝယ်ကြတယ်…

20 Feb 2025 မှာ အန်တီစုခိုင်သားလေးရဲ့ မင်္ဂလာဧည့်ခံပွဲကို မေမေ လတ်နဲ့ဘကြီးတို့နဲ့သွားခဲ့ကြတယ်… သူတို့မင်္ဂလာဧည့်ခံပွဲက မင်္ဂလာမန္တလေးထဲက အရင် Pullman hotel အခု Mingalar Mandalay hotel လို့နာမည်ပြောင်းထားတဲ့ hotel မှာလုပ်တာဆိုတော့ ဝတ်ကောင်းစားလှတွေဝတ်ပြီးသွားခဲ့ကြတာပေါ့… အရင်အဲ့ hotel ထဲကို မဘုတ်ကိုသွားကြိုတုန်းကတခါပဲ hotel lobby ထဲရောက်ဖူးပြီး ဒီမင်္ဂလာဆောင်လာတော့မှ hotel အတွင်းထဲရောက်ဖူးတာ… အန်တီစုခိုင်တို့နဲ့ချိုချိုတို့က ဆွေမျိုးစပ်ကြည့်ရင် မင်းတုန်းမင်းရဲ့ မြစိမ်းအမျိုးတွေဘက်ကဆိုတော့ မိဘတွေချင်းတော်တော်ရင်းနှီးကြတယ်… ဒါပေမယ့် သားသမီးတွေလက်ထပ်ရောက်တော့ သိပ်မရင်းကြတဲ့အပြင် သေချာတောင်မသိကြတော့ပါဘူး… နောက်ပိုင်း မင်္ဂလာဆောင်တွေရောက်ရင် လူတွေဝတ်လာတဲ့ လက်ဝတ်ရတနာတွေလိုက်ကြည့်ပြီး ဘယ်မင်္ဂလာဆောင်မှာတော့ ဘယ်လိုကျောက်တွေဝတ်တယ်ဆိုတာတွေကို judge လုပ်တဲ့မကောင်းတဲ့အကျင့်လေးလည်းရလာခဲ့တယ်…

22 Feb 2025 နေ့မှာအိမ်ကနေ ဆိုင်းဝိုင်းတီးပြီးသီချင်းတွေဆိုနေကြတဲ့အသံတွေ ခြိမ့်ခြိမ့်သဲသဲကြီးကြားလိုက်ရတော့ ထန်းကိုးပင်ဘုရားထဲမှာ ဘုရားပွဲရှိတယ်လို့ထင်နေတာ နောက်တော့မှ အိမ်ရှေ့ကတရုတ်ဘုံကျောင်းထဲက နတ်ကနားပွဲကအသံတွေဖြစ်နေတာ… အိမ်က အန်တီသန်းနုတို့မိသားစုကနတ်ပွဲသွားကြည့်ကြမယ်ဆိုတော့ တခါမှမကြည့်ဖူးတာနဲ့ လိုက်သွားကြည့်ခဲ့တယ်… တရုတ်ဘုံကျောင်းထဲကိုအဆောက်အဦးတွေအကုန်ဆောက်လို့မပြီးခင် 2018 ကတခါပဲရောက်ဖူးတော့ အခုမှသေချာရောက်ဖူးတော့တယ်… နတ်ကတာတွေကလည်း ကြည့်လို့ကောင်းတော့ နောက်တနေ့ 23 Feb 2025 မှာ ပွဲစတဲ့အချိန် မနက် 10 နာရီလောက်ကတည်းကသွားကြည့်လိုက်ကြတာ ဘုံကျောင်းကကျွေးတဲ့ သတ်သတ်လွတ်နေ့လယ်စာစားပြီးမှ အိမ်ခဏပြန်လာခဲ့ကြပြီး ညနေပိတ်ပွဲအမှီလေးတခေါက်သွားထပ်ကြည့်ခဲ့ကြသေးတယ်…

ဆိုင်းဝိုင်းတီးတဲ့ရွာစားဇာနည်ကိုက ငယ်ငယ်လေးပဲရှိသေးတယ်… နတ်ဝင်သည်တွေကလည်း အိမ်တွင်းမင်းမဟာဂီရိ, ကိုးမြို့ရှင်နဲ့ပုလဲရင်, မနှဲလေးကကွက်တွေကို ဝတ်စားတန်ဆာအမျိုးမျိုးတွေနဲ့ ဖိတ်ဖိတ်တောက် ပန်းတွေကလည်းခေါင်းမှာဝေနေအောင်ပန်ပြီးကကြတာ… နတ်ပွဲကတကယ်ကြည့်လို့ကောင်းပါတယ်… နတ်ပွဲကြည့်ပြီး နတ်ပိုးဝင်နေတုန်း စာရေးဆရာမ နုနုရည်(အင်းဝ)ရေးတဲ့ “ပြုံး၍လည်းကန်တော့ခံယူတော်မူပါ ရယ်၍လည်းကန်တော့ခံယူတော်မူပါ” ဝတ္တုဝယ်ပြီးဖတ်ဖြစ်သေးတယ်… ဝတ္တုကလည်း ဆွဲဆောင်မှုရှိပြီး အရမ်းကောင်းပါတယ်… နတ်ပွဲ mood ဝင်နေတော့ နတ်ဝင်သည်တွေရဲ့ Facebook Acc တွေကို အားကြိုးမာန်တက် ခဲရာခက်ဆစ်ရှာပြီး follow လုပ်တဲ့အထိပဲ… စာမှာသာအဲ့လို ကြိုးစားအားထုတ်မှုမျိုးရှိရင် အကုန် A တွေ A+ တွေချည်းရမှာလို့တောင် တွေးမိသေးတယ်…

28 Feb 2025 ရက်နေ့မှာ နုဆုံးတာရက် 100 ပြည့်အထိမ်းအမှတ်အတွက် အိမ်မှာအောင်ချမ်းသာဆရာတော်ကိုပင့်ပြီးဆွမ်းကပ်ဖို့အတွက် ချက်ဖို့ပြုတ်ဖို့လိုတဲ့သားငါးတွေ ပစ္စည်းတွေဝယ်ဖို့ 25/26/27 Feb 2025 ရက်တွေမှာ မေမေရယ် လတ်ရယ် မေစန်းတို့ရယ်နဲ့ မြို့အနှံ့စျေးဝယ်ထွက်ကြတယ်… နွေဦးပေါက်စပူလာပြီဆိုတော့ မြို့ထဲရောက်တုန်း နိုင်လွန်ရေခဲမုန့်ဆိုင်မှာ ဒိန်ချဉ်တို့ဖာလူဒါတို့ဝင်သောက်ကြတယ်… ငယ်ငယ်ကလတ်တို့မြို့ထဲပွဲရုံမှာအလည်လာနေတုန်း တခါတလေညဘက်ဆိုနိုင်လွန်ရေခဲမုန့်ထွက်စားရတဲ့အချိန်လေးတွေကိုပြန်စဉ်းစားဖြစ်ပြီး သတိရမိတယ်… ငယ်ငယ်က မက်မက်စက်စက် စားစရာတွေဆိုလို့ နိုင်လွန်ရေခဲမုန့်တို့ ကုန်းထက်ရေခဲမုန့်တို့ပဲရှိတယ်… တခြားရွေးချယ်စရာသိပ်မရှိခဲ့ဘူး…

28 Feb 2025 မှာနုဆုံးတာ ရက် 100 ပြည့်အထိမ်းအမှတ်အနေနဲ့ အိမ်မှာအောင်ချမ်းသာဆရာတော်ပင့်ပြီးဆွမ်းကပ်ကြတယ်… နုတပည့်ဆရာ ဆရာမတွေ ဆွေမျိုးသားချင်းတွေ ကျန်ရစ်သူမိသားစုဝင်တွေအိမ်မှာဆုံကြပြီးစကားပြောကြ စားဖြစ်သောက်ဖြစ်ကြတယ်… နုအိုကံကောင်းကြောင်း နုရဲ့နောက်ဆုံးအချိန်မှာလည်း ရောဂါဝေဒနာပြင်းပြင်းထန်ထန်မခံစားရပဲ ညင်ညင်သာသာလေးပဲဘဝကူးသွားနိုင်ခဲ့ပြီး ကောင်းရာမွန်ရာကိုရောက်တာသေချာလို့ကုသိုလ်ထူးကြောင်း ဒီလိုကောင်းကျိုးချမ်းသာတွေခံစားခဲ့ရတာတွေကလည်း နုရဲ့မိသားစုဝင်တွေနဲ့တပည့်တွေအပေါ်မှာထားခဲ့တဲ့ ကြီးမားတဲ့စေတနာမေတ္တာတွေကြောင့် သူတို့ကောင်းကျိုးချမ်းသာတွေခံစားနိုင်ပြီး ဘဝတွေကိုပိုပြီးကောင်းမွန်ပြည့်စုံသွားအောင်ပြောင်းလဲပေးခဲ့လို့တန်ပြန်ခံစားရတဲ့အကျိုးကျေးဇူးတွေပဲလို့ အောက်မေ့တမ်းတ ကျေးဇူးတင်တဲ့အနေနဲ့ ပြန်ပြောဖြစ် နုရဲ့ဂုဏ်ဒြပ်တွေကိုချီးမွမ်းဖြစ်ကြတယ်… နုလိုပဲ လူတွေရဲ့ဘဝတွေကိုပိုမိုကောင်းမွန်တဲ့အခြေအနေတွေဆီကိုရောက်ဖို့ ဖန်တီးပေးနိုင်မယ့်သူတယောက်ဖြစ်အောင် ကြိုးစားအားထုတ်နေထိုင်ဖို့ အသိတရားတွေလည်းရလာခဲ့တယ်…

09 Mar 2025 မှာဦးရဲ့အနှစ် 80 ပြည့် ပတ္တမြားရတုမွေးနေ့ဆွမ်းကပ်ရှိလို့ Mar လပထမအပါတ်မှာ နေ့တိုင်းလိုလို မေမေ လတ်တို့နဲ့မြို့ထဲပါတ်ပြီးစျေးဝယ်ထွက်ကြပြန်တယ်… နုကပတ္တမြားရတုမတိုင်ခင်တနှစ်အလိုမှဆုံးသွားခဲ့တော့ အသက် 80 ပြည့်မွေးနေ့မလုပ်ပေးနိုင်ခဲ့လို့ ဝမ်းနည်းရပြန်တယ်… 12 Mar 2025 မှာအနီးစခန်းအိမ်တက်ဆွမ်းကပ်ရှိလို့ မေမြို့ကို အန်တီရီ မမထွေးတို့ကားနဲ့တညအိပ်သွားခဲ့ကြတယ်… နောက်တရက်မှ လတ်တို့နဲ့မန္တလေးပြန်ဆင်းလာခဲ့ကြတယ်… အိမ်နောက်ဖေးကစတော်ဘယ်ရီစိုက်ခင်းထဲမှာ တွီတွီတို့နဲ့အသီးတွေခူးခဲ့ကြတာ ပျော်စရာကောင်းခဲ့ပါတယ်… Mar လလယ်ဆိုပေမယ့် ညနဲ့မနက်ပိုင်းတွေမှာ အရမ်းအေးနေသေးတယ်… အနွေးထည်ပါမသွားတော့ မနက်စာသွားစားတဲ့အချိန် ချမ်းလို့ချည်စောင်ကြီးပါတ်ပြီးသွားခဲ့ရသေးတယ်…

13 Mar 2025 မှာ Z မန္တလေးရောက်နေတယ်ဆိုလို့ဆုံဖြစ်ခဲ့ကြတယ်… Z ကိုလိုက်ပို့ခြင်တာရော ကိုယ်တိုင်လည်း မရောက်ဖူးသေးတဲ့ Church ကျောင်းလေးထဲက revive cafe ကိုခေါ်သွားခဲ့တယ်… ဆိုင်လေးက အေးအေးဆေးဆေးနဲ့ chill လို့ကောင်းတဲ့ နေရာလေးတခုလို့ပြောရမှာပေါ့… 14 Mar 2025 မှာ မိသားစုကန်တော့ပွဲအိမ်မှာလုပ်ခဲ့ကြပြီး ဒီကန်တော့ပွဲက နုဆုံးပြီးမှ ပထမဆုံးလုပ်ရတဲ့ ကန်တော့ပွဲလေးဖြစ်လို့ ဝမ်းနည်းစရာကောင်းနေခဲ့တယ်… 15 Mar 2025 မှာ အန်တီရီစိန်အတွက် ဆရာဝန်ပြ သွေးစစ်တာတွေလုပ်ဖို့ မေမေနဲ့တနေကုန်လိုက်ပို့ခဲ့ကြတယ်… Mar လတတိယအပါတ်ထဲမှာ မေမေရယ် အန်တီညွန့်ဝင်းတို့ရယ်နဲ့မြို့ထဲစျေးဝယ်ထွက်ကြ အန်တီညွန့်ဝင်းသွားခြင်တဲ့နေရာလေးတွေလိုက်ပို့ပေးခဲ့ကြတယ်… 22 Mar 2025 မှာဖေဖေမေမေရယ် ဦးကြီးလေးရယ် အန်တီညွန့်ဝင်းတို့ရယ်နဲ့ မေမြို့နေ့ချင်းပြန်သွားဖြစ်ခဲ့ကြတယ်…

Mar လနောက်ဆုံးအပါတ်မှာ လူမှုရေးကိစ္စတွေ ဘဏ်ကိစ္စတွေနဲ့ နေ့တိုင်းလိုလို အလုပ်ရှုပ်နေခဲ့တယ်… တချို့ရက်တွေမှာ မေမေရယ် လတ်ရယ်နဲ့ မြို့ထဲစျေးဝယ်ထွက်ကြတယ်… 28 Mar 2025 ရက်နေ့ကတော့ ဘဝမှာအမှတ်ရစရာ အဖြစ်အပျက်တွေထဲကတခုလို့ပြောရမှာပေါ့… အဲ့နေ့မနက်ကမေမေနဲ့ Generation 66 မှာမနက်စာစားကြပြီး ကျုံးအရှေ့ဖက်ခြမ်းမှာ လားရှိုးကစာအုပ်ဆိုင်တဆိုင်က စာအုပ်တွေလျှော့စျေးတွေနဲ့ခင်းပြီးချရောင်းနေတာ မေမေကသွားကြည့်ခြင်တယ်ဆိုလို့ သွားခဲ့ကြပြီးအပြန်မှာ 26 x 66 ထောင့်က ကမ္ဘောဇဘဏ်မှာငွေဝင်ထုတ်ခဲ့ကြသေးတယ်… နောက်ဆုံးအိမ်အပြန်လမ်းမှာ Oscar ဆိုင်ခဏဝင်ပြီးတဲ့နောက် မေမေ့ကိုအိမ်ပြန်လိုက်ပို့ပေးပြီး ချိုချိုကနုအိမ်ပြန်လာခဲ့တယ်…

28 Mar 2025 ရက်နေ့နေ့လယ်စာစားပြီး ဦးနဲ့လတ်တို့ဆီ ဘိုးသက်ပြင်းတို့မိသားတစုလုံး ကန်တော့ဖို့ရောက်နေကြတဲ့အချိန် အိမ်အောက်ထပ်မှာ လူတွေများနေတာနဲ့ နုအိမ်အပေါ်ထပ်တက်ပြီး ခဏဝင်အိပ်နေလိုက်တယ်… အဲ့မနက် 00:40 ကြီးမှာရုတ်တရက်နိုးလာပြီး ပြန်အိပ်လို့မရမယ့်အတူတူ မနက် 3:30 နာရီခွဲလောက်ကတည်းကထပြီး တရားထိုင်နေလိုက်တော့ နေ့လယ်ရောက်တဲ့အခါ လူကမလန်းဆန်းတော့ပဲအိပ်ခြင်နေပြီ… အိမ်အပေါ်ထပ်မှာ နာရီဝက်လောက်ခဏအိပ်လိုက်ရတော့ နည်းနည်းခေါင်းကြည်သွားတယ်… 12:30 နှိုးစက်ပေးထားပြီးနိုးနေပေမယ့် အိမ်အောက်မှာ ဧည့်သည်တွေရှိနေသေးတော့ အိပ်ယာထဲမှာပဲ ဖုန်းကြည့်ရင်းဆက်လှဲနေခဲ့လိုက်တယ်… 12:45 - 12:48 လောက်အတွင်းမှာ 7.9 ပြင်းအားလောက်ရှိတဲ့ ငလျင်ကြီးစလှုပ်တာ အနည်းဆုံး တမိနစ်လောက်တော့ ကြာမယ်ထင်တယ်…

ဘဝမှာဒီလောက်ပြင်းအားရှိတဲ့ငလျင်မျိုးတခါမှမကြုံဖူးတော့ အိပ်ယာပေါ်လှဲနေရင်းကနေ အိမ်အောက်ဆင်းပြေးရမလား ကုတင်အောက်ဝင်နေရမလား မဆုံးဖြတ်နိုင်ဖြစ်နေတဲ့အချိန် မျက်နှာကျက်အပြားကြီးတွေတချပ်ပြီးတချပ် မျက်စိရှေ့တင်ပြုတ်ကျလာတော့မှ မကြာခင်အိမ်ကြီးပြိုကျသွားနိုင်တယ် ဘာဖြစ်ဖြစ်အောက်ဆင်းပြေးမှပဲဆိုပြီး ကုတင်ပေါ်ကနေအမြန်ဆင်းပြေးတာ အိမ်အောက်ကိုဘယ်လိုရောက်သွားမှန်းကိုမသိဘူး… အိမ်အောက်ရောက်တဲ့အချိန် ငလျင်လှုပ်တာခဏရပ်သွားပြီး ဆက်တိုက်ဆိုသလိုပဲ နောက်တချီ 6.5 ပြင်းအားလောက်ရှိတဲ့ ဒုတိယငလျင်ကြီးထပ်လှုပ်ပြန်တယ်… အဲ့အချိန်မှာ လူတိုင်း အိမ်အပြင်ဘက်ရောက်နေကြပြီဆိုတော့ လူတွေတော့ အန္တရာယ်ကင်းတယ်ဆိုပြီးတဝက်စိတ်အေးရပေမယ့် အိမ်တွေပြိုကျမလားတွေးပြီး စိတ်ပူနေခဲ့ရသေးတယ်…

ညနေ 4 -5 နာရီလောက်အထိဘယ်သူမှအိမ်ထဲပြန်မဝင်ရဲကြသေးပဲ အိမ်အပြင်ဘက်က နေရိပ်ရှိတဲ့နေရာလေးတွေမှာခိုနေကြရတယ်… နုအိမ်အပေါ်ထပ်တခုပဲ မျက်နှာကျက်ပြားတွေပြုတ်ကျပြီး အပျက်အစီးအနည်းငယ်ရှိပေမယ့် တခြားအိမ်တွေ ဖေဖေမေမေတို့အိမ်တွေအကုန်လုံး ဘာတခုမှကြီးကြီးမားမားအထိအခိုက်အပျက်အစီးမရှိသလောက်ပါပဲ… နုအိမ်မှာအပျက်အစီးတွေရှိတော့ အဲ့ညကဖေဖေမေမေတို့ဆီသွားအိပ်ခဲ့ရတယ်… ငလျင်ကြီးလှုပ်ပြီးကတည်းက ဖုန်းတွေ အင်တာနက်တွေ မီးလိုင်းတွေအကုန်ပျက်ပြီး သီးသန့်ကမ္ဘာလေးထဲမှာရောက်နေတဲ့ခံစားချက်ကြီးနဲ့ညမှာအိပ်ပျော်သွားခဲ့ရတယ်… ရပ်ကွက်ထဲကအိမ်တွေမှာ တော်တော်များများလူတွေက အိမ်ထဲမအိပ်ရဲကြတော့ပဲ ငလျင်လှုပ်ပြီး 2-3 ရက်လောက်အထိ လမ်းပေါ်ထွက်အိပ်နေခဲ့ကြရတယ်…

အကြီးစားငလျင် 2 ခါလှုပ်လိုက်တာက မန္တလေး စစ်ကိုင်းနဲ့ပါတ်ဝန်းကျင်က အိမ်တွေ အနည်းနဲ့အများပျက်စီးပြိုကျကုန်ကြတယ်… တချို့ 3 ထပ်အိမ်တွေမှာ အောက်ဆုံးထပ်ကပြားသွားပြီး မြေပေါ်မှာ 2 ထပ်ပဲကျန်တော့တဲ့အိမ်တွေအများကြီးပဲ… သမိုင်းဝင်အဆောက်အဦးတွေပျက်စီးကုန်တာလည်းအရေအတွက်မနည်းဘူး… ငလျင်လှုပ်ပြီးမန္တလေးက 2-3 ရက်လောက်အထိ မြို့ပျက်ကြီးတခုလိုတိတ်ဆိတ်ခြောက်ကပ်သွားပြီး ခြောက်ခြားစရာကောင်းနေခဲ့တယ်… တချို့သူငယ်ချင်းတွေရဲ့ မိသားစုဝင်တွေအသက်ဆုံးရှုံးသွားခဲ့ကြရတယ်… ငလျင်လှုပ်ပြီး 2-3 ရက်လောက်အထိ အသားမကျသေးပဲ သဘာဝဘေးအန္တရာယ်ခံစားထားခဲ့ရတဲ့ အတွေ့အကြုံကြီးကနေ ပုံမှန်အနေအထားပြန်မရောက်ခဲ့သေးဘူး…

ဒီလိုနဲ့ 2025 ရဲ့ပထမ 3 လမှာ နုကိုအချိန်ပြည့်လွမ်းဆွတ်သတိရနေခဲ့တာ နုမရှိတော့တဲ့အိမ်မှာပြန်ပြီးနေသားကျအောင်နေဖို့ကြိုးစားရင်း ရုတ်တရက်ငလျင်လှုပ်လိုက်တာမှာ တခါပြန်ပြီးနေသားမကျဖြစ်ခဲ့ရတာတွေနဲ့ ဖြတ်သန်းခဲ့ရပါတယ်… ဒီပထမ 3 လမှာ ဖေဖေမေမေတို့မွေးနေ့လေးတွေ မိသားစုကန်တော့ပွဲတွေ နုအိမ်နဲ့ အနီးစခန်းအိမ်မှာဆွမ်းကပ်တာတွေရယ် ဘကြီးမွေးနေ့နဲ့ဦးမွေးနေ့အထိမ်းအမှတ် အောင်ချမ်းသာကျောင်းမှာဆွမ်းကပ်တာတွေစတဲ့ activities လေးတွေက နုမရှိပဲဖြတ်သန်းခဲ့ရတဲ့ နှစ်ဦးပိုင်းတွေအတွက် နည်းနည်းစိတ်သက်သာပေါ့ပါးဖို့နဲ့ နုအတွက် mourning လုပ်နေရတဲ့အချိန်တွေကိုလည်း အတိုင်းအတာတခုအထိ healing လုပ်ပေးနိုင်ခဲ့ပါတယ်…

🫨⛑️❤️‍🩹🎂🪴☕️🏡🏫🎑🎄🎁🪭🍣🍱🌹

2024 ရဲ့ဒုတိယနှစ်ဝက်မှာ မေမြို့ကိုတလတခေါက်တော့အနည်းဆုံးရောက်ဖြစ်ခဲ့တယ်… ဆောက်လက်စ အနီးစခန်းအိမ်အပြီးသတ်ဖို့ ဖေဖေနဲ့မေမေတ...
24/09/2025

2024 ရဲ့ဒုတိယနှစ်ဝက်မှာ မေမြို့ကိုတလတခေါက်တော့အနည်းဆုံးရောက်ဖြစ်ခဲ့တယ်… ဆောက်လက်စ အနီးစခန်းအိမ်အပြီးသတ်ဖို့ ဖေဖေနဲ့မေမေတို့ ဆောက်လက်စအိမ်နားက တည်းခိုခန်းတခုမှာ တလသွားနေပြီး အိမ်ဆောက်တာအပြီးသတ်တဲ့အထိ အနီးကပ်ကြီးကြပ်ပေးခဲ့ကြတယ်… အနီးစခန်းအိမ်ဆောက်ပြီးတဲ့အချိန်မှာ မေမြို့ကိုခါတိုင်းထက်ပိုရောက်ဖြစ်ခဲ့ပြီး ဖေဖေ့ညီ ဦးလေးဦးဟန်ညွန့်ကလည်း အနီးစခန်းအိမ်နဲ့မနီးမဝေးမှာနေတာဆိုတော့ မေမြို့နဲ့ အနီးစခန်းက second home လိုမျိုးလေးခံစားလာရတော့တယ်…

27 Aug 2024 မှာ မေမြို့သစ္စာတောင်ဆရာတော်က ကျောင်းရေစက်ချဖိတ်လို့ ဖေဖေမေမေတို့နဲ့ မေမြို့သွားခဲ့တယ်… ဆွမ်းကပ်တဲ့ကျောင်းအမက ဆရာတော်ရဲ့တပည့်မတယောက်ဆိုတော့ ဆရာတော်ကသူရင်းနှီးတဲ့သူတွေကို အလှုလာဖို့ဖိတ်လို့ ရောက်လာခဲ့ကြတာ… ကျောင်းအမက မသန်မစွမ်းပုဂ္ဂိုလ်ဖြစ်ပြီး သူ့ရဲ့မိဘတွေကလည်းမရှိတော့ဘူးတဲ့… သူဆောက်လှုထားတဲ့ကျောင်းကိုသွားကြည့်ကြပြီး မေမေနဲ့မြို့ထဲထွက်ခဲ့ကြတယ်… ဖေဖေကတော့ ဆရာတော်နဲ့ကျောင်းမှာနေရစ်ခဲ့တယ်…

ဆွမ်းကပ်ကအပြန်မှာ မရောက်ဖူးသေးတဲ့ Carino cafe ကိုမေမေနဲ့သွားခဲ့ကြတယ်… သူ့ဆီက cold brew က rotate လုပ်လို့ရတဲ့ whiskey glass လေးနဲ့တိုက်တာ… ဆိုင်လေးကမှန်ပြတင်းပေါက်အကြီးကြီးနဲ့လှပါတယ်… မေမေ့အတွက်ဒိန်ချဉ်မှာပေးပြီး ချိုလို့မေမေကမသောက်နိုင်လို့ ဒိန်ချဉ်တွေယူသောက်ပေးခဲ့ရသေးတယ်… ဆိုင်ထဲကနေ မှန်ပြတင်းပေါက်အကြီးကြီးရဲ့အပြင်ဘက်ကိုကြည့်ရင် ချယ်ရီပင်လေးတပင်ရှိတော့ ချယ်ရီပွင့်တဲ့ရာသီဆို ဆိုင်ထဲကကြည့်ရင်အရမ်းလှမှာလို့တွေးမိပြီး ချယ်ရီပွင့်တဲ့အချိန် ဒီဆိုင်ကိုထပ်လာဦးမယ်လို့ မှတ်ထားလိုက်မိသေးတယ်… အပြန်မှာ ဖေဖေ့ဖို့ ကိတ်မုန့်လေးတစိတ်ပါဆယ်ဝယ်ခဲ့ကြတယ်…

Carino cafe ကအပြန်မှာ ပန်းတော်ဝင် cafe ကိုဝင်ခဲ့ပြီး မေမေက ဇင်းမယ်လုံချည်တွေကြည့်လာခဲ့တယ်… ပန်းတော်ဝင်ကနေ အပင်လေးတပင်ဝယ်လာခဲ့တယ်… ပန်းတော်ဝင်မှာအဲ့အပင်လေးကိုတွေ့တော့ Jul 2020 ပဲခူးရိုးမတောင်စခန်းကအပြန် tropical အပင်တွေကိုစ crazy ဖြစ်နေတဲ့အချိန်မှာ မေမြို့ရောက်တုန်းဝယ်လာခဲ့တဲ့အပင်လေးဖြစ်နေလို့ ဝယ်လာခဲ့တာ… နောက်ပြီးတော့ ဟိုတလောကမှ ဓာတ်ပုံအဟောင်းတွေပြန်ကြည့်တော့မှ အဲ့အပင်လေးက Nov 2019 မှာ ရန်ကုန်က Rosewood hotel ရောက်ခဲ့တုန်းက hotel lobby ထဲမှာထိုးထားတဲ့ပန်းပင် လေးတွေထဲမှာ အဲ့အပင်လေးလဲပါတာတွေ့တော့ “ဟယ်… ငါကြိုက်တဲ့အပင်လေးပါလား” ဆိုပြီးအံ့ဩသွားခဲ့ရတယ်… ပန်းတော်ဝင်ကနေ အဲ့အပင်လေးဝယ်ပြီး အနီးစခန်းအိမ်ကိုတန်းပြန်လာခဲ့တယ်… သစ္စာတောင်ဆရာတော်ပထမဆုံးအကြိမ်အလည်လာရင်း အိမ်အကြမ်းထည်ပြီးတဲ့အခြေအနေလေးကြည့်မယ်ဆိုလို့ ကြိုရအောင်လာစောင့်နေခဲ့တယ်… ဆရာတော်ပြန်ကြွသွားပြီးမကြာခင်ပဲမန္တလေးပြန်ဆင်းလာခဲ့ကြတယ်…

03 Sep 2024 မှာ သံပန်းသံတခါးတွေနဲ့ တခြားပရိဘောပစ္စည်းတွေသယ်လာတဲ့ကုန်ကားကြီးနဲ့အတူတူ မေမြို့ကိုတခေါက်ထပ်ရောက်ခဲ့ပါတယ်… အနီးစခန်း ဦးဟန်ညွန့်တို့အိမ်နားက ဂေါ်ရခါးဆိုင်မှာ တို့ဖူးနွေးနဲ့ အဖန်ရည်ချည်းပါတဲ့ ဂျင်းလက်ဖက်ရည်ကို မနက်စာအဖြစ် မေမေနဲ့ဝင်စားခဲ့ပြီး ကုန်ကားဆရာကိုထက်မြက်နဲ့အတူတူပါလာတဲ့သူတွေကိုလည်း အဲ့ဂေါ်ရခါးဆိုင်မှာပဲ မနက်စာကျွေးပြီး အိမ်မှာပစ္စည်းတွေချဖို့ရောက်လာခဲ့ကြတယ်… ခဏနေတော့ ပန်းတော်ဝင်မှာ ဇင်းမယ်လုံချည်တွေကြည့်ဖို့ မေမေနဲ့မေမြို့လာခဲ့ကြတယ်… ဇင်းမယ်အထည်တွေဝယ်ပြီး ပန်းတော်ဝင်မှာပဲမေမေနဲ့နေ့လယ်စာစား ကော်ဖီသောက်ခဲ့ကြတယ်… ပြီးတော့ ကန်တော်ကြီးအဝိုင်းနားက green fingers ပျိုးခြံကနေအပင်လေးတွေသွားကြည့်ပြီး မေမေကအနီးစခန်းအိမ်မှာစိုက်ဖို့တချို့အပင်လေးတွေဝယ်လာခဲ့တယ်…

မေမေနဲ့နောက်ကော်ဖီဆိုင်တဆိုင် M2.0 ကိုသွားပြီး cold brew coffee မှာသောက်ခဲ့တယ်… မေမေက ကော်ဖီဆိုင်ဘေးက မုန့်ဆိုင်ကနေမုန့်မှာစားတယ်… ဒီတခေါက်မှာ အချိန်ရနေတော့ မေမြို့ထဲမှာ ဟိုနားဒီနား အချိန်ဖြုန်းနေလိုက်တယ်… ဘာလို့လဲဆိုတော့ မေမြို့ကနေအပြန်မှာ သံပန်းသံတခါးလုပ်တဲ့ကလေးတွေကိုခေါ်ပြီး မန္တလေးကိုဆင်းလာရမှာဆိုတော့ သူတို့အလုပ်လက်စသပ်တဲ့ညနေပိုင်းအထိစောင့်ပြီးမှ အနီးစခန်းကနေပြန်ဆင်းလာခဲ့ရပြီး မန္တလေးဝင်တဲ့အချိန်မှာ ည 7 နာရီလောက်ရှိနေပြီ…

19 Sep 2024 မှာအိမ်ဆောက်နေတဲ့ အခြေအနေကြည့်ဖို့ မေမြို့နဲ့ အနီးစခန်းကိုနောက်တခေါက်ရောက်ခဲ့ပါတယ်… ဒီတခါမှာတော့ အလုပ်တွေမပါပဲ အလည်သွားရုံသက်သက်ပဲဆိုတော့ ပေါ့ပေါ့ပါးပါးလေးပဲ… ဒီတခါရောက်တော့ အိမ်ကအတွင်းပိုင်းဆေးစသုတ်နေပြီ… ဖေဖေက မန္တလေးအိမ်ကယူလာတဲ့ သူ့ထမင်းချိုင့်လေးနဲ့သူအနီးစခန်းအိမ်မှာ အလုပ်ကြီးကြပ်ဖို့နေခဲ့ပြီး ချိုချိုနဲ့မေမေက နေ့လယ်စာစား ကော်ဖီဆိုင်ထိုင်ဖို့ မေမြို့ကိုဆက်လာခဲ့ကြတယ်… ဒီတခါလည်း ဘာစားရမလဲမသိတာနဲ့ ထုံးစံအတိုင်းစားနေကျ Lucky 7 ပဲရောက်သွားကြတော့တယ်…

နေ့လယ်စာစားပြီး တခါမှမထိုင်ဖူးသေးတဲ့ မေမြို့အဝင်စနာရီစင်နားက Silver oak by MayMyo fresh ဆိုင်ကိုဝင်ပြီး မေမေ့အတွက် ပင်မှည့်သီးဖျော်ရည် ချိုချိုက cold brew coffee မြည်းကြည့်ခဲ့တယ်… သူ့ဆိုင်က cold brew ထည့်တိုက်တဲ့ဖန်ပုလင်းနဲ့ခွက်လေးကလည်းတမျိုးလေးဆန်းပြီး တခြားဆိုင်တွေမှာ မတွေ့ရတဲ့ သံပုရာသီးစိတ်လေးနဲ့တွဲပေးတယ်… အရသာကောင်းပါတယ်… မေမေကလည်း ထူးထူးခြားခြား အဲ့ဆိုင်ကပင်မှည့်ဖျော်ရည် အရမ်းကြိုက်သွားတယ်… ဗိုက်တင်းပြီးသကာလ အနီးစခန်းအိမ်ပြန်လာပြီး မေမေထည့်ယူလာတဲ့ လက်ဖက်သုတ်လေးထုတ်စားတာ အရမ်းကောင်းနေရော… ခဏနေတော့ မန္တလေးပြန်ဆင်းလာခဲ့ကြတယ်… အိမ်ဆောက်နေတဲ့ဆီ ဒီတခါရောက်ပြီး ဖေဖေနဲ့မေမေက အိမ်ဆောက်နေတာဒီအတိုင်းလွှတ်ထားလို့တော့မဖြစ်တော့ဘူး… သူတို့နေ့တိုင်းလာပြီး အနီးကပ်ကြီးကြပ်ပေးမှရတော့မယ်ဆိုပြီး အိမ်နားက ရှမ်းရိုးမဆိုတဲ့တည်းခိုခန်းလေးမှာ အောက်တိုဘာလကုန်အထိတလလာနေပြီး အလုပ်တွေဖိဖိစီးစီးခိုင်းလိုက်တော့မှ အိမ်ဆောက်တာပြီးသွားတော့တယ်…

10 Oct 2024 မှာတိုးတိုးမွေးနေ့အထိမ်းအမှတ် အောင်ချမ်းသာကျောင်းမှာဆွမ်းကပ်ရှိလို့ ဖေဖေနဲ့မေမေ မေမြို့ကနေခဏဆင်းလာခဲ့ကြတယ်… 15 Oct 2024 ရက်နေ့မှာ သီတင်းကျွတ်ကျောင်းပိတ်ရက်ရှိလို့ တွီတွီနဲ့သူ့သူငယ်ချင်းမလေးတယောက်ကို မေမြို့ကန်တော်ကြီးထဲအလည်ပို့ခဲ့ကြတယ်… နောက်တရက် 16 Oct 2024 ရက်နေ့မှာ မိသားစုကန်တော့ပွဲ မန္တလေးအိမ်မှာလုပ်မှာဆိုတော့ 15 Oct 2024 ရက်နေ့မေမြို့အလည်သွားရင်းအပြန်မှာ မေမေပြန်လိုက်လာခဲ့တယ်… 28 Oct 2024 မှာနုဆေးရုံတက်ရတော့မယ့်အခြေအနေဖြစ်လာလို့ မေမေက မေမြို့ကနေ EV လိုင်းကားနဲ့ဆင်းလာခဲ့တယ်… ဒါပေမယ့် အဲ့နေ့ကနုဆေးရုံမတက်ခဲ့လိုက်ရဘူး…

15 Oct 2024 ရက်နေ့မေမြို့သွားလည်တဲ့နေ့က မနက်စာကို ရွှေနှင်းဆီမှာ တို့ဖူးနွေးနဲ့ဝက်သားချဉ်စားတယ်… မနက်စာစားပြီး မေမြို့ရောက်တုန်း KBZ bank ကနေပိုက်ဆံထုတ်မယ်ဆိုပြီး မြို့လယ်ဘဏ်မှာဝင်ထုတ်တာ တနာရီခွဲကြာတယ်… ဘဏ်ကြီးကအကြီးကြီး ဝန်ထမ်းတွေလည်းအများကြီးရှိတာကို လူများပြီး ပွဲမစည်ဘူး… ဘဏ်ကိစ္စပြီးတော့ ကန်တော်ကြီးထဲဝင်လည်ကြတယ်… ကန်တော်ကြီးထဲက Bamboo cafe မှာ coffee သောက်မယ်ဟဲ့လို့စိတ်ကူးထားတာ ရိုးရိုးနှပ်ကော်ဖီပဲရလို့ နှပ်ကော်ဖီပဲသောက်ခဲ့ရတယ်… အဲ့နှပ်ကော်ဖီကလည်း တော်တော်ကိုမကောင်းတာပါ… ဆိုင်လေးလှသလောက် အစားအသောက်အရမ်းညံ့တယ်… အဲ့ဒါနဲ့ ကန်တော်ကြီးထဲကပြန်ထွက်လာတော့မှ နေ့လယ်စာကို Universal စားသောက်ဆိုင်မှာဝင်စားတုန်း cafe MayMyo ကနေ sunkist-presso ပါဆယ်သွားဆွဲခဲ့ရတော့တယ်… လည်လို့လည်းပြီး ဗိုက်လည်းဝသွားပြီဆိုတော့ အနီးစခန်းအိမ်မှာ ဖေဖေ့ကိုဝင်နှုတ်ဆက်ပြီး မန္တလေးပြန်ဆင်းခဲ့ကြတယ်…

29 Nov 2024 နုဆုံးပြီး 10 ရက်လောက်နေတော့ စိတ်ပြေလက်ပျောက်ဖြစ်အောင်ရော ဖေဖေဖနဲ့မေမေက အနီးစခန်းအိမ်လေးဆောက်ပြီးတာကို ဦးနဲ့လတ်တို့ကိုပြခြင်တာရောနဲ့ မေမြို့ကိုနေ့ချင်းပြန်တခေါက်လာခဲ့ကြတယ်… ဒီတခေါက်မှာလည်း ဖေဖေကသူ့ထမင်းချိုင့်နဲ့သူ အနီးစခန်းအိမ်မှာနေခဲ့ပြီး ချိုချိုက မေမေ လတ်နဲ့ဦးတို့ကို မေမြို့က Universal စားသောက်ဆိုင်မှာနေ့လယ်စာလိုက်ကျွေးခဲ့တယ်… အရင် 15 Oct 2024 လာတုန်းကလိုပဲ cafe MayMyo ကနေ ထမင်းစားရင်းသောက်ဖို့ ကော်ဖီပါဆယ်သွားဆွဲခဲ့တယ်… ဒီတခါ အားလုံးပူဆွေးသောကရောက်နေချိန်ဆိုတော့ တခြားဘယ်မှအပျော်အပါးအလည်အပါတ်တွေသွားဖို့လည်း စိတ်ကူးမရှိကြပဲ မေမြို့ကိုနေ့လည်စာသွားဖို့ပဲသွားခဲ့ပြီး အနီးစခန်းအိမ်မှာပဲအချိန်များများနေခဲ့ပြီး မန္တလေးပြန်ဆင်းလာခဲ့ကြတော့တယ်…

29 Dec 2024 တွီတွီ့မွေးနေ့မှာ 2024 ခုနှစ်အတွက် နောက်ဆုံးအကြိမ် မေမြို့ကိုရောက်ဖြစ်ခဲ့တယ်… ဒီအခေါက်မှာ တွီတွီ့ 10 နှစ်ပြည့်မွေးနေ့လည်းဖြစ် ထူးဆန်းတဲ့အဖြစ်အပျက်လေးတွေလည်းကြုံတွေ့ခဲ့ရလို့ ထူးခြားတဲ့ခရီးစဉ်လေးအဖြစ်နဲ့ 2024 ကိုကုန်ဆုံးဖြတ်သန်းခဲ့ပါတယ်… တွီတွီ့မွေးနေ့မှာ သူ့ရဲ့တခြားသူငယ်ချင်း 3-4 ယောက်ရဲ့မိသားစုဝင်တွေလည်းပါတော့ လူအယောက် အစိတ် 30 လောက်ရှိမယ်ထင်တယ်… ချိုချိုတို့က မေမေ မချောနဲ့ တွီတွီ 4 ယောက်… အဲ့နေ့က တနင်္ဂနွေနေ့လည်းဖြစ် နတ်တော်လပြည့်နေ့လည်းဖြစ် နောက်တရက် 30 Dec 2024 က ကရင်နှစ်သစ်ကူးနဲ့ပိတ်ရက်ရှည်လည်းဖြစ် မေမြို့ကန်တော်ကြီးထဲမှာ ပန်းပွဲတော်လုပ်နေတဲ့အချိန်လည်းဖြစ်နေတော့ ကန်တော်ကြီးထဲမှာ လူတွေခြေချစရာနေရာကိုမရှိဘူး…

တွီတွီတို့သူငယ်ချင်းမိသားစုတွေနဲ့ကလည်း ကန်တော်ကြီးထဲမှာမွေးနေ့ပွဲလုပ်ကြမယ်စီစဉ်ထားပြီးပြီဆိုတော့ ကန်တော်ကြီးထဲကို တခြားလူနည်းတဲ့အပေါက်ကနေဝင်ဖို့တန်းစီတာတောင် ဝင်းထဲရောက်ဖို့ကို ကားတွေတနာရီလောက်တန်းစီခဲ့ရတယ်… မချောနဲ့တွီတွီတို့ကတခြားကားနဲ့လိုက်သွားပြီး ကန်တော်ကြီးထဲအရင်ဝင်နှင့်ပြီး ချိုချိုနဲ့မေမေက နာရီစင်နားက ပန်းသေးဆိုင်ကနေ ဒံပေါက်ပါဆယ် အထုတ် အစိတ် 30 လောက်ဝင်မှာထားခဲ့ပြီး Fudo bakery ကနေတွီတွီ့အတွက်မွေးနေ့ကိတ်သွားဝယ်ခဲ့ကြတယ်… ပြီးတော့ ပန်းသေးဆိုင်ပြန်လာပြီး ဒံပေါက်အထုတ်တွေလာယူဖို့စောင့်နေတုန်း ဆိုင်ထဲမှာချိတ်ထားတဲ့ အစ္စလာမ်ဘာသာရေး ပြက္ကဒိန်တခုကိုစိတ်ဝင်စားလို့လှန်ကြည့်နေခဲ့တယ်… ပြက္ကဒိန်စာမျက်နှာတခုပေါ်မှာ အနှစ်တထောင်ကျော်လောက်ကရေးထားတဲ့ ဘာသာရေးစာပေလွှာလေးတခုကို Arabic မဖတ်တတ်ပေမယ့် သေချာစိုက်ကြည့်နေခဲ့တာ…

မေမြို့ကန်တော်ကြီးထဲကိုဝင်ဖို့ ကားတန်းရှည်ကြီးထဲမှာ စိတ်ရှည်လက်ရှည်တန်းစီပြီးသကာလ ဝင်းထဲရောက်တဲ့အခါမှာ ဒံပေါက်အထုတ် 30 ကိုဆွဲပြီး ပန်းခြံအလယ်ခေါင်အထိဆက်လျှောက်ခဲ့ရပြန်တယ်… ချယ်ရီပင်တန်းတွေရှိတဲ့ ရေစပ်ကသစ်ပင်ကြီးတပင်အောက်မှာ နေရာရပြီးဖျာခင်းထိုင်နေကြတဲ့နေရာကိုအရောက် အထုတ်တွေလည်းချပြီးရော သစ်ပင်အောက်မှာမတ်တပ်ရပ်နေရင်း အရမ်းကိုသိသာထင်ရှားတဲ့အနံ့တခုရလိုက်တယ်… အဲ့အနံ့က နုမဆုံးခင် 3 ရက်အလိုလောက်က ဆေးရုံမှာ ဝမ်းတွေဆက်တိုက်သွားနေတုန်းကရခဲ့တဲ့အနံ့… အဲ့အနံ့ကိုအခုထက်ထိမမေ့ဘူး… အဲ့အနံ့စွဲနေတဲ့နုရဲ့ လုံချည်အင်္ကျီတွေကိုတောင် နှစ်တွေကြာရင်အဲ့အနံ့ပျောက်သွားမှာစိုးလို့ zip lock plastic အိတ်ထဲမှာ အခုထက်ထိသိမ်းထားတုန်းပဲ… ကန်တော်ကြီးထဲက သစ်ပင်ကြီးအောက်မှာရပ်နေတုန်း အဲ့အနံ့သိသိသာသာကိုရလိုက်တော့ ရုတ်တရက်စိတ်ပူသွားတယ်… နုများကောင်းရာမွန်ရာမရောက်လို့ အနံ့တွေပေးတာလားဆိုပြီး…

ဒါပေမယ့် နောက်အတွေးတခုချက်ချင်းဝင်လာလိုက်တယ်… တကယ်လို့နုကအနံ့ပေးတယ်ဆိုရင် မန္တလေးအိမ်မှာပေးမှာပေါ့… အခုအနံ့ပေးတာက မေမြို့ကန်တော်ကြီးထဲမှာဆိုတော့ သစ်ပင်စောင့်တဲ့ ရုက္ခစိုးတို့ ပါတ်ဝန်းကျင်မှာရှိတဲ့ အစောင့်အရှောက်တွေက အမျှလိုခြင်လို့များ သိသာထင်ရှားတဲ့ အနံ့ပေးတာလားမသိဘူးလို့ဆိုပြီး အနံ့ရရပြီးချင်း တမိနစ်အတွင်းမှာ အဲ့အတွေးတွေဝင်လာခဲ့တယ်… အဲ့မှာချက်ချင်းပဲ ဘုရားဂုဏ်တော်တွေရွတ်ပြီးအမျှဝေလိုက်ပါတယ်… အဲ့အနံ့က နုဆုံးခါနီးမှာရတဲ့အနံ့အတိုင်းပါဆိုတကယ်… သက်သက်ဇာတ်လမ်းဆင်ပြီးပြောတာမဟုတ်ဘူး cross my heart… အနံ့ပုစ္ဆာ mystery ကိုအဲ့နေ့ညကမက်တဲ့အိပ်မက်ထဲမှာ အဖြေရခဲ့တယ်… အဲ့နေ့ည သန်းခေါင်ကျော်ကျော်လောက်မှာကြောက်လန့်တကြားအိပ်မက်ကနေနိုးလာပြီး စောစောကမက်ခဲ့တဲ့အိပ်မက်ကိုထင်ထင်ရှားရှားမှတ်မိနေခဲ့တယ်…

အခုထိလည်း ပြန်စဉ်းစားရင် အဲ့အိပ်မက်ကို အသေးစိတ်အတိအကျမှတ်မိနေတုန်းပဲ… အိပ်မက်ထဲမှာ နေ့လယ်က ပန်းသေးဆိုင်မှာစိုက်ကြည့်နေခဲ့တဲ့ နှစ်တထောင်ကျော်က Arabic နဲ့ရေးထားတဲ့ အစ္စလာမ်ဘာသာရေးဆိုင်ရာ စာပေလွှာအတိုင်းချွတ်စွတ်ပေါ်လာပြီး အိပ်မက်ထဲမှာအဲ့ပေလွှာလေးက စားပွဲပေါ်မှာတင်ထားတာ… အဲ့ပေလွှာကိုငုံ့ကြည့်နေတုန်း ခေါင်းပေါ်က ကြီးမားတဲ့အား force တခုက ချိုချို့ရဲ့ခေါင်းကို ပေလွှာပေါ်ဖိချလိုက်ပြီး မျက်နှာနဲ့ပေလွှာကိုဖိရင်းပွတ်ရင်းလုပ်ရင်း “နင်နေ့လယ်ကကြည့်နေတာဒါမဟုတ်လား” ဆိုပြီး စိတ်ဆိုးဒေါသထွက်တဲ့ ကြောက်စရာအသံကြီးနဲ့ပြောတယ်… အဲ့အချိန်မှာ အိပ်မက်ကနေနိုးလာပြီး အိပ်မက်ထဲမှာ force ကြီးတခုက မျက်နှာကိုပေလွှာပေါ်ဖိချပြီးပွတ်နေတဲ့ အနေအထားအတိုင်း အိပ်ယာပေါ်မှာ မျက်နှာမှောက်လျှက်ကြီးဖြစ်နေပြီးနိုးလာတာ… အဲ့မှာ ချက်ချင်းဆိုသလို နေ့လယ်က ကန်တော်ကြီးထဲမှာအနံ့ခဲ့တာတွေ ပန်းသေးဆိုင်မှာ ပြက္ကဒိန်ကြည့်နေတာတွေအကုန်လုံးဆက်စပ်မိသွားပြီး ဪဒါကြောင့် အစောင့်အရှောက်ပုဂ္ဂိုလ်တွေက message တခုခုပေးခြင်လို့ communicate လုပ်တာနေမှာလို့ သဘောပေါက်နားလည်သွားခဲ့ရတယ်… အဲ့မှာ ညသန်းခေါင်ကြီးနိုးလာပြီး ကြောက်လို့တော်တော်နဲ့ပြန်အိပ်မပျော်တော့ဘူး…

မေမြို့ကန်တော်ကြီးထဲမှာ အနံ့ရခဲ့တဲ့ကိစ္စက တကယ့်ထူးဆန်းတဲ့အဖြစ်အပျက်ဖြစ်သလို ကြက်သီးထစရာလည်းကောင်းတယ်… ဒီလိုနဲ့ ဒံပေါက်စားပြီး ကန်တော်ကြီးထဲမေမေနဲ့ ပန်းပွဲတော်အပြင်အဆင်တွေလျှောက်ကြည့်ကြတယ်… တွီတွီတို့ကတော့ သူ့သူငယ်ချင်းတွေနဲ့ အပင်ကြီးအောက်မှာ ကစားနေရစ်ခဲ့ကြတယ်… ပန်းပွဲတော်ကလည်း သူ့အတိုင်းအတာနဲ့သူ အကောင်းဆုံးတော့ပြင်ဆင်ထားပေမယ့် ကိုယ့် taste မဟုတ်တော့ ဘယ်နေရာမှ စိတ်ဝင်စားဖို့မကောင်းခဲ့ဘူး… ဒါပေမယ့် ထူးထူးခြားခြား ပန်းပွဲတော်အပြင်အဆင်တွေနဲ့ဝေးရာ Ginkgo အပင်ကြီးရှိတဲ့နေရာရောက်တော့ တခါမှမတွေ့ဖူးတဲ့ ဆောင်းဦးမှာအရောင်ပြောင်းတဲ့ရွက်ဝါတွေတဖြုတ်ဖြုတ်ကြွေကျနေတဲ့ Ginkgo ပင်ကြီးကိုတွေ့လိုက်ရတယ်… Dec လကုန်ဆောင်းလယ်လိုအချိန်မျိုးမှာ ကန်တော်ကြီးထဲတခါမှမရောက်ဖူးတော့ Ginkgo ပင်ကြီးရဲ့ autumn foliage ကိုပထမဆုံးမြင်ဖူးလိုက်တာ… ရင်သပ်ရှုမောစရာကောင်းလောက်အောင်လှပါတယ်… ယပ်တောင်ပုံရှိတဲ့ Ginkgo ရွက်ဝါလေးတွေကို ငယ်ငယ်ကတည်းက အရမ်းကြိုက်တာ… အခုထပ်မြင်ရတော့ အရမ်းပျော်သွားခဲ့တယ်…

မေမေနဲ့ရေကန်ကြီးတပါတ်လမ်းလျှောက်လာခဲ့ပြီး တွီတွီတို့ရှိတဲ့နေရာပြန်ရောက်တော့ မွေးနေ့ကိတ်စခွဲပြီးစားကြတယ်… အဲ့နောက်ခဏနေပြီး ပြန်ထွက်လာခဲ့ကြတယ်… ကန်တော်ကြီးကအပြန်လမ်းမှာ တွေ့ဖူးနေပြီး မရောက်ဖူးသေးတဲ့ Pine tree coffee house လေးဝင်ပြီး မေမေ့အတွက် အသီးဖျော်ရည် စာရေးသူက honey-lime-espresso ပါဆယ်ဝယ်ပြီး ဓာတ်ပုံတွေတဝကြီးရိုက်ခဲ့သေးတယ်… ဆိုင်လေးကဝင်းအကျယ်ကြီးထဲမှာ ဘိုအိမ်ပုံစံ သစ်သားအိမ်သေးသေးချစ်စရာလေး… Coffee ကလည်းမဆိုးပါဘူး… ဝန်ထမ်းသိပ်မများတော့ စောင့်တော့စောင့်ရတယ်… ဒါပေမယ့် လူရှင်းပြီး အေးအေးဆေးဆေးလွတ်လွတ်လပ်လပ်ဓာတ်ပုံရိုက်ဖို့ အခွင့်အရေးအကြာကြီးရခဲ့ပါတယ်… မေမေက ရေတဗူးဝယ်ပြီး နေ့လယ်ဆေးသောက်ခဲ့တယ်… ပြီးတော့ မန္တလေးပြန်ဆင်းလာခဲ့ပါတယ်… ဒီလိုနဲ့ 2024 အတွက်နောက်ဆုံးမေမြို့ခရီးစဉ်လေးဒီိမှာအဆုံးသတ်သွားခဲ့ပါတယ်…

🥃☕️🏡🍃🍂🍁🌳🪾🍊🎐🖼️🪟🎏🧘🏽‍♂️☁️

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Enzo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share